Tuesday, September 16, 2014

မြ၀တီမြို့ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားနံဘေး ပတ်လမ်းတွင် ချိန်ကိုက်မိုင်းတစ်လုံး တွေ့ရှိ

Written by: 
ကိုရွှေသိန်း (မြ၀တီ)
Written by: 
ကိုရွှေသိန်း (မြ၀တီ)
Written by: 
ကိုရွှေသိန်း (မြ၀တီ)

By ကိုရွှေသိန်း(မြ၀တီ)
မြ၀တီမြို့ အမှတ်(၁)ရပ်ကွက် မြန်မာ- ထိုင်း နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားနံဘေး ပတ်လမ်း(ယာဘက်)မှ ဗံကားပစ္စည်း အရောင်းဆိုင်ရှေ့လမ်းနံဘေးတွင် ချိန်ကိုက်စနစ် မိုင်းတစ်လုံးအား စက်တင်ဘာ ၁၅ ရက် နံနက် ၆ နာရီခွဲတွင် တွေ့ရှိခဲ့ပြီး သက်ဆိုင်ရာမှ နံနက် ၇ နာရီ ၄၅ မိနစ်တွင် ရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။
ချစ်ကြည်ရေးတံတား နံဘေးပတ်လမ်း ကားနှစ်စီးကြား၌ ဗုံးဟုယူဆရသော အရာတစ်ခုတွေ့ရှိကြောင်း လမ်းသန့်ရှင်းရေးအမျိုးသမီးက တံတားလုံခြုံရေးတာဝန် ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ဝင်များအား အကြောင်းကြားခဲ့ရာ ရဲကင်းမှတစ်ဆင့် ရှေ့တန်းရုံးအခြေပြုစစ်ဗျူဟာမှူးထံ သတင်းပို့ပေး၍ တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး စစ်မြေပြင်အင်ဂျင်နီယာတပ်မှ တပ်ကြပ်ကြီး ကျော်သိန်းနှင့် ဒုတပ်ကြပ် မောင်မောင်ဦးတို့က နံနက် ၇ နာရီ ၄၅ မိနစ်တွင် ရှင်းလင်းနိုင်ခဲ့သည်။
အဆိုပါ ချိန်ကိုက်မိုင်းဟု ယူဆရသည့် ဆက်စပ်ပစ္စည်းများအားစိစစ်ရာ နာရီဒိုင်ခွက်ချိန်စက်အား ၁၀ နာရီ ၅၅ မိနစ်အချိန်တွင်ထားရှိကာ အခြား စက္ကန့်၊ မိနစ်တံများ ဖြတ်တောက်ထားကြောင်း၊ ပင်မယမ်းအုံမှာ အရှည် ခြောက်လက်မ၊ အချင်း နှစ်လက်မ၊ အလေးချိန် ၁ ဒသမ ၈ ကီလိုရှိ သံပိုက်လုံးဖြင့်ပြုလုပ်ထားကြောင်း စစ်မြေပြင်အင်ဂျင်နီယာတပ်မှ တပ်ကြပ်ကြီး ကျော်သိန်းက ရှင်းလင်းပြောကြားသည်။
အဆိုပါ ချိန်ကိုက်မိုင်းတွေ့ရှိရာနေရာမှာ နှစ်နိုင်ငံချစ်ကြည်ရေးတံတားအား အန္တရာယ်ဖြစ်စေနိုင်သည့် အကွာအဝေးအတွင်းမရှိသော်လည်း လမ်းနံဘေးညအိပ်ချိန်၌ အလွယ်တကူချထားခြင်းဖြစ်ပြီး နာရီလက်တံမှာ ပေါက်ကွဲချိန် ၁၀ နာရီ ၅၅ မိနစ်တွင် ထားခြင်းဖြစ်၍ လူစည်ကားသည့်အချိန်တွင် ပေါက်ကွဲရန် ရည်ရွယ်ခြင်းဖြစ်နိုင်သည်ဟု တာဝန်ရှိသူများက သုံးသပ်ကြသည်။
လွန်ခဲ့သော ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီ ၉ ရက် ညနေ ၄ နာရီ ၁၅ မိနစ်အချိန်က အဆိုပါနေရာတွင် ချိန်ကိုက်မိုင်းဗုံးနှစ်လုံးဆက် ပေါက်ကွဲခဲ့မှုဖြစ်စဉ်ကြောင့် ဆိုင်ရှင်အမျိုးသမီးတစ်ဦးအပါအ၀င် သုံးဦးသေဆုံးခဲ့ပြီး လူအများအပြား ဒဏ်ရာရှိခဲ့သည်။
မြန်မာနိုင်ငံတွင် ဗုံးတွေ့ရှိမှု မကြာခဏဖြစ်ပေါ်ခဲ့သော်လည်း လူအများအပြား သွားလာသည့်နေရာတွင် တွေ့ရှိရမှုမရှိခဲ့ဘဲ ယခုတွေ့ရှိမှုမှာ လူသွားလူလာများသော နယ်စပ်တံတားအနီးတွင် တွေ့ရှိခြင်းဖြစ်သည်။ ထို့အပြင် အယ်လ်ကေဒါ အစွန်းရောက်များက မြန်မာနိုင်ငံတွင် ဂျီဟတ်စစ်ပွဲဆင်နွှဲမည်ဟု ကြေညာပြီးနောက် တွေ့ရှိခြင်းလည်းဖြစ်သည်။ မြန်မာနိုင်ငံအတွင်း သေဆုံးမှုအများဆုံးဖြစ်ပေါ်ခဲ့သည့် ပေါက်ကွဲမှုမှာ ၂၀၀၅ ခုနှစ်က ရန်ကုန်မြို့အတွင်းဖြစ်ပေါ်ခဲ့သည့် ပေါက်ကွဲမှုများဖြစ်သည်။
မြန်မာ-ထိုင်းနယ်စပ်တွင်ရှိသော မြ၀တီနှင့် မဲဆောက်မြို့တို့မှာ နယ်စပ်မြို့များဖြစ်ပြီး လူဝင်လူထွက်များသောကြောင့် အကြမ်းဖက်တိုက်ခိုက်မှုများအတွက် အန္တရာယ်ရှိသောမြို့များဖြစ်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

http://www.news-eleven.com

Written by: 
ကိုရွှေသိန်း (မြ၀တီ)

No comments:

Post a Comment