Friday, February 13, 2015

ရွေးကောက်ပွဲနီးလာချိန် အစိုးရက ပြဿနာများ ဖန်တီးလာသည်ကို သတိပြုမိကြောင်း NLD နာယက သူရဦးတင်ဦးပြော


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ နီးလာသည်နှင့်အမျှ အစိုးရသည် ၎င်းတို့၏ ကိုယ်ကျိုးစီးပွား အတွက် ပြဿနာမျိုးစုံအား အချက်အမျိုးမျိုးဖြင့် ပြုလုပ်လာသည်ကို သတိပြုမိကြောင်း ကာကွယ်ရေး ဦးစီးချုပ်ဟောင်း တစ်ဦးဖြစ်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နာယက သူရဦးတင်ဦး က ဖေဖော်ဝါရီ(၁၂) ရက်တွင် ပြည်သူ့ရင်ပြင်၌ NLD ပါတီက ပြုလုပ်သော ပြည်ထောင်စုနေ့ အခမ်းအနား သဘာပတိ မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားလိုက်သည်။
ပြည်လုံးကျွတ် ဆန္ဒခံယူပွဲနှင့် ပတ်သက်၍ ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင်သူများအား ဆန္ဒမဲပေးခွင့် ပြုလိုက်ခြင်း၊ ကျောင်းသား များ တောင်းဆိုသော ဒီမိုကရေစီပညာရေးနှင့် ပတ်သက်၍ သဘောထား မတိုက်ဆိုင်မှုများ ရှိနေခြင်းအပေါ် ယခုကဲ့သို့ သတိပေး ပြောကြား ခဲ့ခြင်းဖြစ်သည်။

““ဒီနှစ်ဟာ ထူးခြားတဲ့နှစ်၊ အင်မတန်မှပဲ နိုင်ငံရေးအရ အရေးကြီးတဲ့နှစ် လို့ပဲ ပြောရမှာဖြစ်ပါတယ်။ ဘာလဲဆိုတော့ ပြဿနာရပ်တွေ ဟာ ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ပထမဦးဆုံး လူထုဆန္ဒခံယူပွဲကိစ္စမှာ လည်း လိပ်ခဲတည်း လည်း ပြဿနာလေးတွေ ပေါ်နေကြတယ်။ နောက်ပညာရေးကိစ္စနဲ့ ပတ်သက် တာလည်းပဲ ပညာရေးပြင်ဆင်မှု၊ ကျွန်တော်တို့ ရှေ့ဆက်ပြီး အများကြီး စိန်ခေါ်တာတွေ ရှိနေပါတယ်”” ဟု NLD နာယက သူရဦးတင်ဦးက ပြောသည်။

လက်ရှိအချိန်တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရန် ကြန့်ကြာမှုများ ရှိနေခြင်း၊ လယ်ယာမြေ ပြဿနာများ တက်ကြွ လှုပ်ရှားသူများအား ဖိနှိပ်အရေးယူမှုများ ရှိနေခြင်းတို့ကြောင့် တိုင်းပြည်၌ အထွေထွေ အကျပ် အတည်း ဖြစ်ပေါ်လာမည်ကို နိုင်ငံရေး အသိုင်းအ၀ိုင်းကလည်း စိုးရိမ် လျက်ရှိသည်။

““ပုံမှန်အတိုင်းဆိုရင် ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပတဲ့အခါမှာ ပြည်သူလူထုက လက်ရှိအာဏာရ ပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီကို မဲပေးကြတော့မှာ မဟုတ်ဘူးလေ။ အစိုးရအနေနဲ့ကတော့ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်နဲ့ ရွေးကောက်ပွဲ ကာလအတွင်းမှာ ညစ်တဲ့နည်းလမ်းတွေ သုံးလာမယ်လို့ပဲ ဒီလိုပဲ မြင်ပါတယ်။ ငြိမ်းချမ်းရေးမှာလည်း တပ်မတော်ရဲ့ သဘောထား(၆)ရပ် ချထားပြီး လိုက်နာရမယ်ဆိုရင် ကျွန်တော်တို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်နိုင်မှာမဟုတ်ဘူး”” ဟု ကယန်းပြည်သစ်ပါတီမှ တွဲဖက် အတွင်းရေးမှူး ဗိုလ်မှူးကြီး စောလွင်က သုံးသပ်ခဲ့သည်။

လက်ရှိအစိုးရသည် ပြည်သူလုထုအပေါ် မရိုးသားသော နိုင်ငံရေး ကစားကွက်များ ပြုလုပ်လျက် ရှိကြောင်းကို ““ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ကစားကွက်တွေက အမျိုးမျိုး လုပ်တာကို တွေ့ရတယ်။ ဒီနိုင်ငံရေးက တစ်ဖက်နဲ့ တစ်ဖက် ရိုးရိုးသားသားနဲ့ ဆက်ဆံပြီးလုပ်တာ အကောင်းဆုံးလေ။ ကိုယ့်အကျိုးကို မကြည့်ဘဲနဲ့ ပြည်သူလူထု မျက်နှာ ထောက်ထားပြီးတော့ ဒီတိုင်းပြည်ကြီး တိုးတက်ဖို့ လုပ်မယ်ဆိုရင်တော့ ကောင်းမွန်တဲ့ အခြေအနေတစ်ခုကို ရောက်မှာပါ။ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင် သူတွေကော ရွေးကောက်ပွဲ ကျင်းပ ပေးတဲ့ ရွေးကောက်ပွဲ ကော်မရှင် ကအစ ပြည်သူလူထု အကျိုးစီးပွားကို ဦးတည်ပြီးတော့ လုပ်တာ မျိုးပဲ ဖြစ်စေချင်ပါတယ်””ဟု ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဦးဒေးဗစ် လှမြင့်က မှတ်ချက်ပြု ပြောကြားသည်။

ဝိုင်းမော်

မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/myanmarherald

No comments:

Post a Comment