Sunday, May 11, 2014

မြစ်ဆုံအနီး အရပ်သား ၃၂ ဦးကို ကေအိုင်အေ ဖမ်းဆီး

  ကချင်ပြည်နယ်အတွင်း KIA တပ်မဟာ(၁)၊ တပ်ရင်း (၄) က မြစ်ဆုံအနီး နေထိုင်သူ အရပ်သား ၃၂ ဦးကို မေလ ၇ ရက်နေ့က ဖမ်းဆီးသွားကြောင်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ကို အကြောင်းကြားတယ်လို့ သိရပါတယ်။


KIA တပ်ဖွဲ့က ဖမ်းသွားသူစုစုပေါင်း ၃၉ ဦးဖြစ်ပြီး ၇ ဦးဟာ ကလေးငယ်တွေ ဖြစ်တာကြောင့် ပြန်လွတ်ပေးလိုက်တယ်လို့ဆိုပါတယ်။ သူတို့ကို မေလ ၇ ရက်နေ့ ည၁၂ နာရီက တန်ဖဲရွာက ဖမ်းသွားတာဖြစ်ပါတယ်။

အခုလိုဖမ်းသွားသူတွေကို ပြန်လွတ်ပေးဖို့ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့က ကြားဝင်ဆောင်ရွက်ရာမှာ ဒီကနေ့ညနေပိုင်းမှာ မြစ်ကြီးနားမြို့နဲ့ မိုင်၅၀ ကျော်ဝေးတဲ့ ရွာတစ်ရွာမှာ ဖမ်းထားသူတွေကို လာခေါ်ဖို့ KIA က အကြောင်းကြားထားတယ်လို့ ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလမိုင်ဂွမ်ဂျာက ပြောပါတယ်။

အခုလွတ်ပေးမယ့်သူတွေထဲမှာ မေလ ၃ရက်နေ့က မြစ်ဆုံသွားရာလမ်းမှာ အဖမ်းခံရသူ အစိုးရ၀န်ထမ်းနှစ်ဦးလည်း ပါဝင်တယ်လို့ ဦးလမိုင်ဂွမ်ဂျာက ပြောပါတယ်။ အခုလို KIA အဖွဲ့က အရပ်သားတွေကို ဖမ်းစီးတယ်ဆိုတာနဲ့ ပတ်သက်ပြီး KIO ဌာနချုပ်က ညွန်ကြားထားတာ မရှိဘူးလို့လည်း ဦလမိုင်ဂွမ်ဂျာကပြောပါတယ်။

ဒီအတောအတွင်း ကချင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်းဒေသတွေမှာ အစိုးရတပ်တွေနဲ့ KIA တပ်၊ တအာင်းလွတ်မြောက်ရေးတပ်တွေနဲ့ ကိုးကန့်တပ်တွေ တိုက်ပွဲတွေ နေ့စဉ်ရက်ဆက် ဖြစ်ပွားလျက်ရှိတယ်လို့ သိရပါတယ်။

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်လို့ တအာင်းလွတ်မြောက်ရေးတပ်က ဗိုလ်မှူးကြီး တာဘုန်းကျော်က ပြောပြပါတယ်။

"တိုက်ပွဲကတော့ ဒီလိုပဲ ကြိုကြားကြိုကြား လက်နက်ကြီးတွေနဲ့ ကျနော်တို့တပ်တွေရှိတဲ့ဖက်ကို ဆက်တိုက်ပစ်နေတယ်၊ ကေအိုင်အေက တပ်ရင်း ၃၆ နဲ့ ၃၈ အဲထဲမှာရှိတယ်၊ နောက်ကျနော်တို့ တအာင်းတပ်တချို့ရယ်၊ ကိုးကန့်တပ်တချို့ရယ် အဲမှာရှိတယ်"

တိုက်ပွဲတွေဟာ အစိုးရတပ် တပ်မ၇၇ လက်အောက်ခံတပ်တွေနဲ့ ဖြစ်ပွားနေတာဖြစ်ပြီး ဒီကနေ့ နေ့လည်ပိုင်းနဲ့ မနေ့က မနက်ပိုင်းတွေမှာလည်း ရင်ဆိုင်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့တယ်လို့ ပြောပါတယ်။ တချိန်ထဲမှာဘဲ ဗန်မော်ခရိုင် မန်ဝန်းကြီးနဲ့ ၅မိုင်ခန့်မှာ အခုလ ၈ ရက်နေ့နဲ့ ၉ ရက်နေ့တွေမှာ ဆက်တိုက်ဆိုသလို တိုက်ပွဲတွေဖြစ်နေတယ်လို့ မန်ဝန်းကြီး ဒုက္ခသည်စခန်း တာဝန်ခံ ဦးခင်လတ်က ပြောပါတယ်။

RFA Burmese

No comments:

Post a Comment