Thursday, August 23, 2012

The voice နှင့် သတ္တုတွင်းအမှု စက်တင်္ဘာ ၆ ရက်နေ့ အမိန့်ချမည်

The voice နှင့် သတ္တုတွင်းအမှု စက်တင်္ဘာ ၆ ရက်နေ့ အမိန့်ချမည်

ချင်းမိုင်(မဇ္စျိမ) ။ ။ သတ္တုတွင်း ဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာန အချို့တွင် ငွေကြေး အလွဲသုံးစားမှုများ ရှိနေသည်ဟု ရေးသားသည့် အပတ်စဉ်ထုတ် The Voice Weekly ဂျာနယ်အား သတ္တုတွင်း ဝန်ကြီးဌာနမှ အသရေဖျက်မှုဖြင့် စွဲဆိုထားခြင်းကို စက်တင်္ဘာလ ၆ ရက်နေ့တွင် အမိန့်ချမည် ဖြစ်သည်။

ထိုရေးသားချက်များသည် စွပ်စွဲရေးသားထားခြင်း မဟုတ်ကြောင်းနှင့် ချမှတ်မည့် အမိန့်သည် လက်ရှိအစိုးရအား မှတ်ကျောက်တင်မည့် အရေးပါသည့် အချက်ဖြစ်သည်ဟု The Voice Weekly ဂျာနယ် အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက ပြောသည်။



“ဝန်ကြီး ဌာနဆိုတာ အစိုးရတဖွဲ့လုံးကို ကိုယ်စားပြုတယ်။ အစိုးရတဖွဲ့ဆိုတာ နိုင်ငံတော်ကို ကိုယ်စားပြုတယ်။
နိုင်ငံတော် ဆိုတာကလည်း ပြည်သူလူထု တရပ်လုံး ပါတယ်။ အဲတော့ ဝန်ကြီးဌာန အကျိုးစီးပွားလို့ ပြောလို့ မရဘူး။ ဒါ ပြည်သူလူထု ပါတဲ့ နိုင်ငံတော် တခုလုံး အကျိုးစီးပွား ဖြစ်နေတယ်။ ဒီဟာကလည်း ခိုင်လုံတဲ့ သတင်းရင်းမြစ်ကနေ
ရေးတာ” ဟု မဇ္ဈိမကို ပြောသည်။

အကယ်၍ The Voice Weekly ဂျာနယ်မှ သတ္တုတွင်း ဝန်ကြီးဌာအား အသရေဖျက်မှု မြောက်သည်ဟု အမိန့်ချလိုက်
သော်လည်း နေပြည်နေတော်အဆင့်ထိ ဆက်လက် အယူခံသွားရန် အသင့်ပြင်ဆိုထားသည်ဟု ဦးကျော်မင်းဆွေက
ပြောသည်။

“ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်၊ သန့်ရှင်းသော အစိုးရ ဖြစ်ဖို့ဆိုရင် ဒီနိုင်ငံတော်မှာ ရှိတဲ့ ဝန်ကြီးဌာနတွေ ပြည်သူ လူထုတွေမှာ တာဝန်ရှိတယ်။ မီဒီယာတွေကလည်း တာဝန်ရှိတယ်။ နိုင်ငံတော်ကိုယ်စား တာဝန်ထမ်းကြတာချင်း အတူတူ ဒီလိုမျိုး အခြေခံအချက်အလက် ခိုင်ခိုင်လုံလုံနဲ့ ရေးသားတဲ့အပေါ်မှာ တရားဥပဒေနဲ့ ဆုံးဖြတ်ချက်ကို မရောက်ဖို့ ကျနော် အစောကြီးကတည်းကနေ ပြောခဲ့တယ်။ နိုင်ငံတော်အကျိုး လုပ်တာချင်းအတူတူ မေတ္တာရပ်ခံခဲ့ တယ်။ ဒီလိုမျိုး မဖြစ်အောင် ပြောခဲ့တာကိုမှ ဒီအဆင့်ထိ ရောက်လာတာကိုက ဒါတခုခု ကြားထဲမှာ လွဲချော်နေတယ်လို့ ခံစားရတယ်။ အဆိုးဆုံးထိ မျှော်လင့်ထားပြီးသားပါ” ဟု ဆိုသည်။

ပြည်ထောင်စု စာရင်းစစ်ချုပ်မှ အောက်လွှတ်တော် ငွေစာရင်းကော်မတီသို့ ပေးပို့သော စာမျက်နှာ ၃၆ မျက်နှာရှိ အစီရင်ခံစာပါ အချက်အလက်များကို ရယူ၍ ရေးသားခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။

ကြာသာပတေးနေ့ ဒဂုံမြို့နယ် တရားရုံးချိန်းတွင် အသရေဖျက်မှု မမြောက်သဖြင့် ကင်းလွတ်ခွင့်ရှိကြောင်း ဂျာနယ် ဘက်မှ ရှေ့နေ ဦးဝင်းရွှေနှင့် ရှေ့နေ ဒေါ်ခိုင်စန္ဒာတို့က လျှောက်လဲ ချက်ပေးခဲ့ကြသည်။

“စတုတ္ထမဏ္ဍိုင်အနေနဲ့ တာဝန်ထမ်းဆောင်တာ ဖြစ်တယ်။ အဲတော့ ဒီလို အသရေဖျက်မှုတွေကို ကင်းလွတ်ခွင့်ပေးထား တဲ့ ၁ဝ ချက်ထဲက ပထမအချက်နဲ့ သတ္တမအချက်နဲ့ အကျုံးဝင်တယ် စွဲချက် မတင်သင့်ပါဘူး” ဟု ဦးကျော်မင်းဆွေ က ပြောသည်။

သို့သော် တရားလို ရှေ့နေများဘက်မှ ၎င်းဂျာနယ်တွင် ရေးထားချက်များသည် ဝန်ကြီးဌာနများ၏ ဂုဏ်သရေကို ညှိုးနွမ်းစေသဖြင့် စွဲချက်တင်သင့်ကြောင်း လျှောက်လဲချက်ပေးခဲ့ကြသည်။

ယနေ့ တရားခွင်ကြားနာမှုသို့ ပြည်တွင်း သတင်းထောက် ၃ဝ ကျော်က “မီဒီယာ ဖိနှိပ်မှု ရပ် Stop Killing Press” စာတန်းများပါ တီရှပ် အနက်ရောင်များနှင့် “Press Freedom” စာတန်းပါ ဦးထုပ် အနက်ရောင်များ ဝတ်ဆင်၍ တက်ရောက် သတင်းယူခဲ့သည်ဟု သိရသည်။

မတ်လ ၁၂ ရက်နေ့ထုတ် The voice Weekly ဂျာနယ် အတွဲ ၈ အမှတ် ၁၃ က “ဝန်ကြီးဌာန အချို့၏ ကျပ်သိန်းပေါင်း
ထောင်ချီ၍ အလွဲသုံးစားမှု တွေ့ရှိ” ခေါင်းစဉ်ဖြင့် ဂျာနယ် မျက်နှာဖုံးအဖြစ် ဖော်ပြခဲ့သဖြင့် သတ္တုတွင်း ဝန်ကြီးဌာနက သတင်း မမှန်မကန် ဖော်ပြသည်ဟုဆိုကာ ၎င်းဂျာနယ်အား အသေရေဖျက်မှုဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

အမှတ် (၁) သတ္တုတွင်း ဝန်ကြီးဌာန ပိုင်ဆိုသည့် မုံရွာကြေးနီ စီမံကိန်း၏ အစုရှယ်ယာ ၅ဝ ရာခိုင်နှုန်း(ဒေါ်လာ သန်း ၁ဝဝ တန်ဖိုး)ကို မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်သို့ ရောင်းချခဲ့ရာ ငွေပေးချေရာတွင် ဦးပိုင်လီမိတက်က ပေးချေရမည့် အစား နိုင်ငံခြား ကုမ္ပဏီတခုက ပေးချေခဲ့သည်ဟု The voice ဂျာနယ်က ရေးသားခဲ့သည်။

အကယ်၍ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၅၀၀ အသရေဖျက်မှု မြောက်ပါက ထောင်ဒဏ် ၁ နှစ် သို့မဟုတ် ငွေဒဏ်အားဖြင့် ကျခံရမည် ဖြစ်သည်။

No comments:

Post a Comment