Thursday, April 3, 2014

တူမအရင်းဖြစ်သူကို ရောင်းစားသော ဦးလေးကို အမှုဖွင့်

Friday, April 04, 2014


ရန်ကုန်၊ ဧပြီ ၃

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် မြင်စိုင်းမြို့သစ်နေ အသက် ၂၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို မူဆယ်တွင် အလုပ်ရမည်ဟု ဆိုကာ တရုတ်ဇနီးမယားအဖြစ် ရောင်းစားခဲ့သည် တိုင်ကြားခံရသည့် ဦးလေးကို ဧပြီလ ၁ ရက်နေ့က ကျောက်ဆည်မြို့နယ် ရဲတပ်ဖွဲ့စခန်းက အမှုဖွင့် အရေးယူခဲ့ကြောင်း နေပြည်တော် တိုင်းလူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဒုရဲမှူးမင်းနိုင်က ပြောကြားသည်။

၂၀၁၃ ခုနှစ် အောက်တိုဘာလ အတွင်းက ဦးလေးဖြစ်သူ ဦးမင်းမင်းနှင့် ဇနီးဖြစ်သူ ဒေါ်အေးငြိမ်းတို့က မူဆယ်မြို့တွင် အလုပ်ရမည်ဟု စည်းရုံးပြောဆိုကာ ကျပ်ငွေနှစ်သိန်းခွဲကို မိခင်ဖြစ်သူထံ ပေးအပ်၍ တူမဖြစ်သူကို မူဆယ်မြို့သို့ ခေါ်ဆောင်သွားခဲ့ကြောင်း၊ မူဆယ် ရွှေလီမှတစ်ဆင့် အဆိုပါ အမျိုးသမီးကို လိုင်ရင်း-ဂျန်ဟောင် မြို့များသို့ ခေါ်ဆောင်သွားခဲ့ပြီး တရုတ်နိုင်ငံသား တစ်ဦးထံ ရောင်းစားခဲ့ကြောင်း မိခင်ဖြစ်သူ၏ အဆိုပါ ရဲတပ်ဖွဲ့စခန်းထံ တိုင်ကြားချက်အရ သိရသည်။

“တစ်လလောက်မှာ တရုတ်နိုင်ငံက တရုတ်နိုင်ငံသားက တင်တောင်းတယ် ဆိုပြီး ဦးလေးက ကောင်မလေး အမေ့ဆီကို ငွေဆယ့်ခုနစ်သိန်းခွဲ လာပေးခဲ့တာကြောင့် လူကုန်ကူးမှု မြောက်တယ်ဆိုပြီး မအေဖြစ်သူက အမှုဖွင့်တာ” ဟု ဒုရဲမှူးမင်းနိုင်က ဆိုသည်။

အဆိုပါ ကိစ္စအတွက် အရေးယူပေးရန် မိခင်ဖြစ်သူက ဧပြီလ ၁ ရက်နေ့တွင် ကျောက်ဆည်မြို့နယ် ရဲတပ်ဖွဲ့စခန်းသို့ တိုင်ကြားလာသဖြင့် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နေ့ အသက် ၅၂ နှစ်ရှိ ဦးမင်းမင်း၊ ဇနီးဖြစ်သူ အသက် ၄၅ နှစ်ရှိ ဒေါ်အေးငြိမ်းနှင့် တရုတ်-မြန်မာ နယ်စပ် လွယ်ဂျယ်မြို့နေ အသက် ၅၃ နှစ်ရှိ မနန်ကွယ်သူတို့ကို ၂၀၁၄ ခုနှစ် ဧပြီလ ၁ ရက်နေ့က ကျောက်ဆည် မြို့မရဲစခန်းမှ (ပ) ၈၁/ ၁၄ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/ ၃၂ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက် ရှိကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး အဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly 
 
Copy from www.myanmarcnn.com

No comments:

Post a Comment