Wednesday, July 2, 2014

ရခိုင် ဝန်ကြီးချုပ်သစ် အပြော နည်းနည်းလျှော့ပါ


 ၂၀၁၃ ခုနှစ် သြဂုတ် လကုန်ပိုင်းက မြဝတီခရိုင် ရွှေကုက္ကို ကျေးရွာ အထက်တန်းကျောင်း တိုးမြှင့် ဖွင့်လှစ်ပွဲ အခမ်း အနား၌ တက်ရောက် လာသူများကို မိန့်ခွန်းပြောကြားနေသော နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဒု ဝန်ကြီး ဗိုလ်ချုပ် မောင်မောင်အုန်း (ဓာတ်ပုံ – ကျော်ခ / ဧရာဝတီ)
 
ဦးမောင်မောင်အုန်းဟာ ဒီနေ့ ကျင်းပတဲ့ ပြည်နယ်လွှတ်တော် အစည်း အဝေးမှာ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်သစ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုလိုက်ပြီ ဖြစ်ပါတယ်။ 



ကျမ်းကျိန်တာနဲ့တပြိုင်နက်တည်းမှာပဲ ချောက်ထဲရောက်နေတဲ့ ရခိုင်ပြည်နယ်ရဲ့ အဘက် ဘက်က နိမ့်ကျနေမှုကို ဆွဲတင်ပေးတော့မှာဖြစ်လို့ သူ့ကို ယုံကြည်ပေးကြပါ၊ ရခိုင်ပြည်သူတွေကလည်းပဲ ပါဝင် ပူးပေါင်း ပေးကြပါလို့ လွှတ်တော်မှာ ပြောဆိုသွားပါတယ်။ 

မြန်မာ နိုင်ငံရဲ့ ပြည်နယ်နဲ့တိုင်း ၁၄ ခုမှာ ဒုတိယ အဆင်းရဲဆုံး အဆင့် ချိတ်ဆွဲထားတဲ့ ရခိုင်ပြည်နယ်ကို အဆင့် ၁၀ အထိ ရောက်အောင် ဆောင်ရွက်ပေးသွားမယ်လို့လည်း ဆိုပါတယ်။ 

ဦးမောင်မောင်အုန်းရဲ့ ၀န်ကြီးချုပ် သက်တမ်းဟာ အစိုးရ သက်တမ်းအရ ဆိုရင် တနှစ်ကျော်ပဲ ကျန်တော့တာမို့လို့ သူပြောတဲ့အတိုင်း ဖြစ်ဖို့ဆိုတာ မြန်မာနိုင်ငံအနေနဲ့ အင်မတန် မလွယ်ကူတဲ့ ကိစ္စပါ။ 

ဘာကြောင့်လဲ ဆိုတော့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ဟာလည်းပဲ သမ္မတ ဖြစ်စတုန်းက ပြည်သူတွေကို ကတိတွေ ရွှန်း ရွှန်းဝေအောင်ပေးခဲ့ပေမယ့် အောက်ခြေ ပြည်သူတွေအတွက် အခုထိ ဘာမှမယ်မယ်ရရ ပြောင်းလဲမှု မရှိသေးပါဘူး။ 

ပြည်သူတွေရဲ့ ဆင်းရဲတွင်းဟာ နက်သထက် နက်တုန်းပါ။ အစိုးရ အဖွဲ့ဝင် ၀န်ကြီးတွေဆိုရင်လည်းပဲ ကတိတွေ လွယ်လွယ် ပေးနေကြပေမယ့် လက်တွေ့ ဖြစ်လာမှုက နည်းပါတယ်။ 

ဒီတော့ ဦးမောင်မောင်အုန်းကိုလည်းပဲ ဦးသိန်းစိန် အဖွဲ့ထဲက ၀န် ကြီး တဦး အနေနဲ့ ပုလင်းတူ ဗူးဆို့ အပြောသက်သက် ပုဂ္ဂိုလ်တော့ မဖြစ်စေချင်ပါ။ 

ရခိုင်ဒေသမှာ ၂၀၁၂ ခုနှစ် အရေးအခင်း ပြီးခဲ့တဲ့ အချိန်ကစပြီး ဖွံ့ဖြိုးရေး စီမံကိန်းတွေ တပုံတပင် ချပြခဲ့ပေမယ့် စာရွက်ထဲ၊ လေထဲမှာပဲ ပျောက်ကုန်တာ များတော့ ရခိုင်ပြည်သူတွေကလည်းပဲ အပြောထက် လက်တွေ့ လုပ်ပြမယ့် ခေါင်းဆောင် မျိုး ကိုပဲ လိုလား တောင့်တနေကြတာပါ။ 

ဦးမောင်မောင်အုန်းကတော့ သူဟာ ရခိုင်လူမျိုး မဟုတ်ပေမယ့် သူ့ ခန္ဓာထဲမှာ ရခိုင်သွေးတွေ စီးဝင်နေတယ်၊ ရခိုင်လူမျိုး တွေရဲ့ အမျိုးသား အကျိုးစီးပွားကို အသက်နဲ့လှဲပြီး ကာကွယ်ပေးသွားမယ်လို့ လည်း ဆိုပါတယ်။ 

သူဟာ နိုင်ငံတော်အဆင့် က တာဝန်ပေးထားပြီး၊ နိုင်ငံတော် အဆင့်အနေနဲ့ လုပ်ရမယ့် ၀န်ကြီးချုပ် ဖြစ် တာ မို့ လုပ်ပိုင်ခွင့်တွေ ပိုရမယ်၊ ၅၀ ရာခိုင်နှုန်း မကဘူး ၇၅ ရာခိုင်နှုန်းနဲ့အထက် လုပ်ပေးနိုင်မယ်လို့လည်း ဆိုပါတယ်။ 

သမ္မတ ဦးသိန်းစိန် က ရခိုင်ဒေသ ဖွံ့ဖြိုးရေး အတွက် ကျပ်ငွေ ဘီလီယံ ၁၅ ဘီလီယံ ချပေးထားပြီး၊ လိုအပ်ပါက ထပ်မံ တောင်းခံ နိုင်ကြောင်းလည်း ရခိုင် ၀န်ကြီးချုပ်သစ်က သတင်းမီဒီယာတွေကို ခဏခဏ 
ပြောပါတယ်။ 

တကယ်တော့ ကျပ်ငွေ ၁၅ ဘီလီယံ ဆိုတာဟာ ရခိုင်ဒေသ ထွက်တဲ့ သဘာဝ ဓာတ်ငွေ့ အပါအ၀င် ဒေသထွက် သယံဇာတ တွေဆီကနေ အစိုးရအဖွဲ့ ရနေတဲ့ ငွေတွေနဲ့ယှဉ်လိုက်ရင် ကလေးမုန့်ဖိုးအဆင့်ပဲ ရှိပါတယ်။ 

ဦးမောင်မောင်အုန်းက သူ ၀န်ကြီးချုပ် တာဝန်ယူပြီးတာနဲ့ ရခိုင်ဒေသတွင်း က မြို့နယ် တချို့မှာ လျှပ်စစ် မီးတွေ ရအောင် လုပ် ဆောင်ပေးမယ်လို့ လည်း ပြောပါတယ်။ 

ဒါ့အပြင် ဒေသတွင်း ပဋိပက္ခတွေ လုံးဝ ချုပ်ငြိမ်းသွားအောင် အရင်လုပ်ပြီးတော့ ရခိုင်ဒေသကြီး တခုလုံး ဖွံ့ဖြိုးအောင် ကိုယ်စွမ်း ဥဏ်စွမ်း ရှိသရွှေ့ လုပ်ဆောင်သွားမှာမို့လို့ သူ့ကို ယုံကြည်ပေးကြပါ၊ စောင့်ကြည့်
ပေးကြပါလို့ ကတိတွေ အကြိမ်ကြိမ်ပေး ပြောဆိုနေလေတော့ အပြောတာ နည်းနည်းများနေသလားလို့ပါ။ 

အစပိုင်းမှာတော့ ဦးမောင်မောင်အုန်းကို ကန့်ကွက်မှု တချို့ ရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အပြု သဘောနဲ့ လက်ခံပေးခဲ့ကြ ပါတယ်။ ရခိုင် ခေါင်းဆောင်တွေကလည်းပဲ ၀န်ကြီးချုပ်သစ်ကို မူအားဖြင့် ကြိုဆိုပြီး ကူညီပေးသွားကြမယ်လို့ ပြောဆိုထား ကြပါတယ်။ 

ဘာပဲ ဖြစ်ဖြစ် ရခိုင်ပြည်သူတွေကလည်းပဲ သူတို့ဒေသ ၀န်ကြီးချုပ်သစ်ရဲ့ အပြောတွေကို စောင့်ကြည့်
နေရင်း နဲ့ပဲ ရာထူး သက်တမ်းကုန်၊ အချိန်တွေကုန် ဆုံးသွားရမယ့် အရာမျိုးကိုတော့ မလိုချင်ကြတော့တာ အမှန်ပဲလို့ ဆိုရမှာပါ။ 

ဒါကြောင့် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်း ရခိုင်ပြည်သူတွေရဲ့ ယုံကြည် ထောက်ခံမှု အပြည့်အ၀ လိုချင် ရင်တော့ အပြောနည်းနည်း လျော့၍ အလုပ်နဲ့သက်သေပြပေးဖို့သာ လိုပါလိမ့်မယ်။ 

ခင်ဦးသာ ~ဧရာဝတီ(ဘလော့ဂ်)

1 comment:

  1. ဧရာဝတီ ဆိုတာ ကုလား နေသန်းမောင်ပိုင်တဲ့ သတင်းတိုက်ဆို ရှင့်။ ဒီတော့လည်း ဒီလိုရေးပြီပေါ့။ ကျမ တို့ သာမန် နလိန်ဗိန်တုံး စာဖတ်သူတွေတောင်မှန်းဆလို့ရပါတယ်။

    ReplyDelete