Wednesday, August 13, 2014

အေဂျီဒီဘဏ် ရှယ်ယာ ၆၀ ရာခိုင်နှုန်း ဦးနေဝင်း မြေးများထံရောင်းမည့်ကိစ္စကို ပြန်စဉ်းစားနေဟု ဦးတေဇ ဆို

ကုန်သည်စက်မှုအသင်းနှစ်ပတ်လည် အစည်းအဝေးသို့ တက်ရောက်လာသော ဦးတေဇကို တွေ့ရစဉ်။(လက်ဝဲဘက်မှ တတိယမြောက်) အေဂျီဒီဘဏ် ရှယ်ယာ ၆၀ ရာခိုင်နှုန်းအထိရောင်းချရန် စီစဉ်ထားခြင်းဖြစ်သည်။ ဓာတ်ပုံ-ဟောင်ဆာ(ရာမည)
ကုန်သည်စက်မှုအသင်းနှစ်ပတ်လည် အစည်းအဝေးသို့ တက်ရောက်လာသော ဦးတေဇကို တွေ့ရစဉ်။(လက်ဝဲဘက်မှ တတိယမြောက်) အေဂျီဒီဘဏ် ရှယ်ယာ ၆၀ ရာခိုင်နှုန်းအထိရောင်းချရန် စီစဉ်ထားခြင်းဖြစ်သည်။ ဓာတ်ပုံ-ဟောင်ဆာ(ရာမည)

by သိဟကိုကို
အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ် (AGD Bank) ၏ ရှယ်ယာ ၆၀ ရာခိုင်နှုန်းကို ဦးနေ၀င်းမြေးများထံ ရောင်းချရန်အရေးကို ပြန်စဉ်းစားနေသည်ဟု AGD ဘဏ်ပိုင်ရှင် ဦးတေဇ က ပြောသည်။
ယခုအချိန်တွင် AGD ဘဏ်၏အစုရှယ်ယာ ၆၀ရာခိုင်နှုန်းအထိကို အာဏာရှင်ဟောင်းတစ်ဦးဖြစ်သော ဦးနေ၀င်း၏မြေး ဦးကျော်နေ၀င်း ဦးဆောင်သည့် စီးပွားရေးလုပ်ငန်းစုကို လွှဲပြောင်းရောင်းချရန် စီစဉ်ထားပြီး လက်ရှိအချိန်တွင် ဗဟိုဘဏ်က ခွင့်ပြုထားသည့် အစုရှယ်ယာ ၁၅ ရာခိုင်နှုန်းကို လွှဲပြောင်းရောင်းချခွင့် ပြုထားပြီး ဖြစ်သည်။
ဦးတေဇ က “ဘဏ်ကို ဦးနေ၀င်းမြေးတွေ အပိုင်ဖြစ်သွားပြီဆိုပြီး လူတွေ ငွေထုတ်ချင်လာအောင်ဖြစ်သလိုမျိုး လုပ်နေတာတွေ့တော့ စိတ်မကောင်းဘူး။ အရင် က ၆၀ ရာခိုင်နှုန်းလုံးကို ရောင်းမှာပဲ။ ဒါပေမဲ့ အခုလို အခြေအနေအချိန်အခါကို ကြည့်ပြီးတော့ ကျွန်တော်ပြန်စဉ်းစားနေပါတယ်။ Commitment (ကတိ) က Commitment ပါပဲ။ ဘယ်သူ့ကိုမှတော့ မထိခိုက်စေချင်ပါဘူး ”ဟု ပြောသည်။
ယခင်စစ်အစိုးရနှင့် နီးစပ်မှုရှိသည့် ဦးတေဇပိုင်ဆိုင်သည့် AGD ဘဏ်၏ လုပ်ငန်းများ ဆောင်ရွက်ရာတွင် အမေရိကန်နိုင်ငံ၏ စီးပွားရေးပိတ်ဆို့မှုဒဏ်ကြောင့် အခက်အခဲမရှိစေရန်  ၎င်းတို့ပိုင် အစုရှယ်ယာများကို ဇနီးနှင့်သားသမီးဆွေမျိုးများသို့ လွှဲပြောင်းထားခဲ့ပြီး ယခုအခြားစီးပွားရေးလုပ်ငန်းများသို့ လွှဲပြောင်းရောင်းချခြင်း ဖြစ်သည်။
ဦးတေဇက “ရှယ်ယာရောင်းချရတဲ့ ငွေတွေနဲ့ တိုင်းပြည်ဖွံ့ဖြိုးရေးစီမံကိန်းတွေ ဆောင်ရွက်ဖို့ပါပဲ။ တိုင်းပြည်ဖွံ့ဖြိုးမှု နောက်ကျနေတာက လူတွေ စီးပွားရေး မကောင်းလို့ပဲ။ ရှယ်ယာရောင်းချတဲ့ငွေနဲ့ SMEs project လိုမျိုးတွေလုပ်ပြီး အလုပ်အကိုင်အခွင့်အလမ်းတွေများလာအောင် လုပ်ပေးချင်တယ်။ Positive လုပ်ပေမယ့် Negative ဘက်ကိုပဲ ဆွဲနေတယ် ”ဟု ပြောသည်။
စီးပွားရေးပိတ်ဆိုမှုများကြောင့် ဘဏ်ဝန်ဆောင်မှုလုပ်ခွင့်များကို နောက်ဆုံးမှ ရရှိလေ့ရှိပြီး နိုင်ငံတကာဘဏ်များနှင့် ချိတ်ဆက်ရာတွင် အခက်အခဲများရှိလာခြင်းကြောင့် ဘဏ်၏ရှယ်ယာများကို ရောင်းချရန် စဉ်းစားခဲ့ခြင်းဖြစ်သည်ဟု ဦးတေဇက ပြောသည်။
ဘဏ်၏ အစုရှယ်ယာ ၁၅ ရာခိုင်နှုန်းကို ရောင်းချခွင့်ပြုရန် ဗဟိုဘဏ်က ခွင့်ပြုထားပြီး ရောင်းချပြီး ငွေကြေးကို ယူထားခြင်း မရှိသေးဟုလည်း ဦးတေဇက ဖြည့်စွက်ပြောသည်။ ဦးနေ၀င်းမြေးများကို တရုတ်နိုင်ငံမှ CCOEC ကုမ္ပဏီမှ ဒေါ်လာ ၄ ဒသမ ၉ ဘီလီယံ ရင်းနှီးမြှုပ်နှံရန် ကမ်းလှမ်းထားမှုများရှိပြီး ကမ္ဘာတစ်ဝန်းရှိ ကုမ္ပဏီပေါင်း ၁၀၀ ကျော်ကို ထောက်ပံ့ပေးနေသည့် ကုမ္ပဏီဖြစ်သည်ဟု ၎င်းက ဆိုသည်။

mizzima

No comments:

Post a Comment