Wednesday, July 2, 2014

ဘင်္ဂါလီအရေး ကိုင်တွယ်ရန် ပြည်နယ်အစိုးရတွင် အဖြေမရှိ

 ဗုဒ္ဓဟူးနေ့၊ ဇူလိုင် ၂ ရက်၊ ၂၀၁၄ ခုနှစ်။

 ရခိုင်ပြည်နယ်တွင် ၈၂ နိုင်ငံသား ဖြစ်ခွင့်ဥပဒေအရ စိစစ်မည်ဖြစ်သော်လည်း စစ်ဆေးမှု ပြီးစီးပါက ရခိုင်ပြည်နယ်တွင် နေထိုင်သော တရားမ၀င်ဘင်္ဂါလီများကို မည်သို့ဆောင်ရွက်မည်ကို ညှိနှိုင်းဆဲဖြစ်သည်ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဗိုလ်ချုပ် မောင်မောင်အုန်းက မဇ်္ဈိမကို ပြောသည်။
ရခိုင်အင်အားစုများက ၈၂ နိုင်ငံသား ဖြစ်ခွင့်ဥပဒေကို အကောင်အထည်ဖော်ပြီးနောက် ဒေသတွင်းရှိ ဘင်္ဂါလီလူမျိုးစုများ အနက်မှာ နိုင်ငံသားဖြစ်ခွင့် မရှိသူများကို မည်သို့မည်ပုံထားရှိမည်ကို မေးမြန်းရာတွင် ထိုသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

“စိစစ်ခြင်း ကိစ္စတွေ၊ ဘင်္ဂါလီဒုက္ခသည် စခန်းတွေမှာ ပြန်လည်နေရာချထားရေးတွေ ကိစ္စတွေကို ညှိနှိုင်းဆဲ ဖြစ်ပါတယ်”ဟု ၀န်ကြီးချုပ်မောင်မောင်အုန်းက ဖြေကြား ခဲ့သည်။

၁၉၈၂ နိုင်ငံသား ဖြစ်ခွင့်ဥပဒေအရ စိစစ်ခြင်းကို ရခိုင်ပြည်နယ် မြေပုံမြို့နယ်တွင် ရှေ့ပြေးစီမံချက်အဖြစ် ဆောင်ရွက်လျက်ရှိပြီး မြေပုံမြို့နယ် ဒုက္ခသည်စခန်းမှ စတင်၍ ဆောင်ရွက်လျက်ရှိသည်။

၁၉၈၂ နိုင်ငံသားဖြစ်ခွင့် ဥပဒေစိစစ်ခြင်းနှင့်ပတ်သက်၍ ရခိုင်အမျိုးသားပါတီ ဗဟိုကော်မတီဝင် ကိုခိုင်ကျော်မိုးက “စစ်တာတော့ဟုတ်တယ်၊ စစ်ဆေးပြီးရင် နိုင်ငံသားဖြစ်ခွင့်ရှိတဲ့သူတွေကို နိုင်ငံသားဖြစ်ခွင့်ပေးဖို့ ကျွန်တော်တို့ ကြိုဆိုတယ်။ ဒါပေမဲ့ ဥပဒေနဲ့မညီညွတ်သူတွေကို ဥပဒေအတိုင်းပဲ ဆောင်ရွက်ပေးစေချင်ပါတယ်” ဟု မဇ်္ဈိမကို ပြောသည်။

မြေပုံမြို့ ဒုက္ခသည်စခန်းတွင် ၁၉၈၂ နိုင်ငံသားဖြစ်ခွင့် ဥပဒေဖြင့် စိစစ်မှုအရ လက်ရှိတွင် နိုင်ငံသားဖြစ်ခွင့်ရှိသူဦးရေ အရေအတွက်နှင့် ဖြစ်ခွင့်မရှိသူ အရေအတွက်တို့ကို ထုတ်ပြန်နိုင်ခြင်း မရှိသေးဘဲ စိစစ်မှုအတွက် လက်ခံသည့် နိုင်ငံသားဖြစ်ခွင့် လျှောက်ထားသူ ၇၀၀ ခန့် ရောက်ရှိပြီဟုသာ မြေပုံမြို့ နိုင်ငံသားစိစစ်ရေး ကော်မတီဝင် ဦးမောင်ရေချမ်းက မဇ္ဈိမကို ပြောသည်။

ရခိုင်အင်အားစုများကမူ နိုင်ငံသား ဖြစ်ခွင့်ဥပဒေအရ နိုင်ငံသားဖြစ်ခွင့်ရှိသူများကို လွတ်လပ်စွာ သွားလာခွင့်ပေးသင့်သည်ဟု ဆိုသည်။ စစ်တွေ၊ ကျောက်ဖြူ ဘင်္ဂါလီဒုက္ခသည်စခန်းရှိ ဘင်္ဂါလီလူမျိုးစုများကမူ ထိုသို့ ကြန့်ကြာခြင်းကြောင့် နိုင်ငံသားဖြစ်နိုင်ခြေ အခွင့်အရေးရှိသူများ အခွင့်အရေးဆုံးရှုံးနိုင်သည်ဟု ဆိုသည်။

၁၉၈၂ နိုင်ငံသားဖြစ်ခွင့် ဥပဒေအရ အကောင်အထည်ဖော်ရာတွင် နှောင့်နှေးနေသဖြင့် နှစ်ဖက်အဖွဲ့အစည်းက ကျေနပ်အားရခြင်း မရှိဟု ဆိုသည်။ နိုင်ငံသား စိစစ်ခြင်းကို မြေပုံမြို့ လူဦးရေ ၃,၀၁၀ ဦးရှိ တောင်ပေါ် ဘင်္ဂါလီဒုက္ခသည် စခန်းတွင် ဇွန်လ ၁၅ ရက်က စတင်ခဲ့သည်။

ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီဦးရေ ၁၀ သိန်းကျော်ရှိသည်။ ယခုဆောင်ရွက်နေသည့် စိစစ်မှုတွင် ရိုဟင်ဂျာဟု ခံယူသူများ အကျုံးမ၀င်ပေ။

ကေဇူး
Mizzima - News in Burmese


1 comment:

  1. ROHINGA NICK NAME IS ALSO R. S .O THEY NATIVE LAND IS ORIGIN FROM BANGLADESH,,

    ReplyDelete