အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ် အပြင် မြေအောက်ရေနံငွေ့ ရိုက်ခတ်မှုကြောင့်
ဖြစ်ပေါ်နေသည့် အပူလွန် အခြေအနေ နွေအပူတွင် ဦးဇော်မင်းမှာ စွပ်ကျယ်လက်ပြတ်
ဝတ်ထားသည့်တိုင် ချွေးဒီးဒီးကျနေသည်။
ယင်းမှာ ရာသီဥတု အပူသာ ဖြစ်သည်။ သူ၏ စိုးရိမ်သောကကြောင့် ဖြစ်သော
ရင်တွင်းအပူသည် ၄၀ ဒီဂရီစင်တီဂရိတ်ထက် ပိုမည်ဟု ဦးမင်းဇော်က ဆိုသည်။
မြန်မာဘုရင်များ လက်ထက်မှ စတင်ကာ ရေနံသယံဇာတကို ခေတ်အဆက်ဆက် အဓိက
ထုတ်ပေးနေသော ရေနံချောင်းမြို့တွင် အစိုးရ အစဉ်အဆက် ပြောင်းလဲသွားသော်လည်း
ဖွံ့ဖြိုးမှု အရိပ်အယောင်ပင် မကျန်ခဲ့သည့်အတွက် နောင်လာ နောက်သားများအတွင်
စိုးရိမ်သည့်အပူက ပိုကြီးနေကြောင်း သူက ဖွင့်ဟပြောပြသည်။
“ငါကတော့ ပြောင်းလဲနေပါပြီလို့ အစိုးရ ဖော်ဆောင်နေတဲ့ ဒီမိုကရေစီ
လမ်းကြောင်းပေါ်ကို ငါတို့မြို့လေးလည်း လိုက်ပြီး လျှောက်လှမ်းနိုင်တာကို
မြင်ချင်လှပြီ” ဟု ၎င်းက တစ်လုံးချင်း ပြောနေသည်။
သမိုင်းကြောင်း အစဉ်အဆက် ရေနံ တူးဖော်ထုတ်လုပ်ရေးကိုသာ အဓိက
အသက်သွေးကြောအဖြစ် ရပ်တည်နေရသော ရေနံချောင်းမြို့မှာ သယံဇာတကျိန်စာကြောင့်
အသက်မဲ့နေပြီဟု ၎င်းကဆိုသည်။
“တစ်နိုင်ငံလုံးရဲ့ရေနံထွက်နှုန်းကို အဓိက ထိန်းထားနိုင်ဆဲ ဖြစ်တဲ့မြို့က
ကုမ္ပဏီတွေသာ တစ်ခုပြီးတစ်ခု ပြောင်းသွားတယ် ဘာအနှစ်မှ မရှိဘူး။ မြို့က
အခွံအတိုင်းပဲ ကျန်ခဲ့တယ်” ဟု ၎င်းက ထပ်လောင်း ပြောဆိုသည်။
ခရစ်နှစ် ၉၀၆ ခုနှစ်တွင် ပုဂံပြည့်ရှင် တန်နက်မင်းကို မြင်းခံစလေငခွေး
လုပ်ကြံသဖြင့် တန်နက်မင်း၏ မိဖုရား၊ မောင်းမမိဿံ အခြွေအရံများ အပါအဝင်
အိမ်ထောင်စု ၁၂ စုသည် အောက်ပြည်အောက်ရွာသို့ စုန်ဆင်းလာခဲ့ပြီးနောက် ယခု
ရေနံချောင်းမြို့ ဆိပ်သာကွန်းထောက်သို့ ပြောင်းရွှေ့ နေထိုင်ခဲ့ကြသည်။
၎င်းတို့ထဲမှ မင်းညီမင်းသားများ တောလည်ထွက်ရာမှ ဆိပ်သာကွန်းထောက်
အပိုင်မြေတွင် ရေနံများ မြေပေါ်သို့ ပွက်ကာ ပွက်ကာ ထွက်ရှိလာသည်ကို
တွေ့ရသဖြင့် ဆိပ်သာကွန်းထောက် သူကြီးထံတွင် မြေတိုင်းစာခံပြီး ရေနံမြေကို
ရယူခဲ့ကြသည်။
ထိုသူများ လက်တွင်းများဖြင့် ရေနံကို ရေကဲ့သို့ လူအားဖြင့် ငင်ယူနေသည်ကို
အထောက်အထားများဖြင့် တွေ့ရပြီး တွင်းရိုးတွင်း စားများဟု စတင်
ခေါ်ဝေါ်ခဲ့ကြကြောင်း ရေနံချောင်းမြို့နယ် ဖြစ်စဉ် သမိုင်းစာအုပ်တွင်
ဖော်ပြထားသည်။
စက်မှုဖွံ့ဖြိုးမှု နောက်ကျခဲ့သော မြန်မာနိုင်ငံတွင် ရေနံများကို
နယ်ချဲ့လက်အောက် မရောက်ရှိခင်အထိ ကျယ်ပြန့်စွာ ထုတ်ယူခြင်း မရှိသော်လည်း
ရေနံအသုံးပြုမှုများ ရှိနေကြောင်း သမိုင်းမှတ်တမ်းများက သက်သေခံနေသည်။
ခရစ်နှစ် ၁၀၄၄ တွင် နန်းတက်သော အနော်ရထာမင်းကို အရှင်အရဟံက ပိဋကတ်တော်များ
ရေးသားထားသော ပေရွက်များ ပိုးစားခြင်းမှ ကာကွယ်ရန် ရေနံချေး
သုတ်ထားသင့်ကြောင်း အကြံပေးသဖြင့် အနော်ရထာမင်းသည် ရေနံချောင်း အရပ်မှ
ရေနံတွင်း ရိုးတွင်းစားများကို ရေနံဆက်သွင်းရန် အမိန့်တော်မှတ်ပြီး
တွင်းစားရိုး ၂၄ ရိုးနှင့် တွင်းစားအိမ်ထောင် ၁၄ အိမ်ထောင် ရှိသည့်
တွင်းစားရိုးများကို အကြီးအကဲပြုသူကို တွင်းမင်းကြီးဟု ခန့်အပ်ခဲ့
တာဝန်ပေးခဲ့ကြောင်း ပုဂံရာဇဝင် မှတ်တမ်းများတွင် ပါရှိသည်။
ရှေးမြန်မာမင်းများ လက်ထက်တွင် ရေနံ အသုံးဝင်မှုကို ကောင်းစွာ
အသုံးချနိုင်ခဲ့ခြင်း မရှိသော်လည်း နယ်ချဲ့လက်အောက်သို့ ရောက်ရှိသွားခဲ့သော
၁၈၈၆ ခုနှစ်တွင် ဖင်လေးဖလမ်းမင်း ကုမ္ပဏီ (Finlay Fleming Co) မှ
ဘီအိုစီကုမ္ပဏီ (Burmar Oil Company) အုပ်စုကို တည်ထောင်ခဲ့ပြီး ရေနံများကို
အင်နှင့်အားနှင့် အလုံးအရင်း ထုတ်လုပ်လာခဲ့ကြသည်။
ဒုတိယကမ္ဘာစစ်မီး ကူးစက်လာသော ၁၉၄၂ ခုနှစ်အထိ ဘီအိုစီကုမ္ပဏီသည် ရေနံချောင်း
ရေနံမြေမှ ရေနံစိမ်းဂါလန် သန်ပေါင်း ၁၅၀ ကျော်အထိ ထုတ်လုပ်ခဲ့သည်။
စစ်အတွင်း ကာလများတွင် ရေနံစားကျက်များကို လုယူမည့် အန္တရာယ်မှ ကာကွယ်ရန်ဟု
အကြောင်းပြကာ ရေနံတွင်းများ ဖျက်ဆီးခံခဲ့ရသော်လည်း လွတ်လပ်ရေး ရပြီးခေတ်
၁၉၅၄ ခုနှစ်မှ စတင်ကာ ဘီအိုစီကုမ္ပဏီနှင့် အကျိုးတူ ဖက်စပ်လုပ်ငန်းကို
အစိုးရက စတင် အကောင်အထည်ဖော်ခဲ့ပြီး မြန်မာ့ရေနံ လုပ်ငန်းကို စတင်ခဲ့သည်။
နယ်ချဲ့တို့ မရှိတော့သော်လည်း နည်းပညာနှင့် စက်ယန္တရား တူးဖော်မှု ပြဿနာများကြောင့် ဖက်စပ်လုပ်ကိုင်မှုကို မစွန့်လွှတ်ခဲ့ပေ။
၁၉၉၇ ခုနှစ်မှ စတင်ကာ အင်ဒိုနီးရှားပိုင် Gold Water ကုမ္ပဏီ
ဝင်ရောက်လာခဲ့ပြီး နှစ်၂၀ စာချုပ်ချုပ်ဆိုကာ စွမ်းအင်ဝန်ကြီးဌာန အောက်ရှိ
မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) နှင့် ဖက်စပ်
လုပ်ကိုင်ခဲ့ကြောင်း၊ ထွက်ရှိလာသော ရေနံ၏ ၆၀ ရာခိုင်နှုန်းကို နိုင်ငံတော်က
ရရှိပြီး ၄၀ ရာခိုင်နှုန်းကို ကုမ္ပဏီက ပိုင်ဆိုင်ကြောင်း မြန်မာ့ရေနံနှင့်
သဘာဝဓာတ်ငွေ့ လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“ကုမ္ပဏီက ရေနံတူးဖော်တဲ့ ယန္တရားကြီးတွေနဲ့ လိုအပ်ပစ္စည်းတွေကို
ငွေစိုက်ထုတ်ပြီး ဝယ်တယ်။ မြန်မာ့ရေနံဘက်က လူအား စိုက်ထုတ်တယ်” ဟု
၎င်းကဆိုသည်။
၂၀၀၀ ပြည့်နှစ် နောက်ပိုင်းတွင် ပြင်သစ်မှ အစုရှယ်ယာ အများစု
ဝယ်ယူခဲ့သော်လည်း ၂၀၁၂ ခုနှစ်မှ စတင်ကာ အစုရှယ်ယာ ၇၉ ရာခိုင်နှုန်းကို
တရုတ်ရေနံတူးဖော်ရေး ကုမ္ပဏီက ဝယ်ယူခဲ့ပြီး Gold Patrol ကုမ္ပဏီဟု
အမည်ပြောင်းလဲခဲ့ကြောင်း ၎င်းတို့ကဆိုသည်။
“ဘယ်လိုပဲ ကုမ္ပဏီတွေပြောင်းပြောင်း မြို့နဲ့ ပတ်သက်တဲ့
လုပ်ဆောင်ချက်တွေကတော့ အရင်တိုင်းပဲ၊ ဘာမှ ထူးထူးခြားခြား မရှိပါဘူး” ဟု
ရွှေရေနံသာ အလုပ်သမား အဖွဲ့အစည်းမှ အတွင်းရေးမှူး ဦးလေးနိုင်က ဆိုသည်။
လက်ရှိ အခြေအနေတွင် ရေနံချောင်း ရေနံမြေတွင် ထွက်ရှိဆဲ တွင်းပေါင်း ၁၆၀
ကျော်ရှိပြီး တစ်ရက်လျှင် အမေရိကန် စည်ပေါင်း ၁၈၀၀ ကျော် ထွက်ရှိကြောင်း
မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း ရေနံထုတ်လုပ်ရေး ဌာနမှ သိရသည်။
“ထွက်လာတဲ့ ရေနံတွေကို ညောင်လှ အရပ်မှာရှိတဲ့ သံကန်ကြီးတွေဆီကို
ပိုက်လိုင်းကနေ ပို့တယ်” ဟု ယင်းဌာနမှ ရေနံလုပ်သား ဦးအောင်မင်းက ဆိုသည်။
အဆိုပါ ရေနံစိမ်းသံကန်များကို တွဲသင်္ဘောများဖြင့် ဧရာဝတီမြစ်ကို ဖြတ်ပြီး
မန်းသံပရာကန်နှင့် ချောက်ရေနံချက် စက်ရုံများသို့ ရေနံချက်လုပ်ရန်
ပို့ဆောင်ကြောင်း ၎င်းကဆိုသည်။
ယင်းသို့ ခေတ်အဆက်ဆက် နိုင်ငံခြားကုမ္ပဏီများ ဝင်ရောက် လုပ်ကိုင်ခဲ့သော်လည်း ရေနံချောင်းမြို့၏ ပြောင်းလဲ တိုးတက်မှုကား နတ္ထိ...။
“စာချုပ်ကို ဘယ်လိုချုပ်ခဲ့လဲ ဆိုတာ ဘယ်သူမှ မသိဘူး။ အထက်ပိုင်း အရာရှိတွေ
အချင်းချင်းပဲ သိတယ်။ အဲဒီတော့ မြို့အတွက် ရပိုင်ခွင့် ဘာရှိလဲ
ဘာတောင်းဆိုခွင့်ရှိလဲ ဘယ်သူမှ မသိဘူး” ဟု ဦးဇော်မင်းက ဆိုသည်။
နှစ်နှစ်ဆယ်အတွင်း ကုမ္ပဏီနှင့် အစိုးရဘက်က ဆောင်ရွက်ပေးမှုဟူ၍
ဘေးမယ်ဒိုင်နယ်တွင် ရေတွင်းတစ်တွင်းနှင့် ကျောင်းဆောက်လုပ်ပေးခြင်း
ရှိကြောင်း ရေနံတူးဖော်ရေး အလုပ်သမားတစ်ဦးက ဆိုသည်။
သို့သော်လည်း ဒေသခံ ရေနံအလုပ်သမားများကို ငွေကြေးထောက်ပံ့ပေးမှုများ ရှိကြောင်း Gold Patrol ကုမ္ပဏီက ရှင်းပြသည်။
ယင်းသို့ ဖက်စပ် ထုတ်လုပ်သောကြောင့် Gold Patrol မှ မြန်မာရေနံ ထုတ်လုပ်ရေး
လုပ်သားများကို လစဉ် ထောက်ပံ့ငွေ ပေးလေ့ရှိကြောင်း Gold Patrol အလုပ်သမား
ကြီးကြပ်ရေးမှူးတစ်ဦးက ဆိုသည်။
“ထောက်ပံ့ကြေး ပေးတာတော့ ရှိတယ်။ အစိုးရက ပေးတာ မဟုတ်ပါဘူး။ ကုမ္ပဏီက သီးသန့်ပေးတာပါ” ဟု ၎င်းကဆိုသည်။
အဆိုပါ ကုမ္ပဏီမှ ပေးသော ထောက်ပံ့ကြေးသည် သက်ဆိုင်ရာ ထုတ်လုပ်ရေးဌာနမှ
လုပ်သားများပင် လောက်ငခြင်း မရှိကြောင်း ရွှေရေနံ့သာ အလုပ်သမား အဖွဲ့အစည်းမှ
ဦးလေးနိုင်က ထောက်ပြ ပြောဆိုသည်။
“ဒေသခံ အလုပ်သမားတွေအတွက် ပေးတော့ ပေးပါတယ်။ အောက်ခြေ အလုပ်သမား တစ်ယောက်ကို ၁၅၀၀ လောက်က စပြီး ပေးတယ်” ဟု ၎င်းကဆိုသည်။
ယင်းသို့ ဒေသဖွံ့ဖြိုးရေးနှင့် အလုပ်အကိုင် ရှားပါးမှု ပြဿနာကို
ဖြေရှင်းနိုင်ခြင်း မရှိသောကြောင့် မြို့ခံလူငယ်အများစု ရန်ကုန်နှင့်
အခြားမြို့ကြီးများထံသို့ အလုပ်သွားရောက် လုပ်ကိုင်လျက် ရှိနေဆဲ ဖြစ်သည်။
“ကိုယ့်မြို့မှာ ရေနံလုပ်ငန်းကို အကြီးအကျယ် လုပ်နေလျက်နဲ့ မြို့ကလူတွေ
အပြင်ကိုထွက်ပြီး အလုပ်ရှာတယ် ဆိုတာ ဘာကြောင့်လဲ စဉ်းစားကြည့်လို့ ရပါတယ်”
ဟု ဦးဇော်မင်းက မေးခွန်းထုတ်သည်။
ထို့အပြင် ရေနံချောင်း ရေနံမြေရှိ မြန်မာရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းမှ
၂၀၀၅ ခုနှစ် နောက်ပိုင်းတွင် ဝန်ထမ်းများ ထပ်မံခန့်ထားခြင်း မရှိတော့ပေ။
“အောက်ခြေလုပ်သားတွေ ဘယ်သူ့ကိုမှ ထပ်မခန့်တာလေ။ အဲဒီတော့ ဒေသခံတွေ အလုပ်အကိုင် မရတာကြာပြီ” ဟု ဦးလေးနိုင်က ဆိုသည်။
အဆိုပါ ရေနံတူးဖော်ရေး ဖက်စပ်လုပ်ငန်း စာချုပ်ပါ ကိစ္စများကို
ရှင်းပြရန်ကိုမူ အစိုးရ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းက ငြင်းဆိုလျက်
ရှိသည်။
“စွမ်းအင်ဝန်ကြီးဌာနက ခွင့်ပြုချက် မရှိဘဲနဲ့ ကျွန်တော်တို့က ဖြေလို့
မရပါဘူး” ဟု ရေနံချောင်း ရေနံမြေ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း
ဒုတိယ အထွေထွေမန်နေဂျာ ဦးအောင်နိုင်က ဆိုသည်။
မည်သို့ပင် ဆိုစေ လက်ရှိရေနံများကို အလုံးအရင်းလိုက် ထုတ်လုပ်နေသော Gold
Patrol ကုမ္ပဏီနှင့် အစိုးရ၏ နှစ်နှစ်ဆယ် စာချုပ်သက်တမ်းမှာ ၂၀၁၇ ခုနှစ်တွင်
ကုန်ဆုံးတော့မည် ဖြစ်သည်။ ထပ်မံ ဝင်ရောက်လာမည့် ရေနံတူးဖော်ရေး
ကုမ္ပဏီများကို ပွင့်လင်းမြင်သာမှု ရှိစွာ တင်ဒါစနစ်ဖြင့် ခေါ်ယူသွားမည်
ဖြစ်ကြောင်း မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက
ဆိုသည်။
သို့သော် ထပ်မံ ဝင်ရောက်လာမည့် ကုမ္ပဏီနှင့် အစိုးရ၏ စာချုပ်စာတမ်းကို
အများပြည်သူ သိသာစေရန် ချပြရန် လိုအပ်ကြောင်း ရွှေရေနံ့သာ အလုပ်သမား
အဖွဲ့အစည်းဝင်များက ပြောကြားသည်။
“ကျွန်တော်တို့ ပြောခွင့်မရတဲ့ အခြေအနေမှာ နှုတ်ပိတ်ပြီး အလုပ်လုပ်ခဲ့ကြရတာ။
အခု ကိုယ့်မြို့အတွက် အဓိကထားပြီး တောင်းဆိုပြီး စောင့်ကြည့်သွားမယ်” ဟု
ဦးလေးနိုင်က ဆိုသည်။
ခေတ်အဆက်ဆက် ရေနံထုတ်လုပ်မှုကို အဓိကထားပြီး သယံဇာတမြို့တော်ဟု
ဆိုရလောက်အောင် ရေနံများ ကျန်ရှိနေသောကြောင့် ကုမ္ပဏီများ ဝင်ရောက်
လုပ်ကိုင်နေသကဲ့သို့ မြို့တိုးတက်ဖွံ့ဖြိုးရေး အတွက် ပြောင်းလဲမှု နောက်သို့
လိုက်ပါ လျှောက်လှမ်းရမည် ဖြစ်ကြောင်း ရေနံချောင်းမြို့ခံ ဦးဇော်မင်းက
ဆိုသည်။
“မြို့ခံတွေကော၊ ရေနံလုပ်သားတွေကို အသိတွေ ပြောင်းလဲဖို့ လိုနေပြီ” ဟု ဆိုသည်။
မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းမှ လုပ်သက် ၁၅ နှစ်ကျော်ရှိ
လုပ်သားတစ်ဦးကမူ “သယံဇာတပေါ် ဖင်ခုထိုင်နေတဲ့ အချိန်မှာ
မပြောင်းလဲနိုင်သေးရင်၊ ရေနံတွေ လုံးဝ ခန်းသွားတဲ့အချိန်မှာ
ဘယ်လိုလုပ်ကြမလဲ” ဟု မေးခွန်းထုတ်သည်။
Written by ဟိန်းသွင်ထက်
The Voice Weekly
No comments:
Post a Comment