ကယားပြည်နယ် ဖရူဆိုမြို့နယ် ဆိုလျားကူးကျေးရွာမှာ စစ်တပ်က သိမ်းထားတဲ့
လယ်ယာမြေတွေမှာ ၀င်ရောက်ထွန်ယက်ခဲ့တဲ့ တောင်သူတွေထဲက တောင်သူ ၁၉၀ ဦးကို
အမှတ် ၅၃၁ ခြေမြန်တပ်ရင်းမှူးက ပိုင်နက်ကျူးလွန်မှုနဲ့ အမှုဖွင့်ထားတယ်လို့
တောင်သူတွေက ပြောပါတယ်။
အမှုဖွင့်ခံထားရတဲ့ တောင်သူ ၁၉၀ ဦးထဲက တစ်ရက်ကို ၁၀ ဦးစီ ရဲစခန်းမှာ
လာရောက် အစစ်ဆေးခံဖို့ အကြောင်းကြား ထားတယ်လို့ အမှုဖွင့် ခံထားရတဲ့ တောင်သူ
ကိုအန်ထော်နီတူးရယ်က ပြောပါတယ်။
"မနေ့ကလာခေါ်သေးတယ် တရားစစ်ဆေးခံဖို့ လူအယောက် ၂၀ ကိုလာခေါ်တယ်၊ ရဲကလာဖို့
ပြောသွားတယ်၊ ဒါပေမဲ့ မသွားဘူး မသွားနိုင်ဘူးလို့ပဲ အကြောင်းပြန်လိုက်တယ်၊
အဲ့ဒီရက်မှာသွားတဲ့သူက အယောက် ၃၀၀ လောက်ရှိတယ် အဲ့ဒီသွားတဲ့လူတိုင်းကို
တရားစွဲမှာလို့ ပြောတယ်"
လွန်ခဲ့တဲ့ ၁၉၉၀ ခုနှစ်လောက်က ဆိုလျားကူးရွာမှာရှိတဲ့ လယ်ယာမြေ၊
စားကျက်မြေနဲ့ သစ်တောမြေဧက စုစုပေါင်း ၁၂၀၀ ကျော်ကို အမှတ် ၅၃၁
ခြေမြန်တပ်ရင်းက သိမ်းဆည်းခဲ့ပြီး သီးစားချထားတယ်လို့ သိရပါတယ်။
သိမ်းဆည်းခံထားရတဲ့ အဲ့ဒီမြေတွေမှာ ၀င်ရောက်စိုက်ပျိုးမယ်ဆိုရင်
တပ်ပိုင်မြေမှာ လုပ်ကိုင်တာ ဖြစ်ကြောင်း လက်မှတ်ရေးထိုးရမယ်လို့ စစ်တပ်က
ညွှန်ကြားထားတဲ့အပေါ် ကန့်ကွက်တဲ့အနေနဲ့ ဒေသခံတောင်သူတွေက ပြီးခဲ့တဲ့ မေလ၂၇
ရက်နေ့နဲ့ ၂၈ ရက်နေ့တို့မှာ ၀င်ရောက်ထွန်ယက်ခဲ့ကြတာဖြစ်ပါတယ်။
RFA Burmese
No comments:
Post a Comment