Saturday, July 5, 2014

SSPP ဌာနချုပ်အနီး အစိုးရတပ်တိုးဖြည့် တာ့ဖါဆောင်ရွာခံများအားလုံး စစ်ဘေးရှောင်

ဂျူလိုင် ၅ ရက် ၂၀၁၄

ဂျူလိုင်လဆန်းပိုင်းမှစ၍ သျှမ်းပြည်တပ်မတော် SSPP/SSA ဌာနချုပ် အနီး အစိုးရတပ်များအင်အား တိုးဖြည့်လာနေသဖြင့် တိုက်ပွဲထပ်မံဖြစ်ပွားဖွယ်ရှိသည့် တာ့ဖါဆောင် (တံတား) တပ်စခန်း အနီး နေထိုင်သည့် တာ့ဖါဆောင်ရွာသားများ ရပ်ရွာမှစွန်ခွါကာ စစ်ဘေးရှောင်နေကြသည်ဟု စုံစမ်းသိရှိရပါသည်။
သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် SSPP/SSA ဌာနချုပ်အနီးသို့ အစိုးရတပ်အင်အား ရာဂဏန်း က ထပ်မံအင်အားဖြည့်လာသည့်အတွက် (ကျေးသီးမြို့နယ်၊ ဝမ့်ဝပ်ကျေးရွာအုပ်စု) တာ့ဖါဆောင်ရွာ အိမ်ခြေ ၂၅ လုံး၊ လူဦးရေ ၈၀ ကျော် ရွာမှ တောပိုင်းသို့ တိမ်းရှောင်ကြသည်ဟု ကျေးသီးမြို့ရောက် ဝမ့်ဝပ်ရွာခံ စိုင်းဟောင်း(ဝ်)ခမ်း က ပြောပါသည်။

“ကျနော်တို့ ရွာလဲ တချို့တွေ စစ်ဘေးတိမ်းရှောင်နေတဲ့သူရှိတယ်။ ပြီးခဲ့တဲ့အပတ်က တိုက်ပွဲဖြစ်ပွား ခဲ့တဲ့ တာ့ဖါဆောင်ရွာ ဆို အကုန်လုံးတိမ်းရှောင်ကြပြီ။ မောင်းထုတ်လို့တော့မဟုတ်ဘူး။ စစ်သားတွေ အများကြီးရောက်လာလို့။ ကြောက်ကြတယ်လေ။” - ဟု သျှမ်းသံတော်ဆင့်သို့ပြောသည်။

ယမန်နေ့ညနေပိုင်းကလည်း သီပေါမြို့အခြေစိုက်အစိုးရတပ်များ မိုင်းရယ် ဟိုယ မှ တဆင့် ဝမ့်ဟိုင်းဌာနချုပ်ဘက်သို့ စစ်သည်အင်အား ၁၀၀ ခန့် ဆင်းလာကြောင်း၊ ဂျူလိုင် ၂ ရက်နေ့တွင် ရလခ စစ်တိုင်းရုံးလက်အောက်ခံ တပ်များက ကျေးသီးမြို့နယ်ဘက် စစ်ကား ၉ စီး၊ ကွန်ဟိန်း - ကာလိ မှ မိုင်းရှူးသို့ စစ်ကား ၉ စီး၊ ဂျွန် ၂၄ ရက်နေ့တွင် လားရှိုးမှတဆင့် တန့်ယန်း မန့်ကတ်ဘက် စစ်ကား အစီး ၅၀ စစ်အင်အားများတင်ဆောင်ကာ သျှမ်းပြည်တပ်မတော်နယ်မြေသို့ တိုးချနေကြောင်း ဝမ့်ဟိုင်း ဌာနချုပ် စစ်ရုံးအဖွဲ့က ထုတ်ပြန်ပါသည်။

လဲချားမြို့နယ် သျှမ်းပြည်နယ် လွှတ်တော်အမတ် စိုင်းကျော်ဇေယျ က ‘ စစ်အားအပြိုင်အဆိုင်တိုးချလို့ တာ့ဖါဆောင်ရွာသူရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ကျနော်ကြားရတယ်။ တကယ် ကို စိတ်မကောင်းဘူး။ ဒီလိုမျိုးကိစ္စတွေရှိလာတော့ ကျနော်တို့ လိုချင်တဲ့ ငြိမ်းချမ်းရေးရပါ့မလား’ - ဟု သျှမ်းသံတော် ဆင့်သို့ ပြောသည်။

အစိုးရတပ်မတော်ဘက်မှ သျှမ်းပြည်တပ်မတော် SSPP/SSA နယ်မြေဘက်သို့ အင်အားဖြည့်တိုးချဲ့ ချထားမှုကြောင့် နှစ်ဘက်စစ်ရေးတင်းမာနေသည့်အပေါ် နေပြည်တော် အစိုးရ ပြည်ထောင်စုငြိမ်း ချမ်းရေး ဖေါ်ဆောင်ရေးကော်မတီ ဒု-ဥက္ကဌ ဦးအောင်မင်း နှင့် ဦးသိန်းဇော်ထံ ဖုန်းဆက်အကြောင်း ကြား ထားကြောင်း၊ ထာဝရငြိမ်းချမ်းရေးဆီသို့ လျှောက်လှမ်းနေချိန် နှစ်ဘက်ကြား ယုံကြည်မှုတည် ဆောက် ရေး ထိခိုက်စေကြောင်းပါရှိသည်ဟု SSPP/SSA အထွေထွေအတွင်းရေးမှူး စဝ်ခွန်ဆိုင် ကပြောသည်။


သျှမ်းသံတော်ဆင့်



No comments:

Post a Comment