Wednesday, August 29, 2012

ထိုင်းအစိုးရက သတ်မှတ်ထားသည့် လုပ်အားခကို မြန်မာအလုပ်သမားများမရ

၂၀၁၂ သြဂုတ် ၂၉ 
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဘန်ဘော် အေကချိုင် ၇၆ လမ်းရှိ စက်ချုပ်အလုပ်ရုံမှ မြန်မာအလုပ်သမားများမှာ ထိုင်းအစိုးရ က သတ်မှတ်ထားသော လုပ်အားခကို မရရှိကြောင်း သိရသည်။
ထိုင်းနိုင်ငံရှိ ရွေ့ပြောင်းအလုပ်သမားများကို တစ်နေ့ ဘတ် ၃၀၀ ပေးရမည်ဟု ထိုင်းအလုပ်သမား ဝန်ကြီးဌာနက ၂၀၁၂ ခု ဧပြီလမှစ၍ သတ်မှတ်ခဲ့သော်လည်း အပြည့်အဝ မရကြောင်း ယင်းအလုပ်ရုံမှ အလုပ်သမားများက ပြောကြသည်။
UNITED TRANDING Co, Ltd စက်ချုပ်အလုပ်ရုံတွင် မြန်မာအလုပ်သမား ၂၃ ဦးရှိပြီး လုပ်အားခ တစ်နေ့လျင် အမျိုးသား ၂၈၀ ဘတ်၊ အမျိုးသမီး ၂၂၀ ဘတ်သာ ရရှိသည်ဟု ယင်းစက်ရုံမှ အလုပ်သမားကြီးကြပ်သူ ကိုအနိုင်က ပြောသည်။
“အလုပ်ကတော့ များများလုပ်ရတယ်။ လုပ်အားခကျတော့ သတ်မှတ်ထားတာထက် နည်းတယ်။
လုပ်အားခတိုးပေးဖို့ ပြောတော့လည်း အရေးမလုပ်ဘူး။” ဟု ၎င်းက ပြောသည်။
ထိုင်းအစိုးရက သတ်မှတ်ပေးထားသည့် လုပ်အားခအတိုင်း မရသောကြောင့် မြန်မာအလုပ်သမားတချို့က ဆန္ဒပြသည့် အနေဖြင့် အလုပ်တစ်ရက်မဆင်းပဲ နေခဲ့သည်။
နောက်နေ့တွင် အလုပ်မဆင်းသူများကို သူဌေးက ရုံးခန်းသို့ ခေါ်ယူတွေ့ဆုံပြီး အစိုးရသတ်မှတ်ထားသော ဈေးနှုန်းကို သူပေးချင်မှသာ ပေးမည်ဖြစ်ကြောင်း၊ ဆက်လက်မလုပ်လိုပါက ထွက်နိုင်ကြောင်း ပြောဆိုခဲ့သည်ဟုလည်းဆိုသည်။
ထို့ပြင် အလုပ်ရုံပိုင်ရှင် ထိုင်းအမျိုးသမီးသည် မြန်မာအလုပ်များကို ခွဲခြားဆက်ဆံကာ အမြဲတမ်းနှိပ်ချပြောဆိုတတ် ကြောင်းလည်း ၎င်းစက်ရုံမှ အလုပ်သမာ မစမ်းမော်က ပြောသည်။
“ကျွန်မတို့ကို အဖေ အမေတွေတောင် အဲဒီလိုမျိုး ဆက်ဆံမပြောဆိုဖူးပါဘူး။ တအားဝမ်းနည်းမိတယ်။ မခံချင်စိတ်လည်း ဖြစ်မိတယ်။ သူဌေးမကလည်း သူတို့အသုံးပြုတဲ့ အရုပ်လိုမျိုး သဘောထားပါတယ်” ဟု သူမက ပြောသည်။
အလုပ်သမားများမှာ ထိုင်းအစိုးရက သတ်မှတ်ပေးသည့် လုပ်အားခကို အပြည့်မရသည့်အပြင် အိမ်ခန်းခနှင့် စားသောက်စရိတ်ကိုလည်း မိမိဖာသာ ကျခံရသဖြင့် ငွေပိုငွေလျှံမရှိကြကြောင်း သိရသည်။
သြဂုတ် ၂၉ ရက်နေ့တွင် မြန်မာအမျိုးသမီးတဦးက ယင်းအလုပ်ရုံပိုင်ရှင်ထံ အလုပ်ရှိမရှိ ဆက်သွယ်မေးမြန်းခဲ့ရာ သူဌေးက အလုပ်သမတစ်ဦးကို မည်မျှကျွမ်းကျင်စေကာမူ ဘတ် ၃၀၀ မပေးနိုင်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်ဟု ပြန်ဖြေခဲ့ ကြောင်း အဆိုပါအမျိုးသမီးက ပြောသည်။
အလုပ်သမားများအား ကူညီနေသည့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့မှ ဒါရိုက်တာ ဦးကျော်သောင်းကမူ “ တရားဝင် အလုပ်သမားတွေအနေနဲ့ အစိုးရသတ်မှတ်ထားတဲ့ လုပ်အားခ မရတဲ့ အလုပ်ရုံမှာ ဆက်မလုပ်ဖို့၊  ခေါင်းပုံဖြတ် ထားတာတွေကို အလုပ်သမားကာကွယ်ရေးရုံးနှင့်အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ အဖွဲ့တွေနဲ့ တိုင်ပင် ဆောင်ရွက် သင့်တယ်” ဟုပြောသည်။ 

အောင်ခန့် 

 copy from http://goldenworkers.blogspot.com/

No comments:

Post a Comment