Tuesday, August 21, 2012

ဖူကူယားမားရဲ့ ဟောပြောပွဲများ ရန်ကုန်၊ နေပြည်တော်မှာ လုပ်မည်

ဖူကူယားမားရဲ့ ဟောပြောပွဲများ ရန်ကုန်၊ နေပြည်တော်မှာ လုပ်မည်
by Lu Cifer on Tuesday, August 21, 2012 at 9:26pm ·


ရန်ကုန် (မဇ္ဈိမ) ။       ။ ကမ္ဘာကျော် ‘သမိုင်းနိဂုံးချုပ်ပြီ’ ၏ မူရင်းစာအုပ် ‘The End of History and the Last Man’ စာအုပ်ရေးသားသူ ဒေါက်တာ ဖရန်စစ် ဖူကူယားမား Francis Fukuyama က စီးပွားရေး လုပ်ငန်းနှင့် ဆင်းရဲနွမ်းပါးမှု
လျှော့ချရေးနှင့် ပတ်သက်သည်များကို ဟောပြောရန်အတွက် မြန်မာ စီးပွားရေး လုပ်ငန်းရှင်များနှင့် အလုပ်ရုံ
ဆွေးနွေးပွဲများ ပြုလုပ်မည် ဖြစ်သည်။


လစ်ဘရယ် ဒီမိုကရေစီနှင့် လွတ်လပ်ဈေးကွက်ဘက်မှ ရပ်ခံသူ အသက် ၆၀ အရွယ် ဖူကူယားမားသည် လက်ရှိတွင် အမေရိကန် စတန်းဖို့ဒ် တက္ကသိုလ် ဖွံ့ဖြိုးတိုးတက်ရေး၊ အခြေခံဥပဒေ နှင့် ဒီမိုကရေစီရေးရာဌာနမှ Senior Fellow တဦး ဖြစ်ပြီး သည့်မတိုင်ခင်တွင် ဂျွန်ဟော့ကင်းတက္ကသိုလ်၏ နိုင်ငံတကာ လေ့လာရေး အဆင့်မြင့်ကျောင်းမှ  အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်တွင် ပါမောက္ခတဦး ဖြစ်ခဲ့သည်။

သြဂုတ်လ ၂၂ ရက်နေ့နှင့် ၂၃ ရက်နေ့များတွင် ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် လည်းကောင်း၊ ၂၄ ရက်နေ့နှင့် ၂၅ ရက်နေ့များတွင် နေပြည်တော်၌ လည်းကောင်း အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပမှာဖြစ်ပြီး ဖူကူးယားမားအပြင် ဂျွန်ဟော့ကင်း တက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာ ရိုဂျာလိဒ်၊ သမ္မတ ဦးသိန်းစိန်၏ စီးပွားရေးအကြံပေး ဦးဆက်အောင်တို့လည်း ပါဝင်ဟောပြောမှာ ဖြစ်သည်။

“ဒီပုဂ္ဂိုလ်များက ပြည်ပအတွေ့အကြုံ ကြီးကြီးကျယ်ကျယ်တွေ ရှိခဲ့တယ်။ ခုလို လာပြောပေးတော့ ပြည်ပကို သွားလေ့လာစရာမလိုဘဲ ပြည်တွင်းမှာတင် လေ့လာနိုင်မယ်။ ဒီလိုပုဂ္ဂိုလ်ကြီးတွေရဲ့ အကြံဉာဏ်တွေ နားထောင်ပြီး လေ့လာသုံးသပ်ချက်တွေ ပိုအားကောင်းလာမယ် ထင်တယ်” ဟု ဆွေးနွေးပွဲများ ဖြစ်မြောက်အောင် ပံ့ပိုးပေးသော မင်္ဂလာမြန်မာ NGO မှ ဒါရိုက်တာ ဒေါ်ယူဇာမော်ထွန်း က မဇ္ဈိမကို ပြောသည်။


ပါမောက္ခ ဒေါက်တာ ရိုဂျာ လိဒ်စ်က ပုဂ္ဂလိက စီးပွားရေးကဏ္ဍ အရေးပါမှုနှင့် ပတ်သက်ပြီး အာရှနိုင်ငံ အတွေ့အကြုံများ ကို ဖလှယ်သွားမှာ ဖြစ်သည်။

“ဆင်းရဲနွမ်းပါးမှုက လွတ်မြောက်ဖို့နဲ့ စီးပွားရေးတိုးတက်မှု ပြုလုပ်ရာမှာ ကျင့်သုံးနေတဲ့ ဥပဒေတွေ၊ ထိုဥပဒေတွေကို လိုက်နာမှုတွေပေါ်မှာလည်း မူတည်ပါတယ်။ နောက် အဓိက အကြောင်းရင်းတခုက လူသားအရင်းမြစ် ဖွံ့ဖြိုးတိုးတက်မှု
ပေါ်မှာ မူတည်နေတာကြောင့် အချိန်ယူဖို့ လိုပါတယ်” ဟု ဒေါက်တာလိဒ်စ်က တနင်္လာနေ့က ရန်ကုန်မြို့တွင်
ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသွားသည်။

ပါမောက္ခဒေါက်တာ ရိုဂျာ လိဒ်စ်သည် လက်ရှိတွင် အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်း တက္ကသိုလ်၏ နိုင်ငံတကာ အဆင့်မြင့်ကျောင်း နိုင်ငံတကာ စီးပွားရေးနှင့် ပြည်သူ့ရေးရာဌာနမှ ပါမောက္ခတဦး ဖြစ်သည်။ ထို့အပြင် ကမ္ဘာ့ဘဏ်၏ အပြည်ပြည်ဆိုင်ရာ ငွေကြေးကော်ပိုရေးရှင်းမှ အကြီးတန်း အရာရှိတဦးလည်း ဖြစ်သည်။

သိင်္ဂီထွန်း
အင်္ဂါနေ့၊ သြဂုတ်လ ၂၁ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၅၉ မိနစ်
ရန်ကုန် (မဇ္ဈိမ)
http://www.mizzimaburmese.com/news/business/9918-2012-08-21-13-33-15.html

No comments:

Post a Comment