Sunday, August 12, 2012

ပဿနာ မဖြေရှင်းတတ်ရင် အုပ်ချုပ်ရေးမှူး မလုပ်နဲ့

ပဿနာ မဖြေရှင်းတတ်ရင် အုပ်ချုပ်ရေးမှူး မလုပ်နဲ့

မောင်မောင်ဘု

ကိုယ်တွေ့ အပါအ၀င် ဂျာနယ်တွေမှာပါ ဖတ်မိပြီးသကာလ အုပ်ချုပ်ရေးမှူးများ အုပ်ချုပ်ခြင်းရဲ့ ရည်ရွယ်ချက်ကို သိကြပါလေစလို့ တွေးမိပါတယ်။

ရှေးရှေးတုန်းက လူသားတွေမှာ အုပ်ချုပ်တဲ့ လူမရှိသေး။ လူသားတွေ ပွားများလာတာနဲ့အမျှ ပြဿနာတွေ များလာတယ်။ ဖြေရှင်းပေးဖို့အတွက် လူတွေက အုပ်ချုပ်သူ တင်မြှောက်ကြတဲ့အတွက် အကြီးအမှူးတွေ ပေါ်လာတယ်။ ကောင်းမွန်တဲ့ အကြီးအမှူးတွေကြောင့် ပြဿနာတွေ အတော်များများ ဖြေရှင်းနိုင်ခဲ့တယ်။ ရှေးရှေးတုန်းက ယဉ်ကျေးမှု မြင့်မားတာနဲ့အမျှ အုပ်ချုပ်ရေးမှူးတွေဟာ သူတို့ရဲ့ အဓိက တာဝန်ကို သိရှိလိုက်နာကြပါတယ်။ လောဘ ဒေါသတွေလည်း နည်းကြသေးသကိုး။

တဖြည်းဖြည်း ကမ္ဘာကြီးမှာ လိုချင်တပ်မက်စရာတွေ များပြားလာပြီး နောက်ပိုင်း အုပ်ချုပ်ရေးမှူး ဆိုတာတွေ တန်ခိုးထွားလာလိုက်တာ ရေမြေကောင်းကင် ပိုင်သတဲ့ ရှင်ဘုရင် ဧကရာဇ်ကြီးတွေ၊ နေမ၀င် အင်ပါယာကြီးတွေအထိတောင် ပိုင်ဆိုင်တဲ့အထိ တိုးတက်လာကြတယ်။

သာမန်လူရဲ့ခွေးကို ရိုက်မိတာ ပြဿနာ မရှိပေမယ့် အာဏာပိုင်စိုးတဲ့ ဘုရင်ကြီးရဲ့ ခွေးဝဲစားတွေကို ခဲနဲ့ ပေါက်မိတာနဲ့တင် တောင်စွယ်နေကွယ် သတ်စေဆိုပြီး လူတွေရဲ့ အသက်ဟာ တန်ဖိုးမဲ့သွားတယ်။ နောက် ကမ္ဘာ့သမိုင်းရာဇ၀င်အရ အာဏာရှင်ကြီးများကို တဖြည်ဖြည်း တော်လှန်လာကြတာနဲ့ လူထုအုပ်ချုပ်တဲ့ခေတ် ပြန်ရောက်လာခဲ့တယ်။ နိုင်ငံတိုင်းတော့ မဟုတ်။

လူထုအုပ်ချုပ်တဲ့ခေတ် ဆိုပေမယ့် လူကို လူက အုပ်ချုပ်တာ ပညာလိုပါတယ်။ အခု ရွှေပြည်ကြီးမှာ ဒီမိုကရေစီဆိုပြီး သွားနေတဲ့အချိန် အုပ်ချုပ်ရေးမှူးတွေ အရေးပါလာပါတယ် (လူထုအုပ်ချုပ်တဲ့ ခေတ်ကတော့ ဝေးပါသေးတယ်)။

အဆင့်အားလုံးမှာ အရေးပါဆုံးက ရပ်ကွက် ကျေးရွာအဆင့် အုပ်ချုပ်ရေးမှူးတွေပါ။ သူတို့က လူထုနဲ့ တိုက်ရိုက်ဆက်ဆံရတဲ့ အမျိုးကိုး။ မြို့နယ် ခရိုင် ပြည်နယ် အုပ်ချုပ်ရေးမှူးကြီးတွေက တွေ့ရ အတော်ခက်လှတယ်။ အလုပ်တွေ အတော်များကြတယ်ဆိုပဲ။



တကယ်ဆိုရင်တော့ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးများဆိုတာ ဒီဘက်ခေတ်တွေမှာ သိပ်မလိုတော့ဘူး ထင်ပါတယ်။ ရဲတပ်ဖွဲ့၊ မြို့နယ် အုပ်ချုပ်ရေးမှူးကောင်းကောင်းနဲ့ အရပ်ဘက် လူထုအဖွဲ့ အစည်းတွေ အင်အားကောင်းလာရင် ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးတွေ အောင်မြင်နိုင်ပါတယ်။

အခု ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ဘာတွေ လုပ်နေကြသလဲ။

(၁) ဧည့်စာရင်းတိုင်တာ လက်ခံတယ်။ ပိုက်ဆံတောင်းမယ်။
(၂) သာရေး နာရေးလေး လုပ်ပေးတယ်။
(၃) မီးရေ ပြဿနာလေးတွေ ရှင်းပေးတယ်။
(၄) အစည်းအဝေးတွေ တက်မယ်။
(၅) အလှူငွေကောက်မယ်။
(၆) ထောက်ခံစာရေးပေး ပိုက်ဆံတောင်းမယ်။ အကျင့်စာရိတ္တ ကောင်းမွန်ကြောင်းပေါ့ (ထောက်ခံပေးတဲ့ လူကော အကျင့်စာရိတ္တကောင်းရဲ့လားတော့ မသိ)။

ဒီလောက်ပဲ လုပ်နေကြတာ တွေ့ရတယ် (တကယ်တော်တဲ့ အုပ်ချုပ်ရေးမှူးတွေတော့ ရှားပါတယ်)။ ပြဿနာဖြေရှင်းရေးတွေမှာတော့ အများကြီး လိုနေသေးတယ်။ ပညာနည်းပါးပြီး လူမိုက်ဆန်ဆန် ဖြေရှင်းနည်းတွေကို ခေတ်ဟောင်းကြီးက နည်းတွေအတိုင်း သုံးနေတုန်း ...။ ဒါကြောင့်လည်း လူထု အားမကိုးရဘဲ လူထုချဉ်ဖတ်ဘ၀က မတက်နိုင်ကြသေးတာ။ အထက်ဖား အောက်ဖိ လုပ်နေကြတုန်း။

လွှတ်တော်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဥပဒေပြဌာန်းလည်း ဒီဥပဒေကို ဒီအုပ်ချုပ်ရေးမှူးတွေ ဖတ်မယ်လို့ မထင်။ သင်တန်းပေးမယ်လို့တော့ ကြားရပါတယ်။ သူတို့ သိချင်တာက သူတို့် အုပ်ချုပ်ရေးမှူးဖြစ်ရင် အကျိုးအမြတ် ဘယ်လောက်ရနိုင်မလဲ ဆိုတာပဲ။ ဥပဒေကို ဖတ်မှတ်ပြီး စံနမူနာပြ လုပ်ဆောင်ပါမှ တရားဥပဒေစိုးမိုးရေးကို အထောက်အကူပြုနိုင်မယ်။ ပြည်သူကို ဖိစီးအနိုင်ကျင့်မယ်ဆိုတဲ့ စိတ်ယုတ်တွေ ဖယ်ရှားပြီး ရပ်ရွာကောင်းကျိုးဆောင်နိုင်တဲ့ အုပ်ချုပ်ရေးမှူးတွေကို ပြည်သူတွေက မျှော်လင့်နေကြပါတယ်။ ကြာတော့ ကြာနေပြီ။

အုပ်ချုပ်ရေးဆိုတဲ့ အဓိပ္ပာယ်မှာ ပြဿနာဖြေရှင်းရေးက အဓိက ပါဝင်တယ်။ ပြဿနာကို ဖြေရှင်းချင်တဲ့စိတ် မရှိရင်၊ ပြဿနာကို မဖြေရှင်းတတ်ရင် ရပ်ကွက်လူကြီး မလုပ်ဘဲ အေးဆေးထိုင်နေတာက ကောင်းပါတယ်။

အုပ်ချုပ်တယ်ဆိုတာ ပြည်သူလူထုရဲ့ အခက်အခဲတွေကို ဖြေရှင်းပေးပြီး ရပ်ရွာတိုးတက်ရေးကို လုပ်ဆောင်ပေးနိုင်ရမယ်။ စားပေါက်လောက်ပဲ ချောင်းနေမယ်၊ အထက်ကို ဖားနိုင်သလောက်ဖားပြီး အောက်ကို ဖိထောင်းတတ်တဲ့ ဗြူရိုကရက်ဆိုးတွေလို ဆက်လက်ပြုမူနေပါက အချိန်တန်ရင် ပြည်သူတွေရဲ့ ဒဏ်ခတ်မှုကို ခံရလိမ့်မယ်ဆိုတာ စေတနာရှေ့ထား နှိုးဆော်လိုက်ရပါတယ်။

မောင်မောင်ဘု

No comments:

Post a Comment