Monday, June 30, 2014

ဘာအရင်ပြင်မလဲ . . . မောင်ရွှေသီး


ရွှေသီးရေ . . . ပြီးခဲ့တဲ့ရက် သတ္တပတ်က ထွက်ခဲ့တဲ့ အပြာ ဆန်ဆန်ဝတ္ထု စာအုပ် အကြောင်း ကို ပြောရင်း ‘‘ဒီလိုအချိုးမျိုးတွေနဲ့ ဒီမိုကရေစီနဲ့တော့ ဝေးပါပြီ ဦးလေးရာ။ လူတွေက လွတ်လပ်ခွင့်လေး နည်းနည်း ရတာနဲ့ စည်းမဲ့ ကမ်းမဲ့ပရမ်း ပတာတွေဖြစ်ကုန်၊ လုပ်ကုန်ကြတာ။ ဒါကြောင့် တချို့က ပြည်သူတွေ စစ်အုပ်ချုပ်ရေးနဲ့ပဲ တန်တယ်။ ဒီမိုကရေစီနဲ့ မတန်သေးဘူး ဆိုတာမျိုးတွေ ပြောကြတာ’’လို့ မင်းကပြော တော့ မင်းနဲ့ ငါငြင်းရခုံ ရဦးမှာပေါ့။ အဲဒီစာအုပ် အကြောင်းကိုတော့ မငြင်းဘူးနော် ရွှေသီး။ တစ်ခါ တလေ ဝေဖန်ရေး လုပ်တယ် ဆိုတာလည်း ကြည့်ကျက် လုပ်ရတယ်ဟ။ ဝေဖန်လိုက်ခါမှ လူတွေက မရမက လိုက်ရှာကြလို့ ပိုတောင်ပေါက် သွားတတ်သေး။

 ခုမင်းနဲ့ငါ လူနဲ့ စနစ် အ ကြောင်းငြင်းကြရအောင်။ ငါ့အ မြင်အရတော့ ဘယ်တော့မဆို စနစ်ဆို တာက လူတွေရဲ့ နောက် ကပေါ့ကွာ။ ကမ္ဘာ့သမိုင်းမှာ လူ ဆိုတာပေါ်ပေါက်လာပြီး ပဝေ သဏီကြာမှ စနစ်ဆိုတာမျိုးက ပေါ်လာ တာကိုး။ ပြောရရင် လူ့အဖွဲ့အစည်းကို ထိမိရှမိတာတွေ ဖြစ်လာတဲ့ အခါမျိုးမှာ အဲဒီထိ အောင်၊ ရှအောင်လုပ်တဲ့ သူတွေကို ထိန်းဖို့၊ သိမ်းဖို့စနစ်တွေ ပြဋ္ဌာန်းကြတယ်။ အဲဒီ စနစ်အောက်မှာပဲ လူတွေရဲ့ ပြုမူလှုပ်ရှားမှုတွေကြောင့် စနစ်ဟာ အားနည်းချက်ရှိလာရင် ပြန်သုံးသပ်ကြ၊ထပ်ဆင့်ပြုပြင်ကြ၊ လုပ်ကြ ပြန်တယ်။ လူဆိုတာကလည်း တဏှာ၊မာန၊ ဒိဋ္ဌိဆိုတာတွေ အစဉ်ရောပြွမ်းနေတဲ့အတွက်လူ့အဖွဲ့အစည်းကို ကိုယ့်ရဲ့အတ္တကြီးရင်ကြီးသလောက် ထိ အောင် ခိုက်အောင် လုပ်မိကြတာ ကိုး။ အဲဒီလိုလူတွေကို ထိန်းချုပ် နိုင်အောင်ပဲ စနစ်တွေကို ကောင်း သထက်ကောင်းပြုလုပ်လာကြရ တာပေါ့။
ဥပမာလွယ်လွယ်ပေးရရင် သံဃာ့အဖွဲ့အစည်းရဲ့ အစမှာ ၀ိနည်းဆိုတာ မရှိသေးဘူး။ သံ ဃာ့အဖွဲ့အစည်းထဲက သံဃာ တွေကပဲ ၀ိနည်းတွေ ပညတ်လာ အောင် ဖန်တီးခဲ့ကြတယ်လို့ ပြော ရမယ်။ တခြားသူတွေ ကဲ့ရဲ့ပြစ် တင်ခြင်းကလွတ်နိုင်ဖို့၊ ပစ္စုပ္ပန် သံသရာအကျိုး ပိတ်ပင်သွားမှာ စိုးလို့ ၀ိနည်းတွေကို ပညတ်ရ တယ်။ ဒါတောင်မှ ၀ိနည်းအားလုံးကို တစ်ပြိုင်နက်ပြဋ္ဌာန်းခဲ့တာ မဟုတ်ဘူး။ ၀ိနည်းတစ်ခုချင်းကို ပညတ်ခဲ့တာ။ ၀ိနည်းတစ်ခုကို ပြဋ္ဌာန်းလိုက် ကျူးကျော်ဖောက် ဖျက်သူက ၀ိနည်းနဲ့ လွတ်အောင် အခြားအရာတွေကို ကျူးလွန် လိုက်။ ပြောရရင် ခုခေတ်စကားနဲ့ ဥပဒေကို လက်တစ်လုံးခြားလုပ် တာပေါ့ကွာ။ အဲဒီလိုအခါမှာ ကျူးလွန်သူရဲ့ အခြေအနေကိုကြည့် ပြီးထပ်ခါထပ်ခါပညတ်ရတယ်။ ဒီလိုနဲ့ နောက်ဆုံးမှာတော့ ပြီး ပြည့်စုံတဲ့ ဘုရားဥပဒေတော်ကြီး ဖြစ်လာတယ်။
မောင်ဖြူဆိုတဲ့ လူတစ် ယောက် ရဟန်းဝတ်တယ်ဆိုပါ တော့။ အဲဒီရဟန်းပြုပြုချင်းမှာပဲ သူက ၀ိနည်းစည်းကမ်းအောက် ကို ရောက်သွားတယ်။ အဲဒီအခါ မှာ သူရဲ့ မောင်ဖြူဘ၀က ပြုမူ ပြောဆိုတာတွေကို ခ၀ါချပစ် လိုက်ရပြီး ၀ိနည်းတော်နဲ့အညီ နေထိုင်ရတော့မယ်။ အနည်းဆုံး နေ့လွဲညစာ စားခွင့်မရှိတော့ဘူး။ အရက်သေစာမသောက်စားရ တော့ဘူး။ ရွှေငွေကိုင်တွယ်သုံးစွဲ ခွင့်မရှိတော့ဘူး။ ဒါဟာ မောင်ဖြူရဲ့ ရုပ်ခန္ဓာ ကပြောင်းလဲသွားတာ မဟုတ်ဘူး။ ဒီလူအပေါ်မှာ လွှမ်းမိုးသွားတဲ့ စနစ်က ပြောင်းလဲသွားတာ။ ပြောချင်တာကတော့ လူတွေကို စနစ်ကပြောင်းလဲနိုင်တယ်ဆိုတာပါပဲ။
အင်း . . .ကြုံတုန်း မင်းကို ရှက်ရှက်နဲ့ တစ်ခုပြောရဦးမယ်။ ကြာခဲ့ပါပြီ၊ လွန်ခဲ့တဲ့ ခုနစ်နှစ် လောက်တုန်းကပေါ့။ တို့ရဲ့ နယ် စပ် မူဆယ်မြို့လေးဆီကနေ တရုတ်ပြည်ရွှေလီမြို့ကို ရောက်သွားခဲ့တယ်။ ငါ့ရဲ့ လက်ထဲမှာ လည်း ကွမ်းယာထုပ်ကြီးနဲ့ပေါ့။ ကြယ်ခေါင်ကနေ ရွှေလီကို ရောက်ရင်ပဲ ငါ့မှာ ဒုက္ခလှလှတွေ့ရတော့တာ ပါပဲ။ ပါးစပ်ထဲမှာ စားထားတဲ့ ကွမ်းဘယ်ကို ထွေးထုတ်ရမှန်းကိုမသိတာ။ ဘယ်သူကမှလမ်းမပေါ် ကွမ်းတံတွေးမထွေးရလို့ ရေးထားတာမျိုးမရှိဘူး။ ဒါပေမဲ့ သန့်ရှင်းလွန်းလှပြီး ပြောင်လက် နေတဲ့ကား လမ်းမကြီးရယ်၊ ကြွေပြားတွေ ကပ်ထားတဲ့ ပလက်ဖောင်းတွေ ရယ်က ငါ့ပါးစပ်က ကွမ်းတံထွေးကို ထွေးခွင့်မပြု တော့တာပါပဲ။ ရန်ကုန်လို နိုင်ငံ တစ်နိုင်ငံရဲ့ မြို့တော်ကြီးမှာ တွေ့ကရာနေရာ ကွမ်းတံတွေးတွေ တပျစ်ပျစ်ထွေးနေတဲ့ ငါ့မှာတရုတ်နယ်စပ်မြို့လေးတစ်မြို့မှာထွေးဖို့နေရာမရှိခဲ့ဘူး။ ဘယ်သူကမှ မတားပေမယ့် ငါ့ရဲ့သိစိတ်ထဲမှာ တံတွေးထွေး လိုက်ဖို့ ရှက်ခြင်း၊ ကြောက်ခြင်းတွေ နဲ့ပေါ့။ အဲဒါလည်း လမ်းရဲ့ မြို့ရဲ့စနစ်တစ်ခု အောက်ကို ငါဝင်သွားခဲ့လို့ပေါ့။
 ရွှေသီးရေ . . . လူတွေဟာ မွေးဖွားလာစဉ် တုန်းကတော့ အဖြူထည်သက်သက်ကိုး၊ ကြီး ပြင်းလာချိန်မှာတော့ စနစ်တစ်ခု ရဲ့ ထိန်းချုပ်မှုမဖြစ်မနေလိုအပ် လာရော။ ဥပဒေဆိုတာ စနစ်ပေါ့။ကျင့်ဝတ်ဆိုတာစနစ်ပေါ့။ တာဝန်ဆိုတာ စနစ်ပေါ့။ အဲဒီစနစ်တွေ နဲ့ လူ့အဖွဲ့အစည်းကို ကောင်းကျိုး ပြုသူတွေ တိုးပွားလာအောင်၊ လူ့ အဖွဲ့အစည်းကို ဒုက္ခပေးမယ့် လူ တွေကို နှိမ်းနင်းရအောင် ပြုကြ၊ ပြင်ကြ၊ ပြဋ္ဌာန်းသတ်မှတ်ကြ တယ်။
ဒီနေရာမှာ မင်းပြောခဲ့တဲ့ လူတွေစည်းကမ်းမဲ့လွန်းလို့ စစ်အုပ်ချုပ်ရေးနဲ့ပဲ တန်တယ်။ ဒီမို ကရေစီစနစ်နဲ့ မတန်ဘူးဆိုတာ ကို တို့ပြန်စဉ်းစားရမယ်။ စစ် အုပ်ချုပ်ရေးဆိုတာ ဆူပူလှုပ်ရှား သူတွေကို ငြိမ်ဝပ်ပိပြားအောင်၊ စည်းကမ်းတွေ ပြည့်ဝသွားအောင်လုပ်တယ်ဆိုတာမျိုးလို့မှိုင်းတိုက်ခံထားရတာ မဟုတ်လား။ တကယ်တော့ စစ်အုပ်ချုပ်ရေးအားလုံးဟာ လူ့ အဖွဲ့အစည်းကို ကာကွယ်ဖို့ထက် အုပ်ချုပ်သူလူတန်းစားကို ကာကွယ်ဖို့လုပ်ထားတဲ့ စည်းကမ်းတွေ ဥပဒေတွေပဲ။ ဥပဒေစည်းမျဉ်းဆိုတာမျိုးနဲ့ထိန်းချုပ်တာက တစ်ပိုင်း၊ခုန ရွှေလီမှာ ကွမ်းတံတွေးမထွေးခဲ့ရသလို မိမိကိုယ်တိုင်က ရှက်ဖို့၊ကြောက်ဖို့ကို ပတ်ဝန်းကျင် အခြေအနေဖန်တီးပေးထားတာ၊ ရှိနေတာမျိုးကမှ လူရဲ့ ကိုယ်တိုင် လိုက်နာချင်တဲ့ ဆန္ဒမျိုးကို ဖော်ထုတ်တာပေါ့။
သူတစ်ပါးကို ကြောက်နေရ ပြီး သူတစ်ပါးခိုင်းတဲ့ အတိုင်းလုပ်၊ခိုင်းတဲ့အတိုင်းလိုက်နာဆိုတဲ့ အ ကြောက်တရားမျိုးနဲ့ ငြိမ်ဝပ်ပိပြား နေရတဲ့ အခါမျိုးကနေ မထင်မှတ် တဲ့ လွတ်လပ်ခွင့်လေးတစ်ခု ပေး လိုက်ချိန်မှာတော့ အနှစ်နှစ်ကာ လထိန်း ချုပ်ထားတဲ့ စည်းကမ်းမဲ့ မှုတွေ၊ ပရမ်းပတာဖြစ်မှုတွေက ပေါက်ကွဲပြီး မင်းခုနပြောတဲ့ စိတ် ပျက်စရာ ကိစ္စတွေ ပေါ်လာတော့ တာပဲ။
တကယ်လို့ လူ့နှလုံးသားမှာ ရှိအပ်တဲ့ ကျင့်ဝတ်တွေ၊ တာဝန် ၀တ္တရားတွေကို ကိုယ်တိုင်ကိုယ် ကျနှစ်ခြိုက်ပြီး လိုက်နာတာမျိုး ကျတော့ လူ့အ၀န်းအ၀ိုင်းတစ်ခု လုံး အတွက်တန်ဖိုးဖြစ်လာတော့ တာပေါ့။ အဲဒီလိုအမူအကျင့်မျိုး ကို ဒီမိုကရေစီစနစ်မျိုးကသာ ပေးနိုင်တယ်။ မွေးထုတ်နိုင်တယ်။ မိမိကိုယ်ကိုယ် တာဝန်ယူရတဲ့ စနစ်မျိုးပေါ့။ ဒါကြောင့်လည်း နိုင်ငံရေးလှုပ်ရှားသူတွေဟာ စစ်အာဏာရှင်ခေတ်ကနေ ဒီမိုကရေစီစနစ်ကို ကူးပြောင်းစေဖို့ အသက်တွေ စတေး၊ ဘ၀တွေ အပျက်ခံပြီး ကြိုးစားခဲ့ကြတာပေါ့။ ငြိမ်ဝပ်ပိပြားနေတာနဲ့ တာ ၀န်သိသိစည်းကမ်းလိုက်နာတာနဲ့ က အနှစ်သာရချင်းတခြားစီပါ ရွှေသီး။
ငါတစ်ခုတော့ ရဲရဲဝံ့ဝံ့ကြီး အာမခံနိုင်တယ် ရွှေသီ။ မင်းမြင် နေရတဲ့ စည်းပျက်၊ ကမ်းပျက် ပရမ်းပတာဖြစ်စဉ်တွေ အား လုံးကို စိတ်ပျက်လက်ပျက်ဖြစ်ပြီး ယောင်လို့တောင်မှ စစ်အုပ်ချုပ် ရေးဆိုတာကို မတွေးမိစေနဲ့။ အဲ ဒီစနစ်ရဲ့ အုပ်ချုပ်မှု နှစ်ပေါင်း ၅၀ ကျော်ကပဲ အဲဒါတွေကို မွေးထုတ် ပေးလိုက်တာ။ မင်းလိုချင်တဲ့ ဒီမို ကရေစီအတွက် အစွမ်းကုန်ကြိုး စားပါ။ အဲဒီစနစ်ကပဲ လူတွေရဲ့ စိတ်အခြေအနေမြင့်မားမှုကိုပေး နိုင်လိမ့်မယ်ရွှေသီး။ အဲဒီစိတ် ဓာတ်မြင့်မားမှုကပဲ တာဝန်ယူမှုနဲ့ ဆက်နွှယ်နေတဲ့ စည်းကမ်းတွေ ကို ပုံဖော်သွားပါလိမ့်မယ်။
မင်းဘာမှ စိတ်မပျက်နဲ့ စစ်အုပ်ချုပ်ရေးကို သဘောကျတဲ့လူတွေ လက်ညှိုးထိုးထိုးနေ တဲ့ အ မေရိကန်နိုင်ငံမှာ သမ္မတကလင်တန် ဖောက်ပြန်တာကိုလက်မခံသလို၊ ရီဟားနားရဲ့ရေမွှေးကြော်ငြာကိုလည်း ဆန့်ကျင်ကြပါတယ်ကွာ။ ကဲ စနစ်နဲ့ လူ၊မင်း ဘယ်ဟာကို အရင်ပြင်မလဲ။။ 

7Day News

No comments:

Post a Comment