Monday, July 7, 2014

အရက်နာကျခြင်းနှင့်ပတ်သက်၍ သိထားရမည့် အချက်အလက်များ

အရက်ကို ခန္ဓာကိုယ်က လက်ခံနိုင်သော ပမာဏထက်လွန်ကဲစွာသောက်သုံးပြီး နောက်နေ့နံနက်တွင် ခေါင်းကိုက်ခြင်းနှင့် မူးဝေအော့အန်ခြင်းတို့ခံစားရသည့် အရက်နာကျခြင်းနှင့်ပတ်သက်၍ သိထားရမည့်အချက်အလက်များကို ဖော်ပြပေးလိုက်ပါသည်။

မျိုးရိုးလိုက်ခြင်း
လူအများ၏ခန္ဓာကိုယ်သည် ၎င်းတို့၏ မျိုးရိုးဗီဇအလိုက် အရက်လက်ခံနိုင်မှုပမာဏကွာခြားကြောင်း လေ့လာမှုများကဖော်ပြသည်။ ခန္ဓာကိုယ်အဆိပ်အတောက်ဖြစ်စေသောအရက်ကို ခြေဖျက်နိုင်သည့် အင်ဇိုင်းထုတ်လုပ်မှုမှာ မျိုးရိုးဗီဇကိုလိုက်၍ လူတစ်ဦးနှင့်တစ်ဦး မတူညီသဖြင့် အရက်လက်ခံနိုင်မှုပမာဏမှာလည်း ကွာခြားသည်ဟု ကျွမ်းကျင်သူများက ပြောသည်။

ဆေးလိပ်သောက်ခြင်းက ပိုဆိုးစေနိုင်
ဆေးလိပ်သောက်ခြင်းကြောင့် ကျန်းမာရေးဆိုးရွားစေနိုင်ကြောင်း သင်သတိပြုမိပေမည်။ သို့သော် အရက်နှင့်ဆေးလိပ်ပေါင်းသောက်ပါက ပို၍ဆိုးကျိုးဖြစ်စေနိုင်သည်။ ဆေးလိပ်သောက်ခြင်းကြောင့် သင့်ကို အရက်ပိုသောက်မိစေပြီးနောက်တစ်နေ့နံနက်အရက်နာကျခြင်းကိုလည်း ပိုမိုပြင်းထန်စေကြောင်းသိရသည်။ ဆေးလိပ်တွင်ပါဝင်သော ဓာတုပစ္စည်းများက အရက်၏ဆိုးကျိုးကိုပြင်းထန်စေသည်။
အချို့သောပုဂ္ဂိုလ်များမှာ နံနက်ပိုင်း အရက်နာကျခြင်းကိုဖြေလျှော့စေရန် အရက်ထပ်သောက်လေ့ရှိသည်။ သို့သော် အမှန်တကယ်မှာ ယင်းအပြုအမူကြောင့် သွေးထဲအရက်ပါဝင်မှုပိုများစေပြီး နောက်ဆက်တွဲထိခိုက်မှုကို ပိုမိုဆိုးရွားစေသည်။
ပရိုတိန်းပါဝင်မှုများသောစားစရာ (အမြည်းများ)
ကြက်ဥ၊ အသား၊ အခွံမာသီးနှင့် ချိစ်တို့ကဲ့သို့ အစာအိမ်ကိုအလုပ်ရှုပ်စေသော ပရိုတိန်းကြွယ်ဝစွာပါဝင်သည့် စားစရာများမှာအစာခြေဖျက်ရန် ကြာမြင့်နိုင်ပြီး အစာအိမ်နှင့် အူလမ်းကြောင်းအဖွင့်အပိတ်ပွင့်ချိန်ကိုကြန့်ကြာစေသည်။ ယင်းအတွက်ကြောင့် အူသိမ်အူမွှားများဆီသို့ အစာပို့ဆောင်ခြင်းကို အနှောင့်အယှက်ဖြစ်စေသည်။ အူသိမ်အူမွှားများမှာ သွေးထဲသို့ရောက်ရှိမည့် အရက်ပမာဏအများစုကို စုပ်ယူရာနေရာဖြစ်ကြောင်း ဆရာဝန်များက ပြောသည်။
ဦးနှောက်ရေဓာတ်ခန်းခြောက်ခြင်း
ခန္ဓာကိုယ်ထဲရှိ ရေဓာတ်ကိုကာကွယ်ပေးသော ဟိုမုန်းတစ်မျိုးကို အရက်က ထိခိုက်လျော့ပါးစေသည်။ ယင်းဟိုမုန်းများလျော့ပါးသွားပြီး ရေဓာတ်အများစုမှာလည်း ဆီးနှင့်အတူပါသွားသဖြင့် ခန္ဓာကိုယ်၏ ရေဓာတ်ပမာဏကိုလျော့ကျသွားစေသည်။ အရက်အလွန်အကျွံသောက်သုံးစဉ် သင့်ခန္ဓာကိုယ်မှ ဆုံးရှုံးသွားသောအရည်ပမာဏမှာ သင်သောက်သုံးသော အရည်ပမာဏထက် ပိုများသည်။ ဦးနှောက်တွင် ရေပမာဏများ ဆုံးရှုံးသွားသဖြင့် ဦးနှောက်ကျုံ့သွားသောကြောင့် ခေါင်းကိုက်ရခြင်းဖြစ်သည်။
အမြှုပ်ထသော သောက်စရာများကိုရှောင်ပါ
ဘီယာ(သို့မဟုတ်)ရှန်ပိန်သောက်ရန် စိတ်ကူးမိပါက ယင်းတို့တွင် ပါဝင်သော ပလုံစီနေသည့်အရာများက အရက်နာကျခြင်းကို ပြင်းထန်စေကြောင်း အမှတ်ရပါ။ ဘီယာ (သို့မဟုတ်)ရှန်ပိန်တို့ကဲ့သို့ ဂက်စ် ပါဝင်သော သောက်စရာများသောက်သုံးခြင်းဖြင့် အစာအိမ်မှ အူများသို့ အဖွင့်အပိတ်ကို ပွင့်သွားစေသည်။ ယင်းအတွက်ကြောင့် အစာအိမ်ထဲမှ အရည်များအူသိမ်အူမွှားများထဲသို့ လျင်မြန်စွာရောက်ရှိသွားစေပြီး ထိုမှတစ်ဆင့် သွေးကြောများထဲသို့ လျင်မြန်စွာရောက်သွားစေသည်။ သွေးထဲတွင် အရက်ပါဝင်မှုများခြင်းကြောင့် နံနက်ပိုင်းအရက်နာကျခြင်းကို ပြင်းထန်စေသည်။
ကိုယ်လက်ဖောရောင်ခြင်း
အရက်နာကျခြင်းကြောင့်ဖြစ်ရသည့် ရှုပ်ထွေးမှုများတွင် ကိုယ်လက်ဖောရောင်ခြင်းပါဝင်သည်။ အရက်သည်အသည်း ရောင်ရမ်းစေသော မော်လီကျူးများ ထုတ်လွှတ်စေသည်။ ယင်းမော်လီကျူးများ သွေးကြောထဲသို့ရောက်သွားပြီး နာကျင်ကိုက်ခဲမှုဖြစ်ပေါ်စေသည်။
ပျောက်စေသောဆေးမရှိ
အရက်၏ဆိုးကျိုးများပျောက်စေသည်ဟု မည်သို့ပင်ကြော်ငြာနေကြပါစေ အရက်ကြောင့် သင့်ခန္ဓာကိုယ်ကို ဆိုးရွားစေခြင်းများအားလုံး ပျောက်စေသောဆေးမရှိကြောင်း ဆရာဝန်များက ပြောသည်။   
 —Ref: Internet



Copy from http://www.7daydaily.com/story/15174#.U7oy3_IuGDQ

No comments:

Post a Comment