Wednesday, December 26, 2012

တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် KIA တို့အကြား တိုက်ပွဲများ အရှိန်မြင့်လာ

တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် KIA တို့အကြား တိုက်ပွဲများ အရှိန်မြင့်လာ...............

တပ်မတော်နှင့် ကချင်လွတ်မြောက်ရေး တပ­­­­­­်မတော်(KIA) တို့အကြား ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်မှစတင်ကာ တိုက်ပွဲများ အရှိန်မြင့်လာကြောင်း သိရှိရသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖော်ဆောင်ရေးအဖွဲ့ဝင် ဦးလမိုင်ဂွမ်ဂျာက “၂၃ ရက်ကစပြီး နှစ်ဖက်တိုက်ပွဲ အရမ်းပြင်းထန်လာတဲ့ သဘောရှိတယ်။ ကြားရတဲ့အခြေအနေအရ တပ်မတော်က KIA စစ်ဌာနချုပ်ရှိတဲ့လိုင်ဇာကို သိမ်းဖို့အတွက် အဓိက စစ်ရှိန်မြှင့်တယ်လို့ သိရပါတယ်။ အခု လိုင်ဇာကိုသိမ်းဖို့ လဂျားယန်မှာ တိုက်ပွဲပြင်းထန်နေတဲ့ ပုံစံဖြစ်ပါတယ်။ တပ်မတော်က လဂျားယန်ကို ကျော်လို့မရသေးဘူးလို့ ကြားရပါတယ်။ ဒီနေ့ (ဒီဇင်ဘာလ ၂၅ ရက်) နေ့မှာ ဗန်းမော်ဘက်ကို စစ်ကားအစီးရေ ၂၀ ထပ်တက်သွားတယ်လို့ ကြားရပါတယ်” ဟု ဒီဇင်ဘာလ ၂၅ ရက်တွင် ပြောကြားခဲ့သည်။

“ဒီရက်ပိုင်းဖြစ်နေတဲ့ တိုက်ပွဲအရှိန်တွေက KIO ဌာနချုပ်နဲ့နီးတဲ့ လဂျားယန်၊ ဘူးခါးရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံရှိတဲ့ ရွှေညောင်ပင်ရွာတစ်ဝိုက်၊ ပန်ဝါတစ်ကြောနဲ့ ချီဗွေဝန်းကျင်တွေမှာ နေ့တိုင်းနီးပါး ဆက်တိုက်လို ဖြစ်နေတယ်။ အထူးသဖြင့် အဲဒီနေရာတွေမှာ ABSDF (မြောက်ပိုင်း) တပ်နဲ့ KIA ပူးပေါင်းတပ်တွေဆိုတာ ပေါ်လာကတည်းက ပိုဖြစ်လာတယ်။ ABSDF (မြောက်ပိုင်း) ဆိုတာက အခုဒီရက်ပိုင်းမှ ပြန်ကြားလာတာ။ အရင်က ဒီလောက်ရှိခဲ့တာ မဟုတ်ဘူး။ ပူးပေါင်းတပ်တွေပေါ်လာမှ တိုက်ပွဲအရှိန်တွေ ပိုပြင်းလာတယ်” ဟု စစ်ဖြစ်ရာဒေသ၀န်းကျင်အနီးမှ ဒေသခံတစ်ဦးက ပြောသည်။

ဗလမင်းထင်တံတားအနီး ည ၉ နာရီကျော်ခန့်အချိန်တွင် သေနတ်သံများ သုံးရက်ဆက်တိုက် ကြားရသည်ဟု မြစ်ကြီးနားဒေသခံများက ဒီဇင်ဘာလ ၂၅ ရက်က ပြောကြားသည်။ တံတားကို ည ၆ နာရီမှ နံနက် ၆ နာရီအထိ ပိတ်ထားသည်။ ည ၇ နာရီအချိန်မှစတင်ပြီး မည်သည့်ဖြတ်သန်းမှုကိုမျှ ခွင့်မပြုကြောင်း သိရသည်။ ဗလမင်းထင်တံတားသည် မြစ်ကြီးနားမြို့၊ ၀ိုင်းမော်မြို့အပြင် တရုတ်နိုင်ငံကို ဆက်သွယ်ထားသော အဓိကတံတားဖြစ်ပြီး မြစ်ကြီးနားမြို့ အရှေ့ဘက်အခြမ်း မြစ်ကြီးနားမြို့ တွင်းနှင့် သုံးမိုင်ခန့်အကွာတွင် ရှိသည်။

ဒီဇင်ဘာလ ၂၃ ရက် မွန်းလွဲပိုင်းတွင် မလိရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံရှိရာအနီး လက်နက်ကြီးသံများ ကြားရကြောင်း သိရသည်။ လက်နက်ကြီးပစ်ခတ်မှု ပြင်းသဖြင့် ၁၂ မိုင်ခန့်အကွာအဝေးမှ တောင်များတုန်ခါခဲ့သည်ဟု ၀ိုင်းမော်မြို့နယ် ရွှေညောင်ပင်ကျေးရွာမှ တောင်သူတစ်ဦးက ပြောကြားခဲ့သည်။ လက်နက်ကြီးအရှိန်ကြောင့် တောထဲ၌ တောင်ယာခုတ်နေ၊ ထင်းခုတ်နေသူများအားလုံး ရွာသို့လန့်ပြေးခဲ့ရသည်ဟု အဆိုပါဒေသခံက ဆက်လက်ပြောကြားခဲ့သည်။ ဒီဇင်ဘာလ ၂၄ ရက်ညကလည်း ရွှေညောင်ပင်ကျေးရွာဝန်းကျင်တွင် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။

“၂၃ ရက်နေ့ နေ့လည်ပိုင်းလောက် တပ်မတော်လေကြောင်းကနေပြီးတော့ ဘူးခါးရေအားလျှပ်စစ်စက်ရုံကို လက်နက်ကြီးနဲ့ပစ်ပါတယ်။ ဒီစက်ရုံက မဖြိုခွဲခံရခင်အထိ KIA ဘက်ကနေ တာဝန်ယူပြီးတော့ လျှပ်စစ်ဓာတ်အား ပေးထားတာပါ။ လေကြောင်းကနေ စတိုက်တာကတော့ ကျွန်တော်သေချာမသိဘူး။ ဒီဇင်ဘာ ၂၄ ရက်နေ့က တော့သုံးကျော့လောက် အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ခဲ့တယ်။ စစ်သားတွေက ကတုတ်ကျင်းထဲမှာ နေနေလို့ရပါတယ်။ ရွာသားတွေကတော့ သေနတ်သံကြားလို့ ပြေးလွှားရတော့ ဒဏ်ရာနဲ့ အသေအပျောက် များတတ်ပါတယ်။ လိုင်ဇာမှာဖွင့်ထားတဲ့ ဒုက္ခသည်စခန်းတွေမှာ လူဦးရေ တိုးလာတယ်။ စာရင်းကတော့ အတိအကျ မသိရသေးဘူး” ဟု KIO ဗဟိုကော်မတီဝင်တစ်ဦးက ပြောကြားခဲ့သည်။

“ပန်ဝါနဲ့ မိုင် ၂၀ ၀န်းကျင်သာဝေးတဲ့ မိုင်တိုင်အမှတ် ၅ နဲ့ ၆ ကြားမှာ ဒီဇင်ဘာလဆန်းပိုင်းတည်းက  ပစ်ခတ်မှုတွေ ဆက်တိုက်ဖြစ်ခဲ့တယ်။ ဒီလမှာ ဖြစ်နေတာကတော့ အများဆုံးပဲ။ အဲဒီနေရာက တရုတ်-မြန်မာနယ်စပ်လည်း ဖြစ်တယ်။ အဲဒီဘက်မှာတော့ စစ်ရှောင်ကချင်ရွာတွေ၊ ရွာပျက်တွေပဲ ရှိတယ်။ အခုလပိုင်း လေကြောင်းတိုက်ခိုက်မှုတွေ ရှိခဲ့တယ်” ဟု ပန်ဝါဒေသခံတစ်ဦးက ပြောပါသည်။

“ဒီဇင်ဘာလ ၂၃ ရက်နေ့နဲ့ ၂၄ ရက်နေ့မှာ ချီဗွေနားက ကန်ပိုင်ယန်မှာ လက်နက်ကြီးပစ်ခတ်သံတွေ ကြားတယ်။ ဘယ်သူတွေပစ်ကြမှန်း မသိဘူး။ နောက်ပြီး လေးငါးဆယ်မိနစ်ကိုတစ်ကြိမ် တဒက်ဒက်နဲ့ ပစ်နေကြတာ။ ချီဗွေမှာလည်း ဒုက္ခသည်တွေ တိုးလာတယ်။ အခုဆိုရင် ၄၀၀ ကျော်တောင်ရှိပြီ။ ဒုက္ခသည်စခန်းတောင် နှစ်ခုဖြစ်နေပြီ။ အခုအခြေအနေတွေအရ အရင်ကဆိုရင် ချီဗွေဒေသကို ကားလေးငါးစင်း နေ့တိုင်းဝင်ပေမယ့် အခုဆိုရင် တစ်စီးပဲဝင်တယ်။ ချီဗွေအနီးက ဂျိတ်လွယ်၊ နဘုတ်၊ ရစ်သန်း၊ ရစ်ကျော်၊ ဘုတ်ထော်ကျေးရွာသားတွေလည်း ချီဗွေမြို့ကို ပြောင်းနေကြတယ်။ အဲဒီရွာတွေက တပ်ပိုင်နယ်မြေထဲမှာ ရှိတယ်။ အဲဒါကို KIA က ပြန်စီးခဲ့တယ်၊ အခုကျတော့ အစိုးရတပ်စခန်းတွေက အဲဒီကုန်းတွေမှာ တပ်ပြန်ထိုင်ထားတယ်” ဟု ချီဗွေဒေသခံ ကျေးရွာသားတစ်ဦးက ပြောကြားခဲ့သည်။

မြစ်ကြီးနား-ဗန်းမော်လမ်း ကြောင်းရှိ KIA တပ်များအားလုံး ဒီဇင်ဘာလ ၂၅ ရက် နောက်ဆုံးထား ရုပ်သိမ်းပေးရန် တပ်မတော်မှ KIA သို့ ဒီဇင်ဘာလ ၂၃ ရက်တွင် အကြောင်းကြားခဲ့သည်။

EMG

No comments:

Post a Comment