Tuesday, May 13, 2014

“ကျနော်တို့မျှော်လင့်နေခဲ့တဲ့ရခိုင်အမျိုးသားနေ့”


“ရခိုင်လူမျိုးတွေအတွက် ကျက်သရေမင်္ဂလာဖြင့်ခညောင်းသောနေ့၊လိုလားတောင်းတနေတဲ့နေ့ထူးနေ့မြတ်”
ကျနော် ၀မ်းသာပီတိဖြစ်နေတယ်။ ခလေးတစ်ယောက်လိုအော်ဟစ်ခုန်ပေါက်ချင်လောက်အောင် ပျော်နေ တယ်။ သည်းလှိုက်အူလှိုက်ပျော်ရွှင်နေမိတယ်။ ရခိုင်အမျိုးသားနေ့ပေါ်ပေါက်အောင် ဆောင်ရွက်လိုက် ကြတဲ့ ရခိုင်ခေါင်ဆောင်တွေအားလုံးကိုလည်း အထူးကျေးဇူတင်နေမိတယ်။

       ရခိုင်အမျိုးသားနေ့အဖြစ် သတ်မှတ်ကြဖို့ လွန်ခဲ့တဲ့ ၉နှစ်လောက်က အိန္ဒိယဘက်မှာအခြေစိုက် ရခိုင်အဖွဲ့အစည်းတွေက နိုင်ငံတကာရောက်ရခိုင်အဖွဲ့အစည်းတွေနဲ့ ထိုင်းနိုင်ဘက်အခြမ်းမှာ  အခြေစိုက် လှုပ်ရှားကြတဲ့အဖွဲ့အစည်းတွေရဲ့သဘောထားတွေတောင်းခံခဲ့ကြတယ်။ အဲဒီကာလမှာကျနော်ဟာ ဘန်ကောက်အခြေစိုက် ရခိုင်ဝံသာနုစာပေအသင်းRPLCမှာ စာပေတာဝန်ခံ အယ်ဒီတာအဖြစ် တာဝန်ယူ နေတဲ့အချိန်ဖြစ်တယ်။  ဒုတိယတစ်ကြိမ်ပြီးခဲ့တဲ့ ငါးနှစ်လောက်က သဘောထားကောက်ခံမှုတစ်ခုကို ပြည်ပ ရောက်ရခိုင်အမတ်တစ်ချို့လုပ်ခဲ့ပြန်တယ်။
အဲဒီ၂ကြိမ်စလုံးမှာ ရခိုင်ဘုရင်စန္ဒာသူရိယရဲ့ ဆုထူးပန်မှု ကြောင့် ဂေါတမ္မမြတ်စွာဘုရားကြွရောက်တော်မူခဲ့ပြီး ပဉ္စလောဟာရတနာဖြင့် မဟာမြတ်မုနိ ရုပ်ရှင် တော်မြတ်ကြီးကို ကိုယ်တော်တိုင်ကြပ်မတ်သွန်းလုပ်ပြီးစီးတော်မူခဲ့တဲ့ ကဆုန်လပြည့်ကျော်  ၁ ရက်နေ့ကိုပဲ ကျနော် အဆိုတင်သွင်းခဲ့ပါတယ်။ တစ်နေ့ကပြီးစီးသွားပြီဖြစ်တဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူညီလာခံကို ကိုယ်တိုင် တက်ရောက်ပြီးမဲပေးပိုင်ခွင့်မရှိခဲ့ဘူး။ ဒါပေမယ့် ရခိုင်အမျိုးသားနေ့အဖြစ် ကျနော်ကြိုက် နှစ်သက်ခဲ့တဲ့ရက် ကို ရွေချယ်လိုက်လို့ ကျနော်မဖေါ်ပြတတ်အောင် ၀မ်းသာနေမိတာပါ။

                                           “ဆထက်တပိုးကြိုးစားစို့”
        လွတ်လပ်ရေးရပြီးနောက်ပိုင်း အကြီးကျယ်ဆုံး ရခိုင်အင်အားစု ဆုံဆည်းရာ(ကျောက်ဖြူ) ရခိုင်အမျိုး သားညီလာခံက ရခိုင်အမျိုသားနေ့အဖြစ် တစ်ညီတညွတ်တည်း မဲစနစ်နဲ့သတ်မှတ်ခဲ့ကြတာကို ရခိုင်အများ စုလည်းလက်ခံကြလိမ့်မယ်လို့ ကျနော် မျှော်လင့်ယုံကြည်ပါတယ်။ အဲဒီ အမျိုးသားနေ့နဲ့ ပါတ်သက်ပြီးအနှစ် သာရပြည့်ဝအောင်  ရခိုင်လူမျိုးတွေ ဘာလုပ်ကြမလဲ ဆိုတဲ့ တာဝန် တစ်ခုက  ရခိုင်လူမျိုးတိုင်း ပခုံးပေါ်သို့ ကျရောက်လာခဲ့ပြီဆိုတာကို သိကြဖို့လိုပါတယ်။ တပြိုင်တည်းမှာပဲ အကောင်အထည် ဖေါ်ကြဖို့လိုပါတယ်။
       ဒီနေရာမှာ ကွယ်လွန်သွားပြီဖြစ်တဲ့ သမိုင်းပါမောက္ခ ဒေါက်တာအေးကျော် ပြောခဲ့ ဖူးတဲ့စကားတစ်ခွန်း ကို ထည့်သွင်းပြောချင်ပါတယ်။ တောသားက ပိုကြိုးစားရတယ်။ သူများ စာတစ်နာရီဖတ်ရင် ကိုယ်သုံးနာရီ ဖတ်ရတယ်။ သူများ ဆောင်းပါး တစ်ပုဒ်ရေးရင် ကိုယ်သုံးပုဒ်ရေးရတယ်။ သူများထက် သုံးဆပိုကြိုးစားမှ တန်ကာကျမယ်။ ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့တဲ့စကားနဲ့ဆိုရင် သူများတွေခြေတစ်လှမ်းလှမ်းရင် ကိုယ်က လေးငါး ဆယ်လှမ်း လှမ်းရမယ်။ ဆိုတာနဲ့ သဘောတရားအတူတူပဲဖြစ်တယ်။

                                       “လှေခွက်ချည်းကျန်အလံမလှဲတဲ့စိတ်ဓါတ်”
            အရှင်နာဂိန္ဒရဲ့..စာပေမော်ကွန်း ကမ္ဗည်းမွှန်းတဲ့… ရခိုင်ဟူသည်… အမျိုး,သီလ နှစ်ဌာနကို  ပြည့်ဝ မဏ္ဍိုင် စောင့်စွမ်းနိုင်သည် အနွတ္တသညာ ခေါ်အပ်ရာတည်း။
             စာဆိုအလင်္ကာ ညွန်းဆိုရာကို  လိုက်နာ ကျင့်သုံးကြတဲ့ရခိုင်တွေဖြစ်ခဲ့ပါတယ်။ ဘာကြောင့် လဲဆိုရင် ဗုဒ္ဓဘာသာတစ်ခုတည်းကိုအများစုယခုတိုင် ကိုးကွယ်ယုံကြည်ကြဆဲဖြစ်ပါတယ်။ ယနေ့တိုင် တစိမ့်စိမ့်ရော တသောသောပါ၊ ဒလဟော လှိုင်းလုံးကြီးတွေလို ၀င်ရောက်လာနေတဲ့ ဘင်္ဂလီလူမျိုးတွေနဲ့ ရာစုနှစ်နဲ့ချီပြီး နီးနီးကပ်ကပ်နေထိုင်ကြပေမယ့် ယနေ့တိုင် သွေးမနှောကြဘူး။ အိမ်ထောင်မပြုကြဘူး။ ဆင်းရဲနွမ်းပါးမှုဒဏ် နဲ့ စစ်အာဏာရှင်တွေနှိပ်ကွပ်မှုကြောင့်သာ လယ်ယာမြေတွေနဲ့နေအိမ်တွေကို ဘင်္ဂါလီ တွေလက်ကိုလျော့ဈေးနဲ့ ထိုးအပ်ပြီး နေရပ်ကိုစွန့်ခွာခဲ့ကြရတာပါ။ ဒါ့အပြင် အောက်သားလို့ ရခိုင်တွေ အတော်များများခေါ်ကြတဲ့ဗမာ လူမျိုးကို ယခင်ကာလတုန်းက လက်ထပ်ထိမ်းမြား ခြင်းမပြုခဲ့ကြပေမယ့် ၁၉၇၀  ပြည်လွန်နှစ်တွေနောက်ပိုင်းမှာ အတော်များများလက်ထပ်ထိမ်းမြားခြင်းပြုလာခဲ့ကြတယ်။ ယနေ့ အချိန်မှာတော့ ရန်ကုန်မှာ ရခိုင်လူမျိုးတွေ သိန်းပေါင်းများစွာ ရွှေ့ပြောင်းနေထိုင်ခဲ့ကြပြီဖြစ်တယ်။

             လူမျိုးတစ်မျိုး  မတိမ်ကော မပပျောက်ဖို့အတွက် အဲဒီလူမျိုးရဲ့ ရိုးရာ၊ ဂီတ၊စာပေ၊ ယဉ်ကျေးမှု တွေကို ထိန်းသိမ်းခြင်း၊ ဖေါ်ထုတ်ခြင်း မပြုလုပ်ရရင် မကြာသော ကာလမှာ ပျောက်မှာ ကိန်းသေပဲ။ မြန်မာ့ သမိုင်းမှာ အထင်ကရဖြစ်တဲ့ ဗျူလူမျိုး၊ ဗျူနိုင်ငံဆိုတာ သမိုင်းထဲမှာ ကျန်နေခဲ့ပြီ။ ရခိုင်တွေကော ဘယ် လောက်ကြာကြာခံနိုင်မလဲ။ ဘယ်လောက်ကြံ့ကြံ့ခံနိုင်မလဲ။ ဘယ်လောက်စောင့်ထိန်းနိုင်မလဲ???

                                             “ပျက်စီးခြင်း နှင့် ဖျက်ဆီးခြင်း”
           တိုင်ပြည်တစ်ပြည်ကို အဖွဲ့အစည်းတစ်ခုတည်း၊ အာဏာရှင်တစ်ဦးတစ်ယောက်ကအုပ်ချုပ်တဲ့အခါ အစားထိုးလို့မရတဲ့ ပျက်စီးဆုံးရှုံမှုတွေ ကြုံရမှာ မြေကြီးလက်ခပ်မလွဲပါ။ ၁၇  ရာစုမှာ ကမ္ဘာ့အလှဆုံးမြို့ကြီး ငါးမြို့စါရင်းဝင်ခဲ့တဲ့ မြောက်ဦးမြို့က မြို့ရိုးအုတ်တံဏ္ဍိုင်းတွေကို၊ တန်ဖိုးထားရကောင်းမှန်းမသိတဲ့ မြန်မာ စစ်အာဏာရှင်တွေဟာ ပေါက်ချွန်တွေ ပေါက်ပြားတွေနဲ့ တူးဆွ၊ ထော်လာဂျီတွေနဲ့ သယ်ယူပြီးတော့ ဗွက်ပေါက်နေတဲ့ ရပ်ကွက်ထဲက ချိုင့်ခွက်တွေကို လမ်းခင်းနေကြတာကို မြင်ဖူးကြမယ်ထင်ပါတယ်။ ရာချီရှိတဲ့ စစ်သားတွေ စစ်ကားကြီးတွေနဲ့ သယ်နေတာတွေကို မြင်ဖူးကြမယ်ထင်ပါတယ်။ မြောက်ဦး လမ်းဘေးတွေမှာ ရှေ့ဟောင်း ဘုရားဆင်းတုတော်ရဲ့ ဦးခေါင်း၊ ခန္ဓာကိုယ်လက်အပိုင်းအစတွေ တွေ့ဖူးကြ မယ်ထင်ပါတယ်။

           အဖရှစ်သောင်း၊သားကိုးသောင်းလိုအထင်ကရ၊ရေတွက်မရများပြားလှတဲ့မြောက်ဦးမြို့၊ရှေ့ဟောင်း ဘုရားတွေရဲ့အလယ်က မီးရထားလမ်းဖေါက်ဖို့လမ်းအူကြောင်း ရွေးလိုက်တာကိုတော့အလွန် စိတ်ပျက် မိပါတယ်။ ဒီလောက်ညံ့ဖျင်းတဲ့ စီမံနေသူတွေရဲ့ ဥဏှောက်ကို ဓါတ်ခွဲခန်းထဲမှာ စစ်ဆေးသင့်ပါတယ်။ န၀တ ခေတ်က ဦးခင်ညွန်တို့ ပုဂံရှေ့ဟောင်းနယ်မြေ က ဘုရားတွေကို ပြန်လည်မွမ်းမံလိုက်တာ အစားထိုးမရတဲ့ဆုံးရှုံးမှုကြီးဖြစ်တယ်လို့ နိုင်ငံတကာပညာရှင်တွေထောက်ပြခဲ့ကြတယ်။ နှစ်၆၀ကြာ စီမံ ခန့် ခွဲမှုညံ့ဖျင်းခြင်းရဲ့ရလဒ်တွေက မြန်မာနိုင်ငံရဲ့ပကတိအခြေအနေက သက်သေပြနေခဲ့ပြီး ဖြစ်တာကြောင့် သင်ခန်းစာယူသင့်ပါတယ်။

           ထိုင်းနိုင်ငံဟာ လက်ရှိအချိန်မှာ မြန်မာနိုင်ငံထက် အဆပေါင်းများစွာ တိုးတက် ချမ်းသာနေတဲ့ တိုင်းပြည်ဖြစ်တယ်။  လက်ချိုးရေတွက်လို့ရတဲ့ အရေတွက်လောက်သာရှိတဲ့ အယုဒ္ဓယမြို့က ဘုရားပျက် တွေ၊ ခဲတစ်ပစ်လောက်သာရှိတဲ့ မြို့ရိုးပျက်တွေကို ဒီအတိုင်းပစ်ထားတယ်။ ဒီအပျက်အစီးတွေကို လက်ရှိ အချိန်မှာ ထိုင်းနိုင်ငံဟာကမ္ဘာ့အမာကြောဆုံးသတ္တုတွေနဲ့ နည်းပညာတွေ နဲ့လုပ်ပစ်လို့ရတယ်။ ရွှေတုံးရွှေခဲ တွေနဲ့မွမ်းမံချင်တယ်ဆိုရင်လည်းလုပ်နိုင်တဲ့အနေအထားမှာရှိပါတယ်။ ဒါပေမယ့်ထိုင်းတွေဟာဒီအတိုင်း ထားတယ်။ လက်ရှိအနေအထားထက် ထပ်ပြီးမပျက်စီးအောင် နည်းပညာတွေနဲ့အပျက်အစီးအတိုင်းထား တယ်။ အဲဒါနဲ့ ကမ္ဘာလှည့်ခရီးသွားတွေကိုဆွဲဆောင်တယ်။ ထိုင်းအမျိုးသားဇာတိမာန်ကို တက်ကြွစေတယ်။

                                         “သတိ..ရှေ့မှာအန္တရာယ်ရှိသည်”
             အသိဉာဏ်ပညာအထူးချွတ်ယွင်းတဲ့ စစ်အာဏာရှင်တွေ  အုပ်ချုပ်လိုက်တဲ့ နှစ်ပေါင်း၆၀အတွင်း ကမ္ဘာ့အဆင်းရဲဆုံးတိုင်းပြည်ထဲက နှစ်ထပ်ကွမ်းအဆင်းရဲဆုံးပြည်နယ်က  ရခိုင်ပြည်နယ်ဖြစ်နေတယ်။ အနာဂတ်မှာ  ရခိုင်လူမျိုးတွေ တိုးတက်ချမ်းသာအောင်ဘယ်လိုလုပ်ကြမလဲ။ အဲဒီလူမျိုးရဲ့အနာဂတ်ကို သိချင်ရင် အဲဒီလူမျိုး လက်ရှိဘာလုပ်နေလဲဆိုတဲ့အပေါ်မှာမူတည်ပါတယ်။ လက်ရှိရခိုင်တွေ ပညာသင် နေကြသလား၊ အလုပ်လုပ်ကြိုးစားနေကြသလား၊ အရက်မူးပြီး ရမ်းကားနေကြသလား။ အဲဒါဟာ ရခိုင်တွေအနာဂတ်မှာ ဘာဖြစ်လာမလဲဆိုတဲ့အဖြေပါပဲ။

            သမိုင်းကြောင်းအရ စိတ်ဒဏ်ရာတွေ ဗရပွနဲ့ကြိတ်ခံနေကြရတဲ့ ရခိုင်တွေရဲ့အတွင်းစိတ်ထဲက ဝေဒနာကို အုပ်ချုပ်သူတွေက ကောင်းကောင်းသိပါတယ်။ ထောက်လှမ်းရေးယန္တရား  အားကောင်းတဲ့ မြန်မာအစိုးရမျက်စိအောက်မှာ တောင်ကုတ်လို့ ပြည်နယ်ပြည်မ ဆက်သွယ်ရေး အချက်အခြာ ကားဂိတ်မှာ နေ့ခင်းကြောင်တောင် ကားပေါ်ကဆွဲချပြီး မော်လ၀ီဗလီဆရာ ဆယ်ယောက်ကို ကြက်ကလေးတွေလို သတ်ပစ်နိုင်တယ်ဆိုတာ သတိထားစဉ်းစားကြရပါမယ်။

          အဖွဲ့အစည်းပေါင်းစုံရှိတဲ့ ပြည်နယ်မြို့တော် စစ်တွေ မှာ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ ရုံးတွေကို ဒီလောက်အထိဖျက်ဆီးခွင့်ဘယ်နည်းနဲ့မှမရနိုင်ပါဘူး။ နိုင်ငံရေးနဲ့ပတ်သက်တဲ့ စာရွက်တစ်ရွက်၊ သတင်း စကားတစ်ခုမကျန်ဖေါ်ထုတ်ဖမ်းဆီးနိုင်တဲ့ မြန်မာထောက်လှမ်းရေးယန္တရား ဒီလောက် မ,အကြပါဘူး။   ရန်တိုက်လို့ကောင်းတဲ့ရခိုင်တွေကို ရန်တိုက်ပြီးတော့ ဓါတ်ပုံရိုက် သတင်းထုတ်လိုက်ကြတာ နောက်ဆုံး စစ်တမ်းထွက်လာတာကတော့ ရခိုင်လူမျိုးတွေက လူမိုက်ကြီးဖြစ်သွားခဲ့တယ်။ ရိုင်းစိုင်းတဲ့လူမျိုးဖြစ် သွားခဲ့ရတယ်။ နိုင်ငံခြားမှာနေတဲ့ရခိုင်တွေမျက်နှာမဖေါ်ဝံ့စရာဖြစ်ခဲ့တယ်။

            ၁၉၈၈ခုနှစ်မှာ စစ်အာဏာသိမ်းဖို့အတွက် ဦးသန်းရွှေတို့ ဦးခင်ညွန့်တို့ “သမိုင်းရေစီးလှိုင်းကြီးလေ ထန်ဖြစ်ရပ်မှန်များ”ဆိုပြီး လန်ကြုတ်ဇါတ်ရိုက်ပြီးဝါဒဖြန့်ခဲ့တာကို မှတ်မိကြမယ်ထင်ပါတယ်။  စစ်အာဏာ ရှင်တွေဟာ တိုင်းပြည်တိုးတက်ချမ်းသာအောင် မလုပ်တတ်ပေမယ့် သူတို့မိသားစုကြီးပွား ချမ်းသာဖို့နဲ့ သူတို့အာဏာတည်မြဲဖို့အတွက် အကွက်ဆင်တဲ့အတတ်ပညာမှာတော့ ဘယ်အကြံပေးမှငှါး စရာမလိုဘူး။ နိုင်ငံတကာတက္ကသိုလ်ကြီးတွေမှာ ဒေါက်တာစာတမ်းပြုစုစရာမလိုဘူး။

            နှစ်ပေါင်း၆၀ လောက်လူပါးဝခွင့်ရယူခဲ့ကြတဲ့မြန်မာအာဏာရှင်တွေ၊ ကမ္ဘာမှာအချမ်းသာဆုံး ဖြစ်နေတဲ့အုပ်ချုပ်သူတွေ၊ ခရိုနီတွေလုပ်ခွင့်ရတဲ့စနစ်အောက်မှာ ပညာကလည်းမတတ်၊ ၀မ်းရေး ကလည်း မ၀၊ ချွတ်ခြုံကျနေကြတဲ့ဘ၀ပေးအခြေအနေကို မကျေမနပ်ဖြစ်ပြီး ဒေါသထွက်နေတဲ့ ရခိုင်တွေကို တို့ပေးလိုက်တာနဲ့ ကုလားကိုရိုက်မယ်။ အင်ဂျီအိုရုံးတွေကို ဖျက်ဆီးမယ်ဆိုတာကို အုပ်ချုပ်သူတွေက သိနေတယ်။  မလိုသူတွေ ရန်တိုက်ပေးတာကို  ရခိုင်တွေဘယ်အသိနဲ့ခေါင်းခါကြမလဲ၊ ငြင်းဆန်ကြမလဲ။

                                 “ညောင်သီးလည်းစား လေးညှိ့သံလည်းနားထောင်”
          အမျိုးသားနေ့ဆိုတဲ့ တန်ဖိုးထားရမယ့်နေ့ရက်တစ်ခု သတ်မှတ်လိုက်ပြီးတဲ့နောက်ပိုင်းမှာ အမျိုးသား နေ့ကိုအကြောင်းပြုပြီးတော့ အနာဂတ်ရခိုင်လူမျိုးတို့ရဲ့ကံကြမ္မာကိုဆွေးနွေးကြမလား။ အနာဂတ်ရေး အတွက်အစီအစဉ်များချမှတ်ကြမလား။ အပြောသက်သက်လား၊ လက်တွေ့ဘာတွေလုပ်ကြမလဲ။ ရေတို၊ ရေရှည်စီမံကိန်းတွေကဘာလဲ။ ဘယ်မူကိုဘယ်သူနဲ့လုပ်ကြမလဲ။ အမျိုးသားရေးကိုဂရုမစိုက်ပဲတစ်ကိုယ်ရေ ကောင်းစားရေးအတွက်အခွင့်အရေးကိုပဲရှာနေကြမလား ဆိုတာအားလုံးဂရုပြုဖို့လိုအပ်လာခဲ့ပြီးဖြစ်ပါတယ်။
             အဆင်းရဲဆုံးဖြစ်နေတဲ့ လူမျိုးတစ်မျိုးကို ပြန်လည်ထူထောင်ဖို့အတွက်  အချိန်ယူရမှာ မှန်ပေမယ့် ဘယ်လောက်အထိ အချိန်ယူမလဲဆိုတဲ့ လျာထားချက်ထားဖို့လိုအပ်မှာဖြစ်သလို ပျက်နေသမျှထဲမှာ လုပ် စရာတွေ အများသား။ အခြေခံအကျဆုံးဖြစ်တဲ့ တမျိုးသားလုံးကျမ္မာမှ တမျိုးသားလုံးစာတတ်မြောက်မှ ဖွံ့ဖြိုး တိုးတက်ရေးကိုလုပ်နိုင်မှာဖြစ်တာကြောင့် ဘယ်သူဘာလုပ်မလဲဆိုတာကိုသာ စတင်လုပ်ဆောင်သင့် ပါတယ်။ ဟန်ဆောင်မျိုးချစ်တွေ၊ သညာသိ တတ်သိမြင်သိ၊ ကြားသိတွေ မလိမ့်တစ်ပတ် လုပ်လိုသူ တွေကတော့ အချိန်မကြာခင် သူ့အလိုလို ဘေးကို ဖယ်ကျဉ်သွားပါလိမ့်မယ်။ 

             သစ်ပင်ထွက်စရွက်နှစ်ခွ ရခိုင်အမျိုးသားရည်မှန်းချက်ပန်းတိုင်ကိုချီတက်ကြရာမှာ၊  အချိန်ကို လေးစားခြင်း၊  ကတိတည်ခြင်း၊ အချင်းချင်းလေးစားခြင်း၊ သည်းခံခြင်း၊ ကြိုးစားခြင်း၊ စွန့်စားခြင်း၊ ပေးဆပ်ခြင်း ရင်းနှီးမြုပ်နှံခြင်း၊ ပေးကမ်းချီမြှင့်ခြင်းတို့ မဖြစ်မနေလုပ်ကြရမှာဖြစ်သလို  အရက်သေစာ သောက်စားခြင်း၊ အလောင်းကစားပြုလုပ်ခြင်းတို့ကိုလည်းအထူးရှောင်ကျဉ်ရပါမယ်။ တပြိုင်းတည်းမှာ မိမိကောင်းစားရေးအတွက် အမျိုးဘာသာသိက္ခကျ မျက်နှာငယ်ရမည့်အခွင့်အလမ်းမျိုးတွေကို အထူးရှောင် ရှားသင့်ပါတယ်။ ခေတ်အဆက်ဆက်မှာ ပညာတတ်ဆိုသူများ ပညာရှင်/ပညာရှိ ပီသခဲ့ပါက အာဏာရှင်စနစ်ပင်ဖြစ်သော်ငြား မြန်မာနိုင်ငံနှင့် ရခိုင်ပြည်နယ်  ဤမျှလောက် ဆင်းရဲတွင်း မနက်နိုင်ဆိုတာကို ရဲရဲဝေဖန်စေချင်ပါတယ်။(တရုတ်ပြည်ကိုဥပမာကြည့်ပါ)

                ခေတ်အပြောင်းအလဲမှာ ရခိုင်တွေဟာ အုပ်ချုပ်သူတွေနဲ့ နိုင်ငံတကာအဖွဲ့ အစည်းတွေရဲ့ နားမျက်စိ မီဒီယာတွေရဲ့ကယ်မရာတွေအောက်မှာ အပြောအဆိုအနေအထိုင်တို့ကို အထူးသတိထား ကြရမှာဖြစ်ပါတယ်။ နိုင်ငံရေး အမြတ်ထုတ်လိုသူတွေ မုန်းတီးသူတွေဖြစ်စေချင်တဲ့ အကြမ်းဖက်မှုတွေ နောက်တစ်ကြိမ်မဖြစ်ပေါ်ရအောင် “သတိတမံဉာဏ်မြေကတုတ် ပညာစွမ်းချွန်းကဲ့သို့အုပ်ပြီး” “ရခိုင်ဟူ သည်… အမျိုး,သီလ နှစ်ဌာနကို  ပြည့်ဝမဏ္ဍိုင် စောင့်စွမ်းနိုင်သည် အနွတ္တသညာ ခေါ်အပ်ရာတည်း” ထက် သာလွန် ထွန်းတောက်သော လူမျိုးတစ်မျိုးအဖြစ်သို့ တက်လှမ်း နိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။ ။ 
                                                                            
 ကျော်သောင်း      ဘန်ကောက်  

(ရွှေလုပ်သား)

No comments:

Post a Comment