Saturday, August 11, 2012

စီးပွားရေးလုပ်ငန်းများနှင့် ပိုင်ဆိုင်မှုများ စာရင်းတင်ပြမှုဂယက်

စီးပွားရေးလုပ်ငန်းများနှင့် ပိုင်ဆိုင်မှုများ စာရင်းတင်ပြမှုဂယက်


သမ္မတ ဦးသိန်းစိန်က အာဏာပိုင်အဖွဲ့အစည်းများဖြစ်ကြတဲ့ ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေချုပ်များ၊ တရားသူကြီးချုပ်များ၊ တရားသူကြီးများရဲ့ ပိုင်ဆိုင်မှု ပစ္စည်းစာရင်းတွေကောက်ယူဖို့ ညွှန်ကြားချက်ပေးခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး အစိုးရအဖွဲ့ဝင် ၀န်ကြီးအချို့က မကျေမနပ်ဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။ ဒါ့အပြင် ယခင်ဝန်ကြီးများဖြစ်ကြတဲ့ ဦးအောင်သောင်းနဲ့ ဦးတင်ထွဋ်တို့လို စီးပွားရေးသောင်းကျန်းတဲ့ ၀န်ကြီးဟောင်းအချို့ရဲ့ ပိုင်ဆိုင်မှုစာရင်းတွေကိုလည်း လက်ညှိုးထိုးပြကြပါတယ်။ ပိုင်ဆိုင်မှုပစ္စည်းဆိုရာမှာ ရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း၊ မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းဟူ၍ ရှိပြန်ရာ စာရင်းကောက်ယူရန် အချိန်တိုတောင်းလွန်းလှသဖြင့် အဲဒီစာရင်းတွေ မှန်ကန်မှုရှိနိုင်ပါ့မလားဆိုတဲ့ သံသယတွေရှိလာကြ ပါတယ်။ ယခင် (လယ်ဆည်) ၀န်ကြီးဟောင်း ဦးမြင့်အောင်တို့အိမ်တွေမှာ ရွှေချောင်းများ သိမ်းထားသလို နိုင်ငံခြားဘဏ်တွေမှာ အပ်နှံထားတဲ့ ဒေါ်လာငွေစာရင်းတွေလည်း ရှိတယ်လို့ သတင်းတွေရှိခဲ့ပါတယ်။ ဒါတွေဟာ နိုင်ငံတော်ရဲ့ သယံဇာတပစ္စည်းများကို ဈေးပေါပေါနဲ့ ရောင်းချလို့ရတဲ့ငွေတွေအပေါ် အဂတိလိုက်စားမှုနဲ့ ရယူထားတာတွေပါ။ ယခင်ဝန်ကြီးတွေခေတ်မှာတော့ မုန့်ပုံးထဲမှာ ရွှေချောင်းတွေထည့်ပြီး လက်ဆောင်ပေး ကန်တော့တဲ့ခေတ် ရှိခဲ့ဖူးပါတယ်။ နောက်တော့ ရွှေအစား စိန်ကိုလက်ဆောင်ပေးတဲ့ ခေတ်လည်း ဖြစ်လာဖူးပါတယ်။ လူကြီးတွေဆီ ၀င်ထွက်သွားတဲ့အခါမှာ အထုပ်ကြီးကြီးနဲ့လာရင် မကြိုက်ကြဘူးလို့ ကုန်သည်ကြီးတွေ အသိုင်းအ၀ိုင်းကဆိုပါတယ်။ လူကြီးကတော်များကတော့ ဗိုလ်ချုပ်ဈေးရှိ ပါတိတ်ဆိုင်တွေနဲ့ မြေနီကုန်းမှာရှိတဲ့ မခင်အေးစတိုးဆိုင်တွေနဲ့ ချိတ်ထားပြီး လာကန်တော့တဲ့ ခြင်းတောင်းများ၊ အရက်များ၊ အဝတ်အထည်များကို ပြန်သွင်းခြင်းဖြင့် ငွေသားပြန်ဖော်ကြတယ်လို့ သိရပါတယ်။ တချို့ကန်ထရိုက်တွေကတော့ တိုက်ခန်းသော့ကို လက်ဆောင်အဖြစ်ပေးကြပါတယ်။ အဂတိလိုက်စားမှုကျူးလွန်ရာမှာ တစ်ချိန်က ကတော်မိန်းမများကို ကြားခံထားကြသလို တစ်ခါတစ်ရံမှာတော့ ကိုယ်ရေးအရာရှိများကို ကြားခံထားကြပါတယ်။ တစ်ခါတစ်ရံမှာ သား၊ သမီးတွေကို ကြားခံလူအဖြစ် တာဝန်ပေးလုပ်ခိုင်းတယ်လို့လည်း သိရပါတယ်။ အဲ့ဒီ ပိုင်ဆိုင်မှုပစ္စည်းစာရင်းတွေကို ထုတ်ပြန်လိုက်မယ်ဆိုရင် ကြောက်ခမန်းလိလိ ချမ်းသာကြွယ်ဝမှုတွေကို တွေ့ရှိရမှာဖြစ်ပြီး ၀န်ကြီးတွေရဲ့လစာနဲ့ အနှစ် (၁၀၀) စုဆောင်းတဲ့တိုင် အဲ့ဒီ ငွေကြေးတွေ ပြည့်မီမှာ မဟုတ်ကြောင်း သိရှိရပါတယ်။ ဝန်ကြီး ဦးအောင်သောင်း မိသားစုဆိုရင် အပတ်စဉ် ဖဲဝိုင်း ရှိကြပြီး သားသမီးများက အပြိုင်အဆိုင် သူုတို့ရဲ့ ပိုင်ဆိုင်မှုများကို ဖဲဝိုင်းမှာ ကြွားလုံးထုတ်ပြီး ငွေဖြုန်းတီးကြပါတယ်။


VIP လို့ခေါ်တဲ့ ဝန်ကြီးတွေနဲ့ တပ်မတော်အရာရှိကြီးများရဲ့ တချို့အဂတိလိုက်စားတဲ့နည်းတွေကတော့ လုပ်ငန်းရှယ်ယာပါဝင်မှုအနေနဲ့ ကုမ္ပဏီများ၊ Super Market များ၊ ဟိုတယ်များနဲ့ ကာရာအိုကေဆိုင်များမှာ နာမည်ခံရုံနဲ့ အမြတ်ရှယ်ယာပါခွဲဝေရရှိတယ်လို့ သိရပါတယ်။ အမှန်တကယ်တော့ လွတ်လပ်မှုရှိပြီး လွှမ်းမိုးမှု မရှိတဲ့ သီးခြား အထူးစုံစမ်း စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းသင့်ပြီး နိုင်ငံတော် မျက်နှာ တစ်ခုတည်းသာကြည့်ကာ ပြတ်ပြတ်သားသား ဆောင်ရွက်သင့်ပါတယ်။ သမ္မတ ဦးသိန်းစိန် ကိုယ်တိုင်ကလည်း လက်အောက်က စာရင်း မတင်ခင် သမ္မတရဲ့ ပိုင်ဆိုင်မှု စာရင်းကို ဦးစွာ ကြေငြာသင့်တယ်လို့ စစ်ဖက်နီးစပ်သူများက ဆိုပါတယ်။ ဒါမှ ပြည်သူလူထုက ယုံကြည်မှု ပိုမိုရရှိလာမှာ ဖြစ်ပါတယ်။ နအဖ အစိုးရခေတ်က ထောက်လှမ်းရေး တပ်ဖွဲ့ဝင်များအနေနဲ့ ဝန်ကြီးများနှင့် တိုင်းမှူးများရဲ့ တိုက်တာ အဆောက်အဦးများကို ဓါတ်ပုံရိုက် မှတ်တမ်းတင်ခဲ့လို့ ထောက်လှမ်ရေးကို အငြိုးကြီးခဲ့ပါတယ်။ ထောက်လှမ်းရေးရဲ့ ပိုင်ဆိုင်မှုကိုလည်း လျှို့ဝှက်ထားလို့ မကျေမနပ်ဖြစ်ခဲ့ပါတယ်။ ယခု သမ္မတရဲ့ ထုတ်ပြန်တဲ့ ဇူလိုင် ၂၆ရက်စွဲပါ အမိန့်ကြေငြာချက်ကြောင့် အဂတိလိုက်စားမှု နာမည်ဆိုးထွက်နေတဲ့ အမှတ် (၁) လျှပ်စစ်စွမ်းအား ဝန်ကြီး ဦးဇော်မင်းလိုမျိုး ဝန်ကြီးများက ကျေနပ်မှု မရှိကြကြောင်း အစိုးရရုံးနဲ့ နီးစပ်သူများဆီမှ သိရှိရကြောင်း စည်းလုံးခြင်းရဲ့ အင်အား ဝက်ဘ်ဆိုဒ် www.photayokeking.org မှ ဖော်ပြလိုက်ရပါတယ်။

No comments:

Post a Comment