Wednesday, May 14, 2014

ရာဇာမင်းကားတိမ်းမှောက်မှုတွင် သေဆုံးသူများအတွက် အသက်အာမခံလျော်ကြေး အမြန်ဆုံးထုတ်ပေးမည် ဟုဆို

ပုံစာ- ခရီးသည် ၁၄ ဦးသေဆုံးခဲ့သည့် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့သည့် ရာဇာမင်းမော်တော်ကားအား သယ်ယူလာစဉ်။ (ဓာတ်ပုံ- ဝင်းကိုကိုလတ်)

 နေပြည်တော်မဇ္ဈိမ။ ။ နေပြည်တော်-ရန်ကုန် အမြန်လမ်းပိုင်း မိုင်တိုင်အမှတ် ၁၉၇/၆ တွင် ရာဇာမင်းကားတိမ်းမှောက်ခဲ့ရာ အသက် သေဆုံးသူများအတွက် အသက်အာမခံလျော်ကြေးကို
ရက်ပိုင်းအတွင်းထုတ်ပေးသွားမည်ဟု အဝေးပြေး မော်တော်ယာဉ်ထိန်းသိမ်းရေး၊ နေပြည်တော်ရုံးမှ လက်ထောက်ဌာနမှူး ဦးစိုးကြီးက မဇ္ဈိမကို ပြောသည်။
ရာဇာမင်းမှန်လုံယာဉ်သည် မေလ ၁၂ရက် ညနေ ၆နာရီ ၄၅မိနစ်တွင် တိန်းမှောက်ခဲ့ပြီး ၁၃ဦးသေဆုံးကာ ၂၉ဦး ဒဏ်ရာရရှိခဲ့သည်။

“ ရာဇာမင်း ယာဉ်အန္တာရယ်မှာ အသက်ဆုံးရှုံးခဲ့တဲ့ သူတစ်ဦးကို အသက်အာမခံလျော်ကြေး ၄၅သိန်း (လေးဆယ့်ငါးသိန်းကျပ်) လျော်ပေးသွားမှာပါ၊ သေဆုံးခဲ့တဲ့ ၁၄ ဦးထဲမှာ တစ်ယောက်က ဘယ်သူမှ လာရောက် ဆက်သွယ်တာမရှိသေးတဲ့ အတွက် အခုတော့ လျော်ကြေးမထုတ်ပေးရသေးဘူး၊ အဲ့ဒီအပြင် ဒဏ်ရာရတဲ့ သူတွေကိုလည်း ဒဏ်ရာပေါ်မူတည်ပြီး လျော်ကြေးပေးပါမယ်” ဟု မဇ္ဈိမကို ပြောသည်။

ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်တွင် မိုးသည်းထန်စွာရွာသွန်းနေချိန် ရာဇာမင်းကားသည် ကားကျော်တက်ရာ နောက်ဘီးမှာ လမ်းဘေးမြေကြီးပေါ်ကျရောက်သွားကာ လမ်းချော်ပြီး တောင်တွင်းကြီးရထားလမ်းတံတား
လက်ရမ်းနှင့်တိုက်မိပြီး တံတားအောက်ထိုးကျသွားခဲ့သည်ဟု သိရသည်။

“နေပြည်တော်-ရန်ကုန်လမ်းအပိုင်းမှာဖြစ်တဲ့ ယာဉ်တိမ်းမှောက်မှုတွေထဲမှာ ဒီတစ်ခါအဆိုးဆုံးပဲဗျာ၊ အကူယာဉ်မောင်းက ကားမှန်ခွဲပြီး လူတွေဆွဲထုတ်ခဲ့လို့နောက်ထပ် ဆယ်ရောက်လောက် အသက်မဆုံးရှုံးခဲ့တာ” ဟု လက်ထောက်ဌာနမှူးက မဇ္ဈိမ ကိုဖြေကြားခဲ့သည်။

ထို့အပြင် အမြန်လမ်းနှင့် ပတ်သက်၍ မ.ထ.သ(အဝေးပြေး) လက်ထောက်ဌာနမှူးက “ နိုင်ငံတကာမှာတော့ အမြန်လမ်းလို့ပြောရင် အနည်းဆုံး လမ်းသုံးလမ်း အထက်ရှိတယ်၊ အခုဒီကအမြန်လမ်းက
နှစ်လမ်းသွားဆို တော့နိုင်ငံတကာအဆင့်မီမဖြစ်နိုင်သလို ကားတစ်စီးနဲ့တစ်စီးကျော်တက်တဲ့အခါမှာ လမ်းကကျဉ်းနေတော့ အန္တာရယ် အရမ်းများတယ်” ဟု အကြံပြုပြောကြားခဲ့သည်။

 အောင်သူရထွန်း
Mizzima - News in Burmese



No comments:

Post a Comment