Monday, June 30, 2014

ခိုးမှု မသင်္ကာသဖြင့် ရဲစခန်းတွင် ခေါ်ယူစစ်ဆေးခံရသူ တစ်ဦး ရုတ်တရက်သေဆုံး

တရားခံ မဖော်ထုတ် နိုင်သေးသည့် အမှုများနှင့် လုယက်မှုများ မြင့်တက်နေသော မန္တလေး မြို့တော်တွင် မဟာအောင်မြေမြို့နယ် ၄၁ လမ်း၊ ရွှေညောင်ပင် ဈေးအနီး၌ အသက် ၃၃ နှစ်အရွယ်ရှိ အမျိုးသား တစ်ဦးကို ခိုးမှုမသင်္ကာမှုဖြင့် အမှတ် (၉) နယ်မြေ ရဲတပ်ဖွဲ့က ဇွန်လ ၂၇ ရက်နေ့တွင် ခေါ်ယူစစ်ဆေးခဲ့ရာ ရုတ်တရက် ကျန်းမာရေး အခြေအနေ မကောင်း၍ ဆေးရုံသို့ ပို့ဆောင်ပြီး သေဆုံး သွားခဲ့ကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။
အဆိုပါ အမျိုးသားကို ခိုးမှုမသင်္ကာသဖြင့် ဖမ်းဆီးခဲ့ပြီး ဇွန်လ ၂၇ ရက်နေ့ အမှတ် (၉) နယ်မြေ ရဲတပ်ဖွဲ့စခန်းတွင် (ပ) ၃၇၀/၂၀၁၄ ပြစ်မှုပုဒ်မ ၃၈၀ ဖြင့် တရားရုံး အချုပ်တွင် ချုပ်မိန့် ယမန်တောင်းခံထားရှိပြီး ရဲစခန်းသို့ ခေါ်ဆောင်လာရာမှ ကျန်းမာရေး ကောင်းမွန်ခြင်း မရှိသဖြင့် မန္တလေးဆေးရုံကြီးသို့ ချက်ချင်းပို့ဆောင်ခဲ့စဉ် သေဆုံးသွား ခဲ့ကြောင်း ၎င်းက ထပ်မံပြောကြားသည်။
“သူက အရင်တုန်းက ဆိုင်ကယ်တွေ၊ ဘာတွေခိုးတယ်လို့ သိရတယ်။ ဟိုအရင်တုန်းကလည်း အဲဒီလို ခိုးဖူးတယ်တဲ့။ ခေါ်သွားတဲ့ နေ့တုန်းကတော့ အကောင်းပဲ။ ပြီးမှ သေပြီလို့ ကြားရတာ။ အခုသင်္ဂြိုဟ်ဖို့ အလောင်းကို မပေးဘူးလို့ ပြောတယ်။ ရဲတွေကပဲ သင်္ဂြိုဟ်ပေးမယ်လို့ သူ့ရဲ့အစ်ကိုက ပြောတယ်” ဟု သေဆုံးသူ၏ ဦးလေးတော်စပ် သူက ပြောကြားသည်။
သေဆုံးသူကို တာဝန်ကျ ဆရာဝန်များက စစ်ဆေးရာ မျက်နှာတွင် ရောဂါလက္ခဏာကြောင့် ဖောသွပ်နေပြီး ဝဲ/ယာလက်ဖျံရင်းတွင် မူးယစ်ဆေးဝါး သုံးစွဲထားသည့် ဆေးထိုးအပ်ရာများ တွေ့ရှိကြောင်း၊ အဆိုပါ သေမှုသေခင်းနှင့် ပတ်သက်၍ မဟာအောင်မြေမြို့နယ် အမှတ် (၉) နယ်မြေရဲတပ်ဖွဲ့ စခန်းတွင် သေမှုသေခင်း အမှတ်စဉ် ၁၇/၂၀၁၄ ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။ မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်ရှိ ရဲစခန်း အချုပ်ခန်းတွင် ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် အရက်သောက်ပြီး ရမ်းကားနေသူကို ခေတ္တထိန်းသိမ်းရာမှ အချုပ်တွင်းရှိ ပြစ်မှုကျူးလွန်သူ ငါးဦးခန့် ဝိုင်းဝန်းရိုက်နှက်မှုကြောင့် သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းအရ သိရသည်။ 

The Voice Journal

No comments:

Post a Comment