Sunday, August 12, 2012

စာနယ်ဇင်း လွတ်လပ်ခွင့် မရှိလျှင် ဒီမိုကရေစီ မရှိနိုင်။ (၁)

စာနယ်ဇင်း လွတ်လပ်ခွင့် မရှိလျှင် ဒီမိုကရေစီ မရှိနိုင်။ (၁)


စာနယ်ဇင်းလွတ်လပ်ခွင့်သည် လူထုတရပ်လုံးကျင့်သုံးသည့်
လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်၏ အရေးပါသော အစိပ် အပိုင်း ဖြစ်သည်။
စာနယ်ဇင်း လွတ်လပ်ခွင့် မရှိလျှင် လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်ကို
ရုပ်သိမ်းခံလိုက်ရခြင်းပင်ဖြစ် သည်။
လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့် ဆိတ်သုဉ်းပါက ဒီမိုကရေစီ ဟု
မည်သည့်နည်းနှင့် မျှ ဆိုနိုင်မည် မဟုတ်ပါ။ မြန်မာနိုင်ငံသတင်းစာ
ဆရာများအသင်း၏ ညီလာခံကို သြဂုတ်လ (၁၁) ရက်နေ့က ကျင်းပကာ စစ်အစိုးရက
ဖွဲ့စည်း ပေးလိုက်သည့်
အမြုတေစာနယ်ဇင်းကောင်စီ၏ တာဝန်ပိုင်းဆိုင်ရာများအား
လက်မခံနိုင်ကြောင်းဖြင့် တုန့်ပြန် စိမ်ခေါ် လိုက်သည်ကို တွေ့ရသည်။

စစ်အစိုးရ၏ ရွှေဝါရောင်ရုပ်ပြ လွှတ်တော်ကြီးအတွင်းမှနေ၍ ဒီမိုကရေစီရေးကို
အာမခံချက်ပေးနိုင်သည့် မည်သည့် ဥပဒေ​တစုံတရာ မျှ ထွက်ပေါ်မလာသေးပါ။
နောင်လည်းထွက်ပေါ်လာမည့် အလားအလာ လွန်စွာမှ နည်းပါးနေပါသေးသည်။
ယင်းအချိန်တွင် သတင်းစာဆရာများ၊ စာနယ်ဇင်းဆိုင်ရာ ပုဂ္ဂိုလ်များ၏
ဤလှုပ်ရှားမှုကို လူထုကသာ တခဲနက် ၀န်းရံ ပံ့ပိုးပါက မြန်မာနိုင်ငံ
ဒီမိုကရေစီရရှိရေးကြိုးပမ်းမှု၏ အဓိက မဏ္ဍိုင်တခုဖြစ်လာနိုင်ပါမည်။

စစ်အစိုးရက ဖွဲ့စည်းပေးလိုက်သည့် အမြုတေ စာနယ်ဇင်းကောင်စီတွင် မောင်ဝံသ၊
ဦးသီဟစောနှင့် ဦးကိုကို (စက်မှု တက္ကသိုလ်) တို့ ပါဝင်ပြီး
၎င်းတို့သည်ပင် (လွတ်လပ်သည့်) မြန်မာနိုင်ငံသတင်းစာ ဆရာများ အသင်း၏
ခေါင်း ဆောင်များ
ဖြစ်လာကြသောအခါ အနေအထားမှာ စိတ်ဝင်စားစရာဖြစ်လာသည်။ အဆိုပါ
ပုဂ္ဂိုလ်သုံးဦးက ပင် အကယ်၍ စစ်အစိုးရ၏ အမိန့်ကြော်ငြာစာတွင်
အမြုတေစာနယ်ဇင်းကောင်စီ၏ တာဝန်ပိုင်းများတွင် ဖေါ်ပြထားသည့် အချက်များကို
ပြင်ဆင်ပေးခြင်း
မပြုပါက ၄င်းတို့ အနေဖြင့် အမြုတေ စာနယ်ဇင်းကောင်စီတွင်
ပါဝင်နိုင်မည်မဟုတ် ကြောင်း အများပြည်သူသို့ ပြောင်ပြောင်တင်းတင်း
ထုတ်ဖေါ်ပြောဆိုလာသောအခါ ပို၍ပင် စိတ်ဝင်စားစရာ ကောင်း လာသည်။


သြဂုတ်လ (၁၂) ရက်နေ့နံက် ဘီဘီစီ အင်တာဗျူးတွင်
မြန်မာနိုင်ငံသတင်းစာဆရာအသင်း ဥက္ကဌ ဖြစ်လာသူ ဆရာ မောင်ဝံသ က
အောက်ပါအတိုင်းပြောဆိုသွားခဲ့သည်။
"အမြုတေစာနယ်ဇင်းကောင်စီရဲ့ တာဝန်ပိုင်းတွေမှာ ကျွန်တော်တို့ သဘောမတူတဲ့
အချက်တွေကို ပြင်ဆင်ပြောင်းလဲ ပေးခြင်း မပြုရင် မြန်မာနိုင်ငံသတင်းစာ
ဆရာအသင်းကို ကိုယ်စားပြုပြီး သည်အဖွဲ့မှာ မပါဘူး။ အမြုတေ စာနယ်ဇင်း
ကောင်စီဟာ
ဖျက်သိမ်းတော့မယ့် စာပေစီစစ်ရေး အဖွဲ့ ရဲ့နေရာမှာ အစားဝင်ပြီး
ထိမ်းချုပ်ကန့်သတ်မဲ့အလား အလာ ရှိတယ်။ အဲသည် အထဲမှာ စာပုဒ် ရှစ်ပုဒ်လောက်
ကျွန်တော်တို့  တွေ့ထားတယ်။ အဲဒီတာဝန်နဲ့လုပ်ပိုင်ခွင့်တွေဟာ
စာနယ်ဇင်းသမားတွေ
ဘယ်လိုမှ လက်မခံနိုင်တဲ့ အချက်တွေ ဖြစ်နေတယ်။ အဲဒါကြောင့်
စာနယ်ဇင်းသမားတွေ ရဲ့ အကျိုးစီးပွား ကို အကာအကွယ်ပေးမယ့်
အဖွဲ့ဖြစ်တဲ့အတွက် ဒီလို အချက်တွေ ပါနေသမျှတော့ ကျွန်တော်တို့  အမြုတေ
စာနယ်ဇင်းကောင်စီမှာ မပါနိုင်ဘူး။
ကိုယ်စားမပြုနိုင်ဘူးလို့ အကြောင်းပြန်ထားတာဖြစ်ပါတယ်။"
ပွင့်လင်းပြတ်သားစွာ ထုတ်ဖေါ်လာသည့် ဤရပ်တည်ချက် တခုတည်းနှင့်ပင်
ဆရာမောင်ဝံသ၊ ဦးသီဟစောနှင့်ဦးကိုကို (စက်မှု တက္ကသိုလ်) တို့အား လေးစား
အသိအမှတ်ပြုရပါမည်။ သတင်းစာဆရာများ၊ စာနယ်ဇင်း ဆိုင်ရာပုဂ္ဂိုလ်များ၏
ဤလှုပ်ရှားမှုကို
လူထုတရပ်လုံးအနေနှင့် အဘယ်ကြောင့်ထိထိရောက်ရောက်
ဝိုင်းရံလက်တွဲသင့်ကြောင်းကိုလွတ်လပ် စွာထုတ်ဖေါ်ပြောဆိုခွင့် အပေါ်တွင်
အခြေခံ၍ ဥပဒေကြောင်းများနှင့် ဆက်စပ်တင်ပြပါမည်။
စစ်အစိုးရက ၂၀၁၂ ခုနှစ် သြဂုတ်လ (၉) ရက်နေ့စွဲဖြင့် ထုတ်ပြန်သော
အမိန့်ကြော်ငြာစာတွင် အမြုတေစာနယ်ဇင်း ကောင်စီ၏ တာဝန်ဝတ္တရားဟူ၍ ရှစ်ချက်
ဖေါ်ပြထားသည့် အနက် အရေးအကြီးဆုံးဖြစ်သော ပထမ အချက်တွင် အောက်ပါ
အတိုင်းတွေ့ရသည်။
(က) စာနယ်ဇင်း လွတ်လပ်ခွင့်ကို တည်ဆဲဥပဒေနှင့် အညီ ထိမ်းသိမ်းစောင့်ရှောက်ရန်။
ဤအချက်ကို ကြည့်ပါက ရှင်းလင်းမြင်သာသည်မှာ စစ်အစိုးရ၏
အမြုတေစာနယ်ဇင်းကောင်စီသည် ဥပဒေ၏ ပင်မ သွေးကြောဖြစ်သော ၂၀၀၈ ခုနှစ်
ဖွဲ့စည်းပုံ အရသာ ဖေါ်ဆောင်သွားမည်မှာ ရှင်းနေသည်။
ဒီမိုကရေစီကျင့်သုံးသည့် နိုင်ငံများတွင် စာနယ်ဇင်းလွတ်လပ်ခွင့်
မြစ်ဖျားခံ ဆင်းသက်လာရာဖြစ်သော လူထု၏ လွတ်လပ်စွာ
ထုတ်ဖေါ်ပြောဆိုပိုင်ခွင့်ကို အခြေခံဥပဒေတွင် ထည့်သွင်းပြဌာန်းပေးထားရသည်။
သာဓက အားဖြင့် အမေရိကန်ပြည်ထောင်စု
ဖွဲ့စည်းပုံအခြေခံဥပဒေတွင် လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်ကို
ကန့်သတ်ဟန့်တား သည့်မည်သည့် ဥပဒေမျှ မပြဌာန်းရ ဟူ၍ပါရှိသည်။ လွတ်လပ်စွာ
ထုတ်ဖေါ်ပြောဆိုပိုင်ခွင့်ကို ရာခိုင်နုန်းပြည့် ပေး ထားသည် ဟု
ပြောနိုင်သည်။

ဂျာမနီ နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၅) တွင်
အောက်ပါအတိုင်းတွေ့ရသည်။ အပုဒ် (၁) ၌ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်ကို
ရာခိုင်နုန်းပြည့် ပေးထားကြောင်းတွေ့နိုင်သည်။ ဆင်ဆာဟု ခေါ်သည့်
စာပေစီစစ်ရေး အဖွဲ့ ကိုပင်
ထားရှိခွင့်မပြုပေ။ အပုဒ်(၂) တွင်မူ ကန့်သတ်ချက်ကို တစုံတရာ
ပြဌာန်းထားကြောင်းတွေ့နိုင်သည်။ ဤ ကန့်သတ်ချက်မှာလည်း သဘာဝကျ၊
ထားရှိသင့်ပြီး ပျော့ပြောင်းလှပါသည်။ လူငယ်များကို ကာကွယ် စောင့်ရှောက်
ရန်နှင့် ပုဂ္ဂိုလ်ရေး
ဂုဏ်သိက္ခာကို ထိပါးမှု မရှိစေရန်သာဖြစ်သည်။
Article 5 [Freedom of expression]
(1) Every person shall have the right freely to express and
disseminate his opinions in speech, writing, and pictures and to
inform himself without hindrance from generally accessible sources.
Freedom of the press and freedom of reporting by means of broadcasts
and films shall be guaranteed. There shall be no censorship.
(2) These rights shall find their limits in the provisions of general
laws, in provisions for the protection of young persons, and in the
right to personal honor.
၁၉၉၆ ခုနှစ်တွင် ပြဌာန်းခဲ့သည့် တောင်အာဖရိကနိုင်ငံ၏
ဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်း သတင်းဌာနများနှင့် မီဒီယာများ၏
လွတ်လပ်ခွင့်ကို ပုဒ်မ ၁၆ (၁) တွင် အောက်ပါအတိုင်းပြဌာန်း ထားသည်။
16. Freedom of expression
Everyone has the right to freedom of expression, which includes ­
freedom of the press and other media;
freedom to receive or impart information or ideas;
freedom of artistic creativity; and
academic freedom and freedom of scientific research.
နောက်ပိုင်းတွင် ပြဌာန်းလာသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေတချို့တွင်
ကန့်သတ်ချက်များ ထည့်သွင်းလာသည်ကို တွေ့နိုင်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ၌
သင့်တင့်လျှောက်ပတ်သော ကန့်သတ်ချက်တစုံတရာထည့်သွင်းရန်တော့ လိုပါမည်။
သို့ရာတွင်
ကန့်သတ်ချက်များများ ထည့်သွင်းလေလေ၊ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်
နည်းပါးလာ လေလေ ဖြစ်သည်။ သဘာဝကျသော ကန့်သတ်ချက်များကို ထည့်သွင်းလျှင်မူ
ဗရမ်းဗတာ လွတ်လပ်စွာ ထုတ်ဖေါ် ခြင်း ကို တဖက်က ထိမ်းသိမ်းနိုင်ပြီး
အခြားတဘက်မှနေ၍ လွတ်လပ်စွာ ထုတ်ဖေါ်ခွင့်
များများကျင့်သုံးခွင့်ရစေနိုင်မည် ဖြစ်သည်။ ဤအခြေခံဖြင့် တောင် အာဖရိက
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၆ (၂) အရ အောက်ပါ ကန့်သတ် ချက်များကို
လေ့လာသင့်ပါသည်။
The right in subsection (1) does not extend to ­
propaganda for war;
incitement of imminent violence; or
advocacy of hatred that is based on race, ethnicity, gender or
religion, and that constitutes incitement to cause harm.
တောင်အာဖရိက ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်ကို
ကျင့်သုံးရာ၌ လူမျိုး၊ တိုင်းရင်း သား၊ လိင်၊ ဘာသာရေး နှင့်
ဘေးအန္တရယ်ဖြစ်စေမည့် မုန်းတည်းမှု ပေါ်ပေါက်စေရန် အားပေးမှု၊
အကြမ်းဘက်မှုကျူး
လွန်စေရန်လှုံ့ဆော်မှု၊ စစ်ရေးအရ ၀ါဒဖြန့်ချီမှု၊ စသည်တို့ကို မပြုလုပ်ရဟု
ကန့်သတ်ပြဌာန်းထားခြင်းဖြစ်သည်။ ကန့်သတ်ပြဌာန်းချက်များမှာ
တိကျရှင်းလင်းသည်။ ဤကန့်သတ်ပြဌာန်းချက်မျိုးကို သတင်းစာဆရာများ၊
စာနယ်ဇင်း သမားများ
အများစုကြီးက လက်ခံနိုင်ကြပါသည်။
သို့ရာတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ကန့်သတ်ချက်ဖြစ်သည့်
"နိုင်ငံတော်လုံခြုံရေး" ဟူသည်မှာမူ မြန်မာ နိုင်ငံအတွေ့အကြုံအရ
လက်မခံသင့်ဆုံးသော အရာဖြစ်သည်။ "နိုင်ငံတော်လုံခြုံရေး" ဟူသော
စကားလုံးကို သုံး၍ အချို့နိုင်ငံတို့၏
ဖွဲ့စည်းပုံတွင် ကန့်သတ်မှုများ မရှိမဟုတ်ရှိပါသည်။ သို့ရာတွင်
ထိုနိုင်ငံများ၌ တရားစီရင်ရေးသည် ရာခိုင်နုံးပြည့်မျှ လွတ်လပ်သည်။
"နိုင်ငံတော်လုံခြုံရေး" ဟူသော စကားလုံးကို အစိုးရအာဏာပိုင်များက လက်တွေ့
မှုခင်းများ၌ သုံးစွဲပြီး
ဖိနှိပ်မှုပြုသောအခါ လူထုအား တရားစီရင်ရေး ယန္တယားက အကာအကွယ်ပေးလေ့ရှိသည်။
၎င်းတို့၏ ဖွဲ့စည်းပုံများတွင်လည်း "အမျိုးသားကာကွယ်ရေးနှင့်
လုံခြုံရေးကောင်စီ" ဟူသော အဖွဲ့အစည်းလုံးဝ မတည် ရှိပါ။ ထိုနိုင်ငံများ၌
ဖွဲ့စည်းပုံအရ
လွှတ်တော်များတွင်လည်း စစ်ဗိုလ်များ ၀င်ထိုင်နေကြခြင်း မရှိပါ။
မြန်မာ နိုင်ငံ ၌မူ တဘက်တွင် တရားစီရင်ရေး ယန္တယား လွတ်လပ်မှု လုံးဝ
ကင်းမဲ့နေသည့်အပြင် အခြားတဘက်တွင်မူ အဆိုပါ နိုင်ငံများ၌ မရှိသော အရာများ
အားလုံးရှိနေသည်။ သို့ဖြစ်၍ စာနယ်ဇင်း လွတ်လပ်ခွင့်ကို ဥပဒေနှင့်
အညီချုပ် နှောင်ထားခြင်းအား လက်မခံသင့်ပါ။ ယခု စစ်အစိုးရက အမြုတေ
စာနယ်ဇင်းကောင်စီ ကို အမိန့်ကြော်ငြာ စာဖြင့်သာ ဖွဲ့စည်းပေးသည့်
အဆင့်ဖြစ်သည်။ အောက်ပါ အစဉ်ကို လေ့လာကြည့်ပါ။
(၁) ဖွဲ့စည်းပုံအခြေခံဥပဒေ
(၂) အခြားဥပဒေများ
(၃) နည်းဥပဒေများ၊ စည်းမျဉ်းဥပဒေများ
(၄) အမိန့်များ၊ ပြန်တမ်းများ
အစိုးရ၏ အမိန့်ဟူသည်မှာ အဆင့်အနိမ့်ဆုံးဖြစ်ကြောင်းတွေ့ရပါမည်။ သို့ဖြစ်၍
လွတ်လပ်သော အဖွဲ့အစည်းအဖြစ် ပေါ်ပေါက်လာသည့် မြန်မာနိုင်ငံသတင်းစာ ဆရာများ
အသင်းသည် မိမိတို့ မလိုခြင်သည့် တာဝန်ပိုင်းဆိုင်ရာများကို ညှိနိုင်းရာ၌
အစိုးရ၏ အမိန့်ကိုပြင်ဆင်ပေးရန်လောက်သာ အရေးဆိုနိုင်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဌာန်းပါရှိ သော
လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့် ဆိုင်ရာပြဌာန်းချက်ကို ကိုးကား၍
အရေးမဆိုနိုင်ပါ။ ဆိုလိုသည်မှာ အစိုးရ အဖွဲ့၏ အမိန့်တွင် ပါရှိသော
တာဝန်ပိုင်းဆိုင်ရာများသည် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဌာန်းပါရှိသည့်
လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့် အခြေခံများနှင့် ဆန့်ကျင်နေသဖြင့်
လက်မခံနိုင်ပါ ဟု စောဒက မတက်နိုင်ခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၂၀၀၈
ဖွဲ့စည်းပုံမှာကို က
"နိုင်ငံတော်လုံခြုံရေး" ဟူသော စကားလုံးဖြင့် ကန့်သတ်ထားပြီး
ဖြစ်သောကြောင့်ပင်။ "နိုင်ငံတော်လုံခြုံရေး" ဟူသော စကားလုံးဖြင့်
ကန့်သတ်ခြင်းမှာ မြန်မာနိုင်ငံတွင် ၁၉၄၇ ဖွဲ့စည်းပုံအရဖြစ်စေ၊ ၁၉၇၄
ဖွဲ့စည်းပုံအရဖြစ်စေ ကျင့်သုံးခဲ့ခြင်းလည်း မရှိပါ။
သို့ရာတွင် ဤကိစ္စမှာမူ ကြီးမားကျယ်ပြန့်လာပြီဖြစ်သဖြင့် သတင်းစာဆရာများ၊
စာနယ်ဇင်း သမားများလောက်မျှဖြင့် မလုံလောက်နိုင်တော့ပါ။ ဒီမိုကရေစီကို
ချစ်ခင်မြတ်နိုးသော လူထုတရပ်လုံး ပူးပေါင်းပါဝင်ဘို့  လိုအပ်လာပါသည်။
လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်ကို ဥပဒေနှင့် အညီ ဖေါ်ဆောင်ရာ၌
"နိုင်ငံတော်လုံခြုံရေး" ဟူသော စကားလုံးကို စစ်အစိုးရအာဏာပိုင်များက
၎င်းတို့လိုသလို အဓိပ္ပါယ် ဖွင့်ဆိုပြီး ဖိနှိပ်ခဲ့သလို ၂၀၀၈
ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ
ရှေ့ဆက်ပြီးလည်း ဖိနှိပ်သွားမည်မှာ သေချာ သည်။ သို့ဖြစ်၍
စာနယ်ဇင်းလွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်ရာ၌ ဖွဲ့စည်းပုံအခြေခံဥပဒေ
အရင်းအမြစ်ကိုပါ လူထု လှုပ်ရှားမှုနှင့် တိုက်ထုတ်မှသာ
အောင်မြင်နိုင်ခြေရှိပါမည်။

အောင်ထူး (ရှေ့နေ)
သြဂုတ်လ (၁၂) ရက် ၂၀၁၂ ခုနှစ်

No comments:

Post a Comment