လေးဆယ်ကျော်ရှိသည်။ အကြံပေး အချင်းချင်းပင် သမ္မတတွင် အကြံပေးမည်မျှ
ရှိသည်ကို တိတိကျကျ မပြောနိုင်ပေ။ သမ္မတရုံးတွင် ၀န်ကြီးငါးဦး ရှိသည့်အနက်
ဦးစိုးသိန်းသည် သမ္မတ၏ အခန်းသို့ တံခါးမရှိ ဓါးမရှိ ၀င်ထွက်ခွင့်ရသည်။
အခြား ၀န်ကြီးများ ၀င်လိုက ကိုယ်ရေးအရာရှိ မှတစ်ဆင့် ခွင့်တောင်းပြီးမှ
ဝင်ရသော်လည်း ဦးစိုးသိန်းမူ သမ္မတ ရုံးခန်းတံခါးကို သူကိုယ်တိုင်ဖွင့်ပြီး
ဝင်လိုသည့် အချိန် ၀င်နိုင်သည်။ နာဂစ်ကာလက ရေတပ်မှ စစ်သင်္ဘော သုံးစီး
နစ်မြုပ်သွားသဖြင့် ရေတပ်ဦးစီးချုပ် ရာထူးမှ ဖယ်ရှားခံရတော့မည့်
ဦးစိုးသိန်းကို တစ်ပတ်စဉ်ထဲ သူငယ်ချင်း ဖြစ်သဖြင့် ဗိုလ်ချုပ်မှူးကြီး
သန်းရွှေထံ အသနားခံပြီး ကယ်တင် ထားခဲ့သည်ဟုလည်း အတွင်းသိများက
ပြောဆိုနေကြသည်။
သို့သော် ဦးစိုးသိန်းသည် သူ၏ ကယ်တင်ရှင် ဦးသူရရွှေမန်းကို မောက်မာစွာ
ဆက်ဆံသည်။ ဦးရွှေမန်းက စကားပြောလျှင်ပင် ပြန်ပြောချင်မှ ပြောသည်ဟုလည်း
နာမည်ကြီးသည်။ အစိုးရ ၀န်ကြီးများ အတွင်းတွင် အမောက်မာဆုံး ပုဂ္ဂိုလ်ဟုလည်း
နာမည်တစ်လုံး ရထားသူဖြစ်သည်။ စီးပွားကူးသန်း ၀န်ကြီးကား အခြား
ဝန်ကြီးများနှင့် ယှဉ်တိုင်း အပြောဆိုခံရသည်။ ထို့ကြောင့်
ဗိုလ်ချုပ်တွေကြားမှာ ကျွန်တော် တစ်ယောက်ပဲ ရိုးရိုးသားသား စစ်သားပါဟု
ရင်ဖွင့်လေ့ရှိသည်။ ပြည်ထောင်စု ၀န်ကြီး ၃၆ဦးတွင် ပညာရေး ၀န်ကြီး၊
စီးပွားကူးသန်း ၀န်ကြီး၊ အမျိုးသား စီမံကိန်းများ ဖွံ့ဖြိုးတိုးတက်ရေး
ဝန်ကြီး၊ ကျန်းမာရေး ၀န်ကြီး၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်
နေရာချထားရေး ၀န်ကြီး၊ ဆောက်လုပ်ရေး ၀န်ကြီး၊ သိပ္ပံနှင့် နည်းပညာ ၀န်ကြီး၊
အားကစား ၀န်ကြီးတို့ ၈ဦးသာ အရပ်သားများ ဖြစ်ပြီး ကျန်ဝန်ကြီး ၂၈ပါးမှာ
စစ်ဗိုလ်များ ဖြစ်ကြသည်။ ထိုအထဲတွင်လည်း စစ်တက္ကသိုလ်မှ ဆင်းသည့် ၀န်ကြီးက
၂၅ဦးပါပြီး ဗိုလ်သင်တန်း ကျောင်းဆင်း ၀န်ကြီးမှာ ၃ပါးသာ ပါရှိသည်။
စစ်ဗိုလ်ဝန်ကြီး ၂၅ပါးတွင် လေတပ်မှ ၂ဦး၊ ရေတပ်မှ ၂ဦးပါဝင်သည်။
ထို့ကြောင့် ၀န်ကြီးများကို အချိုးကျ ကြည့်လျှင် စစ်ဗိုလ်များက ၇၇.၂
ရာခိုင်နှုန်းနှင့် အရပ်သားများက ၂၂.၈ ရာခိုင်နှုန်း ဖြစ်သည်ကို တွေ့ရသည်။
တစ်ဖန်စစ်ဗိုလ်များကို အချိုးချကြည့်လျှင် စစ်တက္ကသိုလ် ကျောင်းဆင်းများက
၈၉.၂ရာခိုင်နှုန်း ၀န်ကြီးများ နေရာများ ရရှိထားပြီး ဗိုလ်သင်တန်း
ကျောင်းဆင်းများက ၁၀၁.၈ ရာခိုင်နှုန်းသာ ရရှိထားသည်။
သမ္မတကြီးသည် စစ်တက္ကသိုလ် အမှတ် ၉မှဖြစ်ပြီး သတ္တုတွင်း ၀န်ကြီး
ဦးမြင့်အောင်မှာ သမ္မတနှင့် တစ်ပတ်စဉ်ထဲ ဖြစ်သည်။ သမ္မတရုံးဝန်ကြီး
ဦးစိုးသိန်း၊ ပို့ဆောင်ရေး ၀န်ကြီး ဦးဥာဏ်ထွန်းအောင်၊ သမ၀ါယမ ၀န်ကြီး
ဦးကျော်ဆန်းတို့သည် စစ်တက္ကသိုလ် အမှတ်စဉ် ၁၁ သင်တန်းဆင်းများ ဖြစ်ပြီး
ပြည်ထောင်စု လွှတ်တော် နာယက ဦးရွှေမန်းနှင့် တစ်ပတ်စဉ်ထဲ သူငယ်ချင်းများ
ဖြစ်ကြသည်။ ယဉ်ကျေးမှု ၀န်ကြီးသည် စစ်တက္ကသိုလ် အမှတ်စဉ် ၁၀မှဖြစ်သည်။
သမ္မတ၀န်ကြီးရုံး ဦးသိန်းညွန့် သည် စစ်တက္ကသိုလ် အမှတ်စဉ် ၁၂မှဖြစ်သည်။
သမ္မတရုံး ၀န်ကြီး ဦးအောင်မင်းသည် စစ်တက္ကသိုလ် အမှတ်စဉ် ၁၃မှဖြစ်ပြီး
ဦးနေ၀င်း လက်ထက် ထောက်လှမ်းရေးများကို ဖြိုခွင်းခဲ့စဉ် ကျန်ခဲ့သူ ဖြစ်သည်။
စစ်တက္ကသိုလ် အမှတ်စဉ် ၁၅တွင် ၀န်ကြီးများအဖြစ် ဦးလှထွန်း၊ ဦးဆန်းဆင့်၊
ဦးဝင်းထွန်း၊ ဦးခင်မောင်စိုး၊ ဦးဌေးအောင်တို့ ဖြစ်သည်။ စစ်တက္ကသိုလ်
အမှတ်စဉ် ၁၆မှ နိုင်ငံခြားရေး ၀န်ကြီး တစ်ဦးရှိပြီး စစ်တက္ကသိုလ် အမှတ်စဉ်
၁၇မှ ဦးမြင့်လှိုင်၊ ဦးမြတ်ဟိန်း၊ ဦးအုန်းမြင့်၊ ဦးခင်ရီ၊ ဦးသန်းဌေး၊
ဦးစိုးမောင်၊ ဦးတင်နိုင်သိန်း ၀န်ကြီး ၇ပါးရှိသည်။ ကာကွယ်ရေး ၀န်ကြီသည်
စစ်တက္ကသိုလ် အမှတ်စဉ် ၁၈မှ ဖြစ်သည်။ ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး
ကိုကိုနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်သည် စစ်တက္ကသိုလ် အမှတ်စဉ် ၁၉မှ
ဖြစ်ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် တစ်ပတ်စဉ်ထဲ ဖြစ်သည်။
စက်မှုဝန်ကြီးသည် စစ်တက္ကသိုလ် အမှတ်စဉ် ၂၀မှဖြစ်ပြီး ဦးဇေယျာအောင်သည် စစ်
တက္ကသိုလ် အမှတ်စဉ် ၂၂မှဖြစ်သည်။ ဗိုလ်သင်တန်း ကျောင်းဆင်းများမှ
နယ်စပ်ရေးရာ ၀န်ကြီး၊ ပြန်ကြားရေး ၀န်ကြီးနှင့် အလုပ်သမား ၀န်ကြီးတို့ ၃ဦး
ဖြစ်သည်။
ပြည်သူ အများစုက အစိုးရ အဖွဲ့အစည်းအဝေး ကက်ဘိနပ်နှင့် မြန်မာနိုင်ငံ
ရင်းနှီးမြှုပ်နှံမှု ကော်မရှင်တို့ကို လူသိများသော်လည်း နိုင်ငံတော်
စီးပွားရေး ကော်မတီဆိုသည့် ဦးစိုးသိန်း ဥက္ကဋ္ဌ လုပ်နေသော အဖွဲ့ကို
လူသိနည်းသည်။ ထိုအဖွဲ့သည် ၀န်ကြီးဌာနများနှင့် အစိုးရ အဖွဲ့အစည်းများက
တင်ပြလာသော ငွေကြေးသုံးစွဲခွင့်နှင့် စီးပွားရေး လုပ်ငန်းများကို
အဆုံးအဖြတ်ပေးသည်။ ဆိုရလျှင် စစ်အစိုးရခေတ်က ကုန်သွယ်ရေး မူဝါဒ ကောင်စီ၏
အလုပ်ကို လုပ်သည်။ ထိုနေရာမှ သတင်းဦး ရသူသည် စီးပွားရေးလောကတွင်
နေ့ချင်းသူဌေး ဖြစ်သွားနိုင်သည့် စီးပွားရေး မူဝါဒ ချမှတ်သည့်
အဖွဲ့အစည်းလည်း ဖြစ်သည်။ ကားအိုကားဟောင်းများ အပ်ပြီး ကားသစ်များ
ပါမစ်ထုတ်ပေးသည့် သတင်းကို ကြိုတင်ရရှိသူများက နယ်အနှံ့
ကားအိုကားဟောင်းများ ဆင်းဝယ်ပြီး အချီကြီးပွသွားသည့် ကိစ္စမျိုးဖြစ်သည်။
အစိုးရ အဖွဲ့အတွင်းတွင်လည်း သမ္မတ၏ သဘောကောင်းမှုကို အခွင့်အရေး တစ်ရပ်အဖြစ်
ယူနေသူများလည်း ရှိသည်။ ပြန်ကြားရေး ၀န်ကြီး ဦးကျော်ဆန်းကို အပုပ်နံ့
အထွက်များသဖြင့် ရာထူးမှ ဖယ်ရှားရန် ကြံစည်ခဲ့သော်လည်း ဦးကျော်ဆန်းက
သူ့ကို ရာထူးမှ ဖယ်ရှားပါက လည်ပင်းတွင် စာဆွဲပြီး လွှတ်တော်ရှေ့တွင်
တစ်ကိုယ်တော် ဆန္ဒပြမည်ဟု ပြန်လည် ခြိမ်းခြောက်သဖြင့် ၀န်ကြီးဌာနသာ
ပြောင်းလဲလိုက်ရသည်ဟုလည်း သတင်းထွက်ပေါ်ခဲ့ဖူးသည်။ လက်ရှိတွင်လည်း
ကျန်းမာရေး ၀န်ကြီး ဌာနသည် စွမ်းဆောင်ရည် ညံ့ဖျင်းခြင်း၊ လာဘ်ပေးလာဘ်ယူ
အသံများ ထွက်ခြင်းကြောင့် ကျန်းမာရေး ၀န်ကြီးကို သမ္မတရုံးတွင် တွဲဖက်
ထိုင်စေပြီး ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ကျန်းမာရေး ၀န်ကြီးဌာနကို
ကိုင်တွယ်နေရသည်။ ထို့ကြောင့် ဒုသမ္မတက ကျန်းမာရေးဝန်ကြီး ဒေါက်တာ
ဖေသက်ခင်ကို ရာထူးမှ ထွက်စာတင်ရန်ပြောရာ ဒေါက်တာ ဖေသက်ခင်က
မထွက်ဘူးဆိုရင်ရောဗျာဟု ပြန်လည် တုန့်ပြန်သဖြင့် ရာထူးမှ မဖယ်ရှားရဲပဲ
ထားနေရသည်ဟု ဆိုသည်။
အထူးသဖြင့် သမ္မတအနီးမှ အကြံပေးများနှင့် ၀န်ကြီးအချို့သည်
လုပ်ပိုင်ခွင့်များကို နည်းအမျိုးမျိုးနှင့် ရယူနေကြသည်။ ယခုလည်း
သန္တိသုခကျောင်း ကိစ္စတွင် ကိုင်တွယ် ဖြေရှင်းသော ဦးအံ့မောင်သည် သမ္မတရုံး
အကြံပေး မဟုတ်ပါဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ငြင်းဆိုသွားသည်။
သို့သော် ဦးအံ့မောင်သည် ရန်ကုန် ကမ္ဘာအေးရှိ သာသနာရေး ဦးစီးဌာနတွင်
ရုံးတက်နေပြီး ရုံးခန်းတွင် နိုင်ငံတော် သမ္မတ အကြံပေး ပုဂ္ဂိုလ်ဟု
မည်သည့်အတွက် ဆိုင်းဘုတ် ချိတ်ထားသည်ကို စဉ်းစားရန် ဖြစ်လာသည်။
သန္တိသုခကျောင်းကို စစ်ပွဲပုံစံညဘက် စီးနင်းရာတွင် တာဝန်ရှိသော သာသနာရေး
ဝန်ကြီးကိုလည်း ရာထူးမှ အနားပေးမည်ဟု သတင်းများ ထွက်ပေါ်နေသည်။ သို့သော်လည်း
သမ္မတ ဦးသိန်းစိန်၏ စိတ်နေစိတ်ထားအရ တစ်နှစ်သာ ကျန်တော့သည့် အစိုးရ
သက်တမ်းတွင် ၀န် ကြီး အားလုံးကို အတတ်နိုင်ဆုံး မဖြုတ်ပဲ
လက်တွဲခေါ်ယူသွားမည့် အခြေအနေက ပိုဖြစ်နိုင်သည်ဟု အတွင်းသိများက ပြောကြသည်။
နိုင်ငံတော်၏ မဏ္ဍိုင်ကြီး သုံးခုတွင် တရားစီရင်ရေး မဏ္ဍိုင်ကလည်း လုပ်ချင်ရာ
လုပ်နေသည်။ လွှတ်တော်တွင် တရားစီရင်ရေး မဏ္ဍိုင်သည် ပြိုလုဖြစ်နေပြီဟု
ဆွေးနွေးခဲ့ကြသော်လည်း တရားရေးမှ တာဝန်ရှိသူများက မည်သူ့ကိုမျှ မကြောက်၊
ချချင်သည့် အမိန့်တွေ ချနေကြသည်။ လာဘ် စားမြဲစားနေကြသည်။ ယခင်က
အုပ်ချုပ်ရေး မဏ္ဍိုင်၏ လက်အောက်တွင် နေခဲ့သဖြင့် အညှိုးနှင့်
လက်စားချေနေသလား ထင်ရအောင် မတော်မတရား အမိန့်များချသည်။ လက်နက်မှုသည် အာမခံ
မပေးရဟု ဆိုသော်လည်း ပြောင်ပြောင်တင်းတင်း အာမခံပေးပစ်သည်။ စီရင်ချက်အတွက်
အနည်းဆုံး ပြစ်ဒဏ်နှင့် အများဆုံး ပြစ်ဒဏ်ကြားတွင် တရားရေး မဏ္ဍိုင်မှ
တာဝန်ရှိသူများ ပျော်ပျော်ကြီး ခရီးနှင် နေကြသည်။ အုပ်ချုပ်ရေးမှ
တာဝန်ရှိသူ လူကြီးတစ်ဦးက ဒီတရားစီရင်ရေး မဏ္ဍိုင်ကြောင့်
ဘာမှအုပ်ချုပ်လို့ကို မရတော့ပါဘူးဟု ငြီးတွားရသည့် အခြေအနေ ရောက်နေသည်။
တစ်ချိန်တည်းတွင် အစိုးရသည် တစ်ပါတီတည်း ဖြစ်သော ကြံ့ခိုင်ရေး ပါတီဝင်
လွှတ်တော် အမတ်များ၊ လွှတ်တော် ဥက္ကဋ္ဌ၊ လွှတ်တော် နာယကတို့နှင့်လည်း အဆင်မပြေ
ဖြစ်နေသည်။ လွှတ်တော် နာယက သူရဦးရွှေမန်းက သမ္မတနှင့် တရားဝင် တွေ့ဆုံခွင့်
တောင်းထားသည်မှာ ခြောက်လကျော်ပြီ ဖြစ်သော်လည်း သမ္မတက တွေ့ခွင့်မပေးဟု
အမျက်ထွက်သည်။ သမ္မတကလည်း သူရဦးရွှေမန်းသည် ဒေါ်အောင်ဆန်းစုကြည်နှင့် အကြိမ် ၇
ကျော် အဘယ်ကြောင့် တွေ့ဆုံသနည်းဟု မေးခွန်း ထုတ်ပြန်သည်ဟု ကြားရသည်။
မေလတွင် တပ်မတော်က စာမျက်နှာ ခြောက်မျက်နှာပါသော စာတစ်စောင်ကို သမ္မတနှင့်
လွှတ်တော် နာယကထံပို့သည့် သတင်းများ ထွက်ပေါ်သည်။ စာထဲတွင် မည်သည်တို့ကို
ရေးထားသည်ကို မသိသော်လည်း ထိုစာရပြီးနောက် သမ္မတ၊ လွှတ်တော် နာယကနှင့်
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ သုံးပွင့်ဆိုင်တွေ့ကြသည်ဟု
သတင်းရရှိသည်။ မေလ နောက်ဆုံးအပတ်တွင် ကြံ့ခိုင်ရေး ဗဟို အလုပ်အမှုဆောင်
အစည်းအဝေးကို တံခါးပိတ် ကျင်းပပြီး ပါတီ လျှောက်လှမ်းမည့်
အနာဂတ်လမ်းကြောင်းနှင့် ၂၀၁၅ ရွေးကောက်ပွဲအတွက် မဟာဗျူဟာများ
ချမှတ်လိုက်သည်ဟု သိရသည်။ ယခု အပတ်တော့ ဤမျှနှင့် နားပါဦးမည်။ ရှေ့ပတ်တွင်
လွှတ်တော်၊ နိုင်ငံရေး ပါတီများနှင့် မီဒီယာများအကြား အရှုတ်တော်ပုံများ
ရေးပါဦးမည်။
သံဖနောင့်
Tomorrow
No comments:
Post a Comment