Sunday, March 30, 2014

"လယ်သမားချင်းမို့ကိုယ်ချင်းစာစေချင်ပါသည်"

ကျွန်မသည် ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်၊ ကွင်းလျားရှည်ကျေးရွာအုပ်စုရှိ ကွင်းအမှတ်(၇၈၀D)၊ ဦးပိုင်အမှတ် (၃၄)၊ ဧရိယာ (၁၂.၀၆)ဧကအား လုပ်ကိုင်လျှက်ရှိသော လယ်သမားတစ်ဦးဖြစ်ပါသည်။

၁၀၊ ၃၊ ၂၀၁၄ ရက်နေ့တွင် ကျွန်မ၏ လယ်မြေအတွင်းမှ ပဲတီစိမ်းများအား ပထမသီးအဖြစ်ကောက်ယူခဲ့ပါသည်။ ထိုနေ့ညနေခင်မှာပင် ဒေသခံလယ်သမားအချို့မှ ကျွန်မ
လယ်မြေအတွင်း ကျမထံခွင့်တောင်းခြင်းမရှိပဲ လှည်းဖြတ်သန်းမောင်းနှင်မှုများပြုလုပ်ခဲ့သည့်အတွက် သီးနှံပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်စေခဲ့ပါသည်။ ကျွန်မအနေဖြင့် ကွင်း
လျားရှည် ကျေးရွာအုပ်ချုပ်ရေးမှူး(ခ)ကျေးရွာလယ်/စီ ဥက္ကဌ ဦးလှမိုးထံသို့ နုတ်ဖြင့်တိုင်ကြားခြင်း၊ (၂၀၊ ၃၊ ၂၀၁၄)ရက်နေ့တွင် စာဖြင့်တိုင်ကြားခြင်းများပြုလုပ်ခဲ့ပါသည်။
ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှမိုးအနေဖြင့် ခေါ်ယူဖြေရှင်းပေးခြင်းမရှိသည့်အပြင် လှည်း၊ ထွန်စက်၊ ထွေလားများ ဖြတ်မောင်း၍  သီးနှံပျက်ဆီးမှုအား မဖြေရှင်းပေးနိုင်ကြောင်း၊
လမ်းရှိ၍ မောင်းကြောင်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးမှ ဖြေရှင်းခိုင်းလျှင်လည်း ကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ်မှ နုတ်ထွက်မည်ဖြစ်ကြောင်း၊ မကျေနပ်လျှင် တရားရုံးသို့ ဦးတိုက်
သွားလျှောက်ပါကြောင်း ကျွန်မအား မချေမငံပြောဆိုခဲ့ပါတယ်။ ယခုဆိုလျှင် ကျွန်မ၏ လယ်မြေအတွင်းမှ လှည်း၊ ထွန်စက်၊ ထွေလာများ နေ့စဉ်ရက်စက်ဆိုသလို ဖြတ်သန်း
မောင်းနှင်မှုများ ဖြစ်ပေါ်လာခဲ့ရပါသည်။ ကျွန်မ၏ လယ်မြေအတွင်း နိုင်ငံတော်မှ လယ်/ယာ ကုန်စည်ကုန်ထုတ်လုပ်လမ်းအဖြစ် ဖောက်လုပ်ရန် ညွန်ကြားချက်တစ်စုံတစ်ရာ
ချမှတ်ထားချင်းလည်းမရှိခဲ့ပါ။ မြေစာရင်းရုံးတွင်လည်း ကျွန်မ၏ လယ်မြေပုံ၌ လမ်းအဖြစ်ဖောက်လုပ်ထားကြောင်း မပါရှိခဲ့ပါ။ ယခုလို ဖြတ်သန်းမောင်းနှင်းမှုများကြောင့်
ကျွန်မ၏ လယ်ယာမြေအတွင်း သီးနှံပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် ဒုက္ခများနှင့်ရင်ဆိုင်နေခဲ့ရပါသည်။ လှည်း၊ ထွန်စက်၊ ထွေလာဖြတ်သန်းမောင်နှင်းနေသည့်သူများ
သည်လည်း လယ်သမားများဖြစ်သည့်အတွက် လယ်သမားချင်းမို့ ကိုယ်ချင်းစာစိတ်လေးများ ကျွန်မအပေါ်ထားပြီး သက်ဆိုင်ရာမှ နဂိုဖောက်လုပ်ပေးထားသော ကုန်စည်
ကုန်ထုတ်လမ်းအတိုင်း ဖြတ်သန်းသွားလာမောင်းနှင်စေလိုပါသည်။  ကျွန်မ၏လယ်မြေအတွင်း လှည်း၊ ထွန်စက်နှင့်ထွေလာများ နေ့စဉ်
ဖြတ်သန်းမောင်နှင်မှုအား ခရမ်းမြို့နယ်၊ လယ်/စီအဖွဲ့မှ ဥပဒေအရတားမြစ်ပေးစေချင်ကြောင်း နိုင်ငံတော်အကြီးအကဲများသိရှိအောင် မီဒီယာမှတဆင့်တင်ပြရခြင်းဖြစ်ပါသည်။

မပါပါသီ
၁၂/(ပြု)နိုင်ငံသား ၀၀၀၂၂၅
(ဘ)ဦးကတီးရာပါး
ကွင်းလျားရှည်ကျေးရွာ၊ ခရမ်းမြို့နယ်၊
ရန်ကုန်တိုင်းဒေသကြီး။

No comments:

Post a Comment