Wednesday, May 14, 2014

လမ်းပေါ်ရောက် ကလေးငယ်များအတွက် အထောက်အကူပြု ဗဟိုဌာန ဖွင့်ရန်စီစဉ်


ဗုဒ္ဓဟူးနေ့၊ မေလ ၁၄ ရက် ၂၀၁၄ ခုနှစ်

 ရှေးဦးကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဘက်စုံဖွံ့ဖြိုးမူဆိုင်ရာ ပင်မ အထောက်ကူပြုဗဟိုဌာနကို စံနမူနာအဖြစ် ရန်ကုန်မြို့တွင် ဖွင့်လှစ်နိုင်ရန် စီစဉ်လျက်ရှိသည်ဟု လူမှုဝန်ထမ်းဦးစီးဌာန တိုင်းဦးစီးမှူး ဦးတင်ဇော်မိုးက မေ ၁၃ ရက်တွင် မဇ်္ဈိမကို ပြောသည်။
လမ်းပေါ်ကလေးငယ်များ အပါအ၀င် မိဘရှိပြီး စားဝတ်နေရေး အဆင်မပြေသည့် မိသားစုကလေးငယ်များ နှင့် မိဘမဲ့ ကလေးငယ်များကို အဆိုပါစင်တာက ပြုစုစောင့်ရှောက်ပေးနိုင်ရန် စီစဉ်သွားမည် ဖြစ်သည်။

“ဖွင့်လှစ်နိုင်ရေး စီစဉ်နေဆဲ ရှိပါသေးတယ်။ နှစ်မကုန်ခင် ဖွင့်လှစ်နိုင်ဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းနေပါတယ်။ ဖွင့်လှစ်ပြီးရင်တော့ ကလေးငယ်တွေရဲ့ ဘ၀ရပ်တည်နိုင်ရေးမှာ ထောက်ကူပြုစေမယ့် အသက်မွေးဝမ်းကျောင်း ပညာရပ်တွေ သင်ကြားပေးမယ်။ ဘ၀ကိုပိုပြီး ပြည့်စုံအောင် အဘက်ဘက်က ပိုမိုကောင်းမွန်တဲ့ ပံ့ပိုးမှုမျိုးတွေပါ ပြုလုပ်ပေးသွားမှာ ဖြစ်တယ်” ဟု ၎င်းက ဆက်ပြောသည်။

ကလေးသူငယ်များ၏ အဓိက အခွင့်ရေး လေးရပ်ဖြစ်သည့် ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတတ်ခွင့်၊ အကာကွယ် ရပိုင်ခွင့်နှင့် ပူးပေါင်းဆောင်ရွက်ခွင့်များ ပိုမိုရရှိစေရန် စောင့်ကြည့်လေ့လာကာ အစီရင်ခံစာ တင်ပြခြင်းများ ကို လက်တွေ့ကွင်းဆင်းဆောင်ရွက်သွားမည် ဖြစ်သည်။

ထို့အပြင် ကလေးသူငယ်ပြုစုရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာမူဝါဒများကို မကြာမီ အကောင်ထည်ဖော် ဆောင်ရွက် ပြဋ္ဌာန်းသွားမည်ဟုဆိုသည်။ အဆိုပါဌာန ဖွင့်လှစ်ပြီးပါက စက်ချုပ်သင်တန်း၊ အီလက်ထရော နစ် သင်တန်း၊ ၀ပ်ရှော့သင်တန်း၊ ကွန်ပျူတာသင်တန်းနှင့် စက်မှုလက်မှုသင်တန်းများကို ဆောင်ရွက်ပေး
ပြီးအပြင် အလုပ်အကိုင်ရရှိရန် ဆက်လက် လုပ်ဆောင်ပေးမည်ဖြစ်သည်။

ကလေးသူငယ် ကာကွယ်စောင့်ရှောက်ပေးနေသော ရတနာ့မေတ္တာအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆွေက “ကလေး ငယ်တွေအတွက် ပိုမိုကောင်းမွန်တဲ့ စောင့်ရှောက်ရေးဂေဟာတွေ လိုအပ်နေပါတယ်။ အစိုးရက စီမံ ဆောင်ရွက်မှုတွေက နှောင့်နှေးနေတယ်လို့ မြင်ပါတယ်။ အဲ့ဒီလို ဗဟိုပြုဌာနတွေ ဖွင့်လှစ်သင့်တာ ကြာ ပါပြီ။ ဘ၀ရပ်တည်ရေးအတွက် ပိုမိုခိုင်မာတဲ့စက်မှု၊ လက်မှုပညာတွေ သင်ကြားပေးသင့်ပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံရှိ မိဘမဲ့သင်တန်းကျောင်းများနှင့် ပရဟိတဂေဟာများတွင် စောင့်ရှောက်ထားသော ကလေး များ ၏ ၇၃ ရာခိုင်နှုန်းမှာ မိဘများသက်ရှိထင်ရှားရှိနေသည်ဟု ဦးမြင့်ဆွေကဆိုသည်။ လက်ရှိ အဆိုပါ ကျောင်းများတွင် ကလေးငယ်များသည် အသက်ခြောက်နှစ်မှ ၁၄ နှစ်အတွင်း ဖြစ်ကြသည်။

“ကလေးသူငယ်တွေဟာ အပင်ငယ်လေးတွေလိုပဲ။ သူတို့ဘ၀ရှင်သန်ဖို့အတွက် လူကြီးများရဲ့ ဂရုစိုက်မှု၊ အာရုံစိုက်မှုတွေ လိုအပ်ပါတယ်။ ကလေးများကို ပြုစုစောင့်ရှောက်မှုပေးရမယ့်အပြင် ကလေးတွေနဲ့ မိဘ တွေကို ပြန်လည်ပေါင်းစည်းခွင့်ကိုပါ လုပ်ပေးရမယ်” ဦးတင်ဇော်မိုးက ပြောသည်။

 ဇာနည်အောင်
Mizzima - News in Burmese

No comments:

Post a Comment