Wednesday, August 20, 2014

အာဖရိကအနောက်နိုင်ငံမှ ပြန်လာသူတစ်ဦးတွင် အဖျားရောဂါတွေ့ရှိ

  ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အာဖရိကအနောက်နိုင်ငံမှ ပြန်လာသူတစ်ဦးတွင် အဖျားရောဂါတွေ့ရှိ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ရောဂါစစ်ဆေးမှုနှင့် ရောဂါထိန်းချုပ်ခြင်းလုပ်ငန်းများ ချက်ချင်းဆောင်ရွက်
(၁၉-၈-၂ဝ၁၄)
အာဖရိကအနောက်ပိုင်းဒေသရှိ နိုင်ငံများတွင် ကူးစက်မြန်အီဘိုလာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံအတွင်းသို့ ကူးစက်ဝင်ရောက်မှု မရှိစေရေးအတွက် အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ဆိပ်ကမ်းများ၊ နယ်စပ်ဖြတ်ကျော်ဝင်ပေါက်များတွင် အဖျားရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ရောဂါဖြစ်ပွားသောနိုင်ငံများသို့ ခရီးသွားလာမှုနှင့် လူနာနှင့်ထိတွေ့သော ရာဇဝင်ရှိသူများအား စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။

(၁၉-၈-၂ဝ၁၄)ရက်နေ့၊ ညပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ရောဂါစောင့်ကြပ်ကြည့်ရှုရေးအဖွဲ့သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်း ဆောင်ရွက်စဉ် အာဖရိကအနောက်ပိုင်းဒေသ Guinea နိုင်ငံနှင့် Liberia နိုင်ငံများတွင် အလုပ်သွားရောက်လုပ်ကိုင်ပြီး မြန်မာနိုင်ငံသို့ ပြန်လာသူ အသက်(၂၂)နှစ်အရွယ် အမျိုးသား(၁)ဦးသည် ဖျားခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်းစသည့် ရောဂါလက္ခဏာများ ခံစားနေရကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ဝေဘာဂီအထူးကုဆေးရုံသို့ လွှဲပြောင်း၍ လိုအပ်သော ဆေးကုသခြင်းနှင့် ဓာတ်ခွဲစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

လူနာနှင့်အတူ လူနာအား ပြုစုကုသလိုက်ပါပို့ဆောင်သူ (၄)ဦးတို့အားလည်း ဝေဘာဂီအထူးကုဆေးရုံတွင် စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ဓာတ်ခွဲစစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိပါသည်။

ဝေဘာဂီအထူးကုဆေးရုံတွင် ဆေးရုံအုပ်ကြီးနှင့် သမားတော်ကြီးတို့ ဦးဆောင်သော အဖွဲ့က လူနာအား သီးခြားခွဲခြားထားရှိကုသမှုဆောင်ရွက်ခြင်း၊ လူနာနှင့်အတူပါလာသူ ထိတွေ့သူ (၄) ဦးအားလည်း သီခြားခွဲခြားထားရှိ စောင့်ကြပ်ကြည့်ရှုခြင်း၊ ရန်ကုန်ပြည်သူ့ကျန်းမာရေးဆိုင်ရာဓာတ်ခွဲမှုဌာနက လူနာနှင့် လူနာအား ထိတွေ့ကိုင်တွယ်သူ(၄)ဦးထံမှ လိုအပ်သော ဓာတ်ခွဲနမူနာများ ရယူ၍ ကူးစက်မြန်အီဘိုလာဗိုင်းရပ်စ်ရောဂါ ရှိ/မရှိ စစ်ဆေးနိုင်ရန်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားသော ညွှန်းပို့ဓာတ်ခွဲခန်း (Reference Laboratory) သို့ ပေးပို့ စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Myanmar CDC


No comments:

Post a Comment