Monday, July 7, 2014

ရှမ်းပြည်နယ်တွင် နှစ်ဝက်အတွင်း ယာဉ်တိုက်မှု ၂၆၆ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၄၂ ဦးထိရှိ

လားရှိုး၊ ဇူလိုင် ၆

ရှမ်းပြည်နယ် မြောက်ပိုင်း မန္တလေး- မူဆယ် ပြည်ထောင်စု လမ်းပိုင်းတွင် ယခုနှစ် ပထမနှစ်ဝက်အတွင်း ယာဉ်မတော်တဆမှု ၂၆၆ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၄၂ ဦး၊ ဒဏ်ရာရရှိသူ ၃၇၂ ဦးရှိခဲ့ရာ သေဆုံးမှု ပိုမို များပြား လာခဲ့ကြောင်း လားရှိုး ယာဉ်ထိန်းရုံး မှတ်တမ်းများအရ သိရသည်။
၂၀၁၄ ခုနှစ် ဇန်နဝါရီလမှ ဇွန်လကုန်ထိ ယာဉ်မတော်တဆမှုများ အတွင်း မော်တော်ယာဉ်ကြောင့် ဖြစ်ပွားမှု ၈၆ တွင် သေဆုံးသူ ၄၄ ဦး၊ ဒဏ်ရာရရှိသူ ၁၄၂ ဦး၊ မော်တော် ဆိုင်ကယ်ကြောင့် ဖြစ်ပွားမှု ၁၁၀ မှုတွင် သေဆုံးသူ ၅၇ ဦး၊ ဒဏ်ရာရရှိသူ ၁၅၆ ဦး၊ မော်တော်ယာဉ်နှင့် မော်တော် ဆိုင်ကယ်ကြောင့် ဖြစ်ပွားမှု ၆၀ တွင် သေဆုံးသူ ၃၃ ဦး ဒဏ်ရာရရှိသူ ၆၇ ဦးနှင့် အခြားဖြစ်ပွားမှု ၁၁ မှုတွင် သေဆုံးသူ လေးဦး၊ ဒဏ်ရာရရှိသူ ခုနစ်ဦး အသီးသီး ဖြစ်ပွားခဲ့သဖြင့် ၂၀၁၃ ခုနှစ် ပထမ နှစ်ဝက်ထက် သေဆုံးမှု ပိုမိုမြင့်တက် လာကြောင်း ယင်းမှတ်တမ်းများအရ သိရသည်။

လားရှိုး ယာဉ်ထိန်း ရဲတပ်ဖွဲ့ အနေဖြင့် ယာဉ်မတော်တဆမှုများ လျော့နည်းစေရေး ကျောင်းများ၊ ယာဉ်မောင်း သင်တန်းများနှင့် ပတ်ဝန်းကျင် ကျေးရွာများသို့ သွားရောက်ကာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ အကြောင်း ပညာပေး ဟောပြောခြင်းများကို ဆောင်ရွက်ပေးလျက် ရှိသည့် အပြင် ရှမ်းဘာသာ၊ တရုတ် ဘာသာများဖြင့် လက်ကမ်း စာစောင်များဝေ၍ ပညာပေးခြင်းများကို ဆောင်ရွက်နေကြောင်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။

"ကားတွေက များလာတဲ့အပြင် လမ်းတွေကကျဉ်းတော့ ကျော်တက်ရင်း ကားတွေ ဆိုင်ကယ်တွေနဲ့ တိုက်မိတာတွေက များတယ်။ ကားတွေကော ဆိုင်ကယ်တွေပါ ကျော်တက်ရင် အကွေ့အကောက်တွေမှာ မကျော်ဘဲ လမ်းမြင်ကွင်းရှင်းမှ ကျော်တက်တာ ကောင်းပါတယ်။"

"ပြီးတော့ ယာဉ်မောင်းတွေက အချက်ပြမီးတွေသုံးပြီး လမ်းကြောင်း ရှင်း၊ မရှင်း တစ်ဦးနဲ့ တစ်ဦး ကူညီသင့်သလို၊ အကွေ့တွေ ကွေ့ရင်လည်း အရှိန်လျှော့ မောင်းသင့်တယ်"ဟု အဆိုပါ လမ်းကြောင်းတွင် မောင်းနှင်နေသည့် ယာဉ်မောင်း တစ်ဦးက အကြံပြု ပြောသည်။

အဆိုပါ ရှမ်းပြည်မြောက်ပိုင်း လမ်းမကြီးပေါ်တွင် ယာဉ်မတော်တဆမှုများကြောင့် ၂၀၁၂ ခုနှစ်အတွင်း ၁၉၁ ဦး၊ ၂၀၁၃ ခုနှစ်အတွင်း ၁၉၃ ဦး၊ ၂၀၁၄ ခုနှစ် နှစ်ဝက်အတွင်း ၁၄၂ ဦး အသက် ဆုံးရှုံးမှုများ ရှိခဲ့သည့်အတွက် ပညာပေး လုပ်ငန်းများ ပိုမို လုပ်ဆောင်ရန် လိုအပ်သည့်အပြင် ယာဉ်မောင်းများ အနေဖြင့်လည်း အထူးဂရုပြုရန် လိုအပ်နေကြောင်း သိရသည်။

MOI Webportal Myanmar

No comments:

Post a Comment