Tuesday, May 13, 2014

လွှတ်တော်ကိုယ်စားလှယ်ဦးဆောင်တဲ့ ရန်ကင်းမြို့ဆန္ဒပြပွဲ

                                  ဦးဖုန်းမြင့်အောင် (ဓာတ်ပုံ - မင်းဗညား / ဧရာဝတီ) 
 မင်းဗညား ရေးသားသည် 
  ~
 ဆန္ဒပြပွဲအများအပြား ပေါ်ပေါက်နေသည့် ရန်ကုန်မြို့တွင်  တနင်္ဂနွေ ညနေ ၃ နာရီခန့်က ရန်ကင်းမြို့နယ်တွင်  တွေ့ရသည့် ဆန္ဒပြပွဲတခုကို အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ဦးဆောင်ခဲ့သည်ကို တွေ့ရသည်။

 ~
 ~
  ~ မိုးကောင်းလမ်းနှင့် အောင်ဇေယျ လမ်းထောင့်ရှိ သမဝါယမအသင်းစု မြေနေရာပေါ်တွင် ရွှေမိုးကောင်း ကွန်ဒို မီနီယမ် ဆောက်လုပ်ခြင်းကို ကန့်ကွက်ကြောင်း    ဆန္ဒပြပွဲဖြစ်သည်ဟု သိရသည်။
ဦးဖုန်းမြင့်အောင်က "ဒီကိစ္စက ပွင့်လင်း မြင်သာမှု မရှိဘူးလို့ ပြောချင်တယ်။ လွှတ်တော်ထဲမှာတောင် ဆွေးနွေးမယ့် အချိန်ကို မရလိုက်ဘူး။
အခုက အဆောက်အဦ အကုန်လုံးကို ဖျက်ပြီးသလောက် ရှိနေပြီ။
တကယ်ဆိုရင်ပွင့်လင်းစွာ အများပြည်သူ သိနိုင်အောင် တင်ဒါခေါ်ယူပြီး ဆောင်ရွက်သင့်ပါတယ်။  တာဝန်ရှိတဲ့ သမဝါယမက လူကြီးဆိုတဲ့ လူတွေလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆက်သွယ်လို့ မရတော့ဘူး။
ကျတော့် မဲဆန္ဒနယ်မြေထဲမှာ ဖြစ်တာကြောင့် လူထုကိုယ်စား ကျနော်က ဆန္ဒပြရတာပါ" ဟု ဧရာဝတီကို ပြောသည်။
 ပွင့်လင်း မြင်သာမှု မရှိသည့် အပြင်၊ လာဘ်ပေးလာဘ်ယူမှု မြောက်ကြောင်း ဦးဖုန်းမြင့်အောင်က ဆိုပါသည်။
ထို့ကြောင့် ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်ပြီးပါက လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး စုံစမ်း စစ်ဆေးရေး ကော်မရှင်သို့ တင်ပြ တိုင်တန်းသွားမည်ဟု သူက ဆက်ပြောသည်။
တောင်ဥက္ကလာပ မြို့နယ်ရှိ မင်္ဂလာသမဝါယမ ရောင်းဝယ်ရေးအသင်းမှ ဦးမောင်ထွေးကလည်း "ဒီသမ ဆိုင်ခန်းတွေကို ပုဂ္ဂလိကကို လုပ်ကိုင်ခွင့် ပေးလိုက်တာ ပွင့်လင်းမြင်သာမှု မရှိဘူးဗျ။
ကျတော်တို့ အသင်းဆိုရင် သမဆိုင်ကို လုပ်ကိုင်လာတာ နှစ်၅၀လောက် ရှိပါပြီ။ အဲ့ဒီသမဆိုင်ကိစ္စရပ် တခုနဲ့ပဲ သမဆိုင်က အဖွဲ့ဝင် ခြောက်ဦးလောက် တရားစွဲခံထားရပါတယ်" ဟု  ပြောပါသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ မြို့နယ် သမဝါယမ အမှုဆောင် လူကြီးများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်တို့ ပူးပေါင်းသည့် ဆောက်လုပ်ရေးစီမံကိန်းဖြစ်သည်ဟု ဆန္ဒပြသူတို့က ဆိုသည်။
ရွှေမိုးကောင်း ကွန်ဒိုမီနီယမ်ကို တည်ဆောက်နေသည့် ဂရိတ်မာစတာ ဆောက်လုပ်ရေးမှ တာဝန်ခံတဦးဖြစ်သည့် ဦးသက်ထွေးသို့ မေးမြန်းမှု ပြုရာတွင်တစုံတရာ မှတ်ချက်ပြု  ပြောဆိုနိုင်ခြင်း မရှိကြောင်း ဧရာဝတီကို ပြောသည်။

ဧရာဝတီ http://blog.irrawaddy.org/2014/05/blog-post_7538.html

No comments:

Post a Comment