Wednesday, July 2, 2014

ဂျပန်အစိုးရ၏ စစ်ရေးပေါ်လစီကို မကျေနပ်သူတစ်ဦး တိုကျိုတွင် မိမိကိုယ်ကို မီးရှို့ဆန္ဒပြ


ဂျပန်အစိုးရက စစ်အင်အား တိုးချဲ့ကာ နိုင်ငံတကာ မျက်နှာစာတွင် စစ်ရေးအရ ပိုမို ပါဝင်တော့မည့် အစီအစဉ် အပေါ် လူတစ်ဦးက ကန့်ကွက်ကြောင်း လူသွား လူလာများရာ တိုကျိုမြို့တော် ရှင်ဂျူကု ရထား ဘူတာရုံ နေရာတွင် ပြောကြား ခဲ့ကာ မိမိကိုယ်ကို ဓာတ်ဆီလောင်း မီးရှို့ ဆန္ဒပြခဲ့သဖြင့် ယနေ့ခေတ် ဂျပန်တွင် ရှားရှားပါးပါး အကြမ်းပ တမ်းနည်းဖြင့် ဆန္ဒပြခဲ့မှု တစ်ရပ် အဖြစ် မှတ်တမ်းဝင် ခဲ့ကြောင်း CBC သတင်း တစ်ရပ်က ဖော်ပြထားသည်။
အသက် ၅၀ နှင့် ၆၀ ကြား ရှိနိုင်သော အဆိုပါ အမျိုးသားသည် အလွန်ပြင်း ထန်သော ဒဏ်ရာများ ရရှိသွား ခဲ့ပြီး ယခုအခါ ဆေးရုံသို့ ပို့ဆောင် ထားကြောင်း ရှင်ဂျူကု ရဲစခန်းမှ အရာရှိ ဒိုင်ဂျီကူဘိုတာက ပြောကြားခဲ့သည်။
မိမိကိုယ်ကို ဓာတ်ဆီလောင်း မီးရှို့ပြီး ဆန္ဒပြသူမှာ မည်သူ မည်ဝါ ဖြစ်ကြောင်းနှင့် ပြုလုပ်ရခြင်း အကြောင်း အရင်းတို့ကို စုံစမ်းနေဆဲ ဖြစ်ကြောင်း ၎င်းက ဆိုသည်။ လူမှုကွန်ရက် မီဒီယာ များတွင် တက်လာသော ဗီဒီယိုဖိုင်လ်များ အရ လည်စည်းနှင့်တကွ သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားသော အမျိုးသား တစ်ဦးသည် ဘူတာရုံ လူသွား လမ်းပေါ်တွင် ဖျာကလေးနှင့် ထိုင်နေကာ ဘေးတွင်လည်း ဓာတ်ဆီပုလင်းဟု ယူဆရသော ပလတ် စတစ်ဘူး နှစ်ခုကိုလည်း ချထားသည်။
ထို့နောက် အဆိုပါ အမျိုးသားသည် လက်ကိုင်စပီကာဖြင့် ဖြတ်သွားဖြတ်လာများအား ဂျပန်ကာကွယ်ရေး မူဝါဒများ ပြောင်းလဲခြင်းနှင့် ပတ်သက်ပြီး အစိုးရကို ဆန္ဒပြကြရန် ပြောဆိုပြီးနောက် ၎င်းကိုယ်ကို ဓာတ်ဆီလောင်းက မီးရှို့လိုက်ခြင်း ဖြစ်သည်။
မီးသတ်သမားများ ရောက်ရှိလာပြီး မီးသတ်ပိုက်များ၊ မီးသတ်ဆေးဘူးများ သုံးကာ မီးကိုငြှိမ်းသတ်ခဲ့ကြပြီးနောက် အဆိုပါ အမျိုးသားကို ဆေးရုံကားပေါ်သို့ တင်သွားခဲ့ကြသည်။ ဂျပန်အစိုးရ အဖွဲ့သည် လာမည့် ဇူလိုင်လ ၁ ရက်နေ့တွင် တိုင်းပြည် ကာကွယ်ရေးဆိုင်ရာ အခွင့်အရေး ဥပဒေကြမ်းကို အတည်ပြုရန် ရှိပြီး ယင်းဥပဒေအရ နိုင်ငံတကာ လုံခြုံရေး မျက်နှာစာတွင် ဂျပန်သည် ပိုမိုတက်ကြွသော ကဏ္ဍမှ ပါဝင်လာမည် ဖြစ်ပြီး တရုတ်၏ စစ်ရေးအရ အင်အားကြီးလာမှုနှင့် ဒေသတွင်း တင်းမာမှု အရေးများနှင့်လည်း ဆက်စပ်နေသည်။ 

The Voice Journal

No comments:

Post a Comment