Sunday, August 10, 2014

စိန်ခေါ်မှုတွေကို ရင်ဆိုင်ရင် အမေရိကန် မြန်မာနဲ့အတူရှိနေမယ်

သမ္မတဦးသိန်းစိန်ရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို တွန်းအားပေးဖို့ နေပြည်တော်ကို ရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက မြန်မာပြည် ရင်ဆိုင်ကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေကို အမေရိကန်ပြည်ထောင်စုက ကူညီသွားမယ်လို့ သြဂုတ် ၉ရက်နေ့ အာဆီယံအစည်းအဝေး ဒုတိယနေ့မှာ ပြောလိုက်ပါတယ်။ အမေရိကန်က ဘာ့ကြောင့် မြန်မာကို ကူညီမယ်လို့ ပြောတာလဲ။
မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် စိန်ခေါ်မှုတွေကို ရင်ဆိုင်မယ်ဆိုရင် မြန်မာပြည်သူတွေကို သိစေချင်တာက မြန်မာဟာ အမေရိကန်ရဲ့ ချစ်ကြည်မှုနဲ့ ထောက်ပံ့ကူညီမှု ရှိနေမှာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောဆိုခဲ့ပါတယ်။

အာရှ-ပစိဖိတ်ဒေသနဲ့ အာဆီယံတစ်ခုလုံးရဲ့ တိုးတက်ကြီးပွားမှုကို ရေရှည်တည်တံ့စေမယ့် ငြိမ်းချမ်းရေး၊ ပူးပေါင်းဆောင်ရွက်ရေးတို့အတွက် ၂ဝ၁၅ အာဆီယံ စီးပွားရေးအသိုက်အဝန်းအတွက် အမေရိကန်ပြည်ထောင်စုက ကူညီနေတာဖြစ်ကြောင်း၊ တောင်တရုတ်ပင်လယ် ရေပိုင်နက်အငြင်းပွားမှုအတွက် ငြိမ်းချမ်းစွာဖြေရှင်းဖို့၊ နိုင်ငံတကာဥပဒေတွေကို အခြေခံဖို့ အမေရိကန်နဲ့ ပူးပေါင်းဆောင်ရွက်ပါလို့ ပြောဆိုခဲ့ပါတယ်။
မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့ချိန်မှာ ရခိုင်ပြည်နယ်ပြဿနာဟာ ပြုပြင်ပြောင်းလဲရေးမှာ စိန်ခေါ်မှုတစ်ခုဖြစ်ပြီး ၂ဝဝ၈ ဖွဲ့စည်းပုံနဲ့ မြန်မာပြည်လူ့အခွင့်အရေးကိစ္စတွေ၊ သတင်းသမားတွေကို ထောင်ချတာတွေကို မစ္စတာ ဂျွန်ကယ်ရီက မေးမြန်းခဲ့တယ်လို့ သမ္မတပြောခွင့်ရ ဦးရဲထွဋ်က ပြောပြပါတယ်။ မြန်မာသမ္မတက မြန်မာပြည်ပြုပြင်ပြောင်းလဲရေး နောက်ကြောင်းပြန်ဖို့မရှိဘဲ ရှေ့ကိုပဲ ဆက်သွားမယ်လို့ ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

၄၇ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ထိပ်သီးအစည်းအဝေးရဲ့ ဒုတိယနေ့မှာတော့ ၁၅ကြိမ်မြောက် အာဆီယံ + ၃ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေး ၁၁ခု ကျင်းပခဲ့ပါတယ်။ တောင်တရုတ်ပင်လယ် ရေပိုင်နက် အငြင်းပွားမှုနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက တောင်တရုတ်ပင်လယ် တည်ငြိမ်အေးချမ်းရေးဟာ ပါဝင်ပတ်သက်နေတဲ့ နိုင်ငံတိုင်းမှာ တာဝန်ရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။

လာမယ့်အောက်တိုဘာမှာ တောင်တရုတ်ပင်လယ်တွင်း နိုင်ငံများ လိုက်နာစောင့်ထိန်းရမယ့် လုပ်ထုံးလုပ်နည်း ကြေညာချက်ကို အကောင်အထည်ဖော်ဖို့ ထိုင်းနိုင်ငံမှာ ထိပ်သီးခေါင်းဆောင်တွေ တွေ့ဆုံကြမယ်လို့ ပြောဆိုခဲ့ပါတယ်။

kamayutmedia


No comments:

Post a Comment