Monday, August 18, 2014

ရုပ်ဖျက်ထားတဲ့ အဆိပ်

ခိုလမ်းကြောင်းမှ မြန်မာနိုင်ငံအတွင်းသို့အန္တရာယ်ရှိသော အစားအသောက်များဝင်ရောက်မှုရှိနေရာ အမျိုးသား ကျန်းမာရေး
အတွက်  စိုးရိမ်စရာ ဖြစ်လာနေသည်။ မြန်မာနိုင်ငံ အတွင်းသို့ အမျိုးအမည်မသိသော စားသောက်ကုန် ပစ္စည်းများ တရားမ၀င် ၀င်ရောက်လျက် ရှိသောကြောင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ ဈေးကွက်တွင်း စုံစမ်းရှာဖွေပုံစံများဖြင့် စစ်ဆေး ဆောင်ရွက်နေပြီး၊ ပြည်သူများ ကလည်း သတင်း ပေး၍ ပူးပေါင်း ဆောင်ရွက်ရန် အဆိုပါဌာနမှ ထုတ်ပြန်ထားသည်။

                            တရားမ၀င် လမ်းကြောင်းတွေက ၀င်နေတဲ့ ကိစ္စတွေ ဥပမာ တရုတ်ပေါ့၊ ကလေးတွေ စားနေရတဲ့ မုန့်တွေထဲမှာ တိရိစ္ဆာန် အစာဆို တဲ့ဟာ၊ တရုတ်လို ရေးထားတာက ခွေးသေးသေးလေးတွေကျွေးတဲ့ အစာပေါ့နော်၊ ဒီမှာ မသိဘဲနဲ့ ရောင်းနေတာမျိုး ရှိတယ်လို့ သိရတယ်။ ကလေးတွေ က အစာဆိပ်သင့်နေပြီပေါ့၊ ထိထိရောက်ရောက်ရှာဖွေ ဖော်ထုတ် ဖမ်းဆီးဖို့လိုတယ်။ မတားဆီးနိုင်ရင်လည်း ပြည်သူတွေကို သိအောင် ထိထိရောက် ရောက်လုပ်ဖို့ လိုတယ် ဟု မြန်မာနိုင်ငံ စားသုံးသူများ ကွန်ရက်မှ ၈၈ မျိုးဆက် ကျောင်းသား ကိုစိုးထွန်းက The Messenger Media သို့ ပြောသည်။
                          မြန်မာနိုင်ငံတွင် (ကျင်းထုံ) ကဲ့သို့သော သုံးစွဲရန် မသင့်သည့် ခြင်ဆေးခွေရောက်ရှိချိန် ကြာမြင့်ပြီဖြစ် သော်လည်း ပြည်သူများ  ကျယ်ကျယ်ပြန့်ပြန့် မသိရှိ သောကြောင့် အသုံးပြုနေပြီး အသည်းကင်ဆာ၊ အဆုတ်ကင်ဆာများ ဖြစ်ပွား နိုင်ကြောင်း၊ ထို့အပြင် စနစ်တကျ ထုတ်ပိုးခြင်း မရှိသော ၀ါးတူများ၊ ဖော့ဘူးများ အသုံးပြုရာတွင်လည်း ဆင်ခြင်သင့်ကြောင်း ကိုစိုးထွန်းက ဆိုသည်။ မြန်မာနိုင်ငံတွင် Mobile Team များ ဖွဲ့စည်း၍ ၂၀၁၂ ခုနှစ်မှ စတင်ကာ ကုန်စည်များအား စစ်ဆေးလျက်ရှိရာ ၂၀၁၄ ခုနှစ် သြဂုတ်လ ခုနစ်ရက်နေ့ အထိ ဖမ်းဆီးရမိခဲ့သော တရားမ၀င်ပစ္စည်း တန်ဖိုး မှာကျပ် (၁၆ ဒသမ ၆) ဘီလျံရှိခဲ့ပြီး စားသုံးရန် မသင့်သော စားသောက်ကုန် ပမာဏကျပ် (၆၆၇) သန်း ဖိုးရှိကြောင်း ကူးသန်း ရောင်းဝယ်ရေးနှင့်       စားသုံးသူရေးရာ ဦးစီးဌာနမှ သိရ သည်။
                         မြန်မာနိုင်ငံတွင် Mobile Team များ ဖွဲ့စည်း၍ ဖမ်းဆီးမှုများရှိနေ သော်လည်း နယ်စပ်ဝင်ပေါက် ရှောင်ကွင်းလမ်းများမှ တရားမ၀င် တင်သွင်းမှုများရှိနေ သေးပြီး အဓိကအားဖြင့် တရုတ်နယ်စပ်၊ ထိုင်းနယ်စပ်ရှိ ကုန်သွယ်မှု လမ်းကြောင်းများအပြင် ရေကြောင်းလမ်းများ မှလည်း ၀င်ရောက်မှုရှိ နေကြောင်း ကူးသန်း ရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ သိရသည်။ မြန်မာ နိုင်ငံတွင် တရုတ်မှ တင်သွင်းလာသော စားသောက်ရန် မသင့်သည့် မုန့်ပဲသရေစားများ၊ အေးခဲအမဲသား၊ ကြက်သားများ၊ စားသုံးရန် မသင့်သော အသင့်ထုပ် အစားအစာများ ၀င်ရောက်ခဲ့မှု များရှိနေဆဲဖြစ်ကြောင်း ဈေးကွက် အတွင်းမှ သိရသည်။
                        လက်ရှိ အချိန်မှာ တားဆီးရေးလည်း လုပ်နေတာပဲ၊ နယ်စပ်ဂိတ်တွေ ဆိုတာလည်း ဟိုဘက်အိမ်၊ ဒီဘက်အိမ် ခြံစည်းရိုးခတ်နေတဲ့ ဟာလောက်ပဲရှိတယ်။ တချို့ လုပ်ငန်းရှင်တွေက မရိုးသားတဲ့ အချောင်သမားတွေလည်း ရှိနေတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ထိုင်းဆိုလည်း အလားတူပဲ။ သူတို့ ဘက်ကလည်း မရိုးသားတဲ့ အချောင်သမားတွေ ရှိနေသလို ကိုယ့်ဘက် ကလည်း ရှိနေတယ်။ အဲဒီတော့ တရားမ၀င်ကုန်သွယ်မှုဆို တာ ကျွန်တော်တို့ ဌာန တစ်ခုတည်း လုပ်လို့မရဘူး ဟု ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်လွင်က The Messenger Media သို့ပြောသည်။
                        အစားအသောက်များအား ဘေးအန္တရာယ် ကင်းရှင်းစွာ စားသောက်နိုင်ရန်မှာ စားသောက်ကုန် ပစ္စည်း တင်သွင်း ရောင်းချသူများ၏ အသိ စိတ်ဓာတ်နှင့် စေတနာအပေါ်တွင်လည်း မူတည်နေ သကဲ့သို့ စားသုံးသူများ ကိုယ်တိုင်ကလည်း မိမိကျန်းမာရေးအတွက် စားသောက်ကုန်များကို စိစစ်စားသုံးသင့်သော အခြေအနေကို ရောက်လာနေသည်။ ၂၀၁၄ ခုနှစ်၊ မတ်လ (၁၄) ရက်နေ့ တွင် မြန်မာနိုင်ငံ၏ စားသုံးသူ ကာကွယ်ရေး ဥပဒေ ထွက်ရှိ ထားပြီး၊ ယင်းဥပဒေတွင် ပါဝင်သည့်အတိုင်း စားသုံးသူ ကာကွယ်ပေးရေးဗဟို ကော်မတီကို မေလ (၄) ရက်နေ့က တရားဝင် ဖွဲ့စည်းပြီးဖြစ် သော်လည်း ပြည်သူများ၏ အန္တရာယ်ရှိသော အစားအသောက် ကိစ္စနှင့် ပတ်သက်၍ ထင်သာမြင်သာ လုပ်ဆောင်ချက်များ မတွေ့ရှိရသေးပေ။ စားသုံးသူ များအနေဖြင့် အစားအသောက် သာမက စီးပွားရေး လုပ်ငန်းရှင်များမှ ထုတ်လုပ် ရောင်းချသည့် ပစ္စည်းများအား ၀ယ်ယူ၍ နစ်နာမှုရှိပါက တိုင်းဒေသကြီး အသီးသီးတွင် ဖွင့်လှစ်ထားမည့် စားသုံးသူ ရေးရာ ဦးစီးဌာနများသို့ တိုင်ကြားနိုင်ကြောင်းလည်း အဆိုပါဌာနမှ သိရသည်။
                         စီးပွားကူးသန်းက ဖမ်းဆီးရင်တော့ တဖြည်းဖြည်းနဲ့ လျော့သွားမှာပါ။ အခုမြို့ထဲမှာရော ကျောင်းတွေကိုရော လိုက်စစ်နေတယ်။ ကျွန်မ တို့နိုင်ငံကို ၀င်လာတဲ့ ပစ္စည်းတွေဟာ ဟိုဘက် စက်ရုံက ဘယ်လို အခြေအနေနဲ့ ထုတ်ထားမှန်း ဘာမှ မသိရတဲ့ကိစ္စ ဟိုဘက် စက်ရုံတွေနဲ့ ပတ်သက်ပြီး ကျွန်မတို့ နိုင်ငံမှ မှတ်ပုံတင်ထားတာ မဟုတ်တော့ ဘာအာမခံချက်မှ မရှိဘူး။ အဲတော့ မတင်သွင်းတာပဲ ကောင်းတယ် ဟု  FDA မှ အငြိမ်းစားအရာရှိ ဒေါ်ရှယ်ရင်းအဟတ်က The Messenger Media သို့ ပြောသည်။
                ပြည်သူများ အစားအသောက်လုံခြုံ၍ ကျန်းမာရေးကောင်းစွာ ရပ်တည်နိုင်ရန်မှာ နိုင်ငံ၏ အမျိုးသား အကျိုးစီးပွား ဖြစ်သည်။ မြန်မာနိုင်ငံတွင်  ယခုအခါ  ပြည်နယ်နှင့်တိုင်းများ၌ စားသုံးသူများ အစားအသောက် ၀ယ်ယူခြင်းနှင့် နစ်နာမှုများကို ဖြေရှင်းပေးရန် စားသုံးသူရေးရာ ဦးစီးဌာနရုံးခန်းများကို ဖွင့်လှစ်ရန် စီစဉ်နေကြောင်းလည်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ သိရသည်။ ထို့အပြင် စာသင်ကျောင်းများ၌ ရောင်းချနေသော မုန့်ဈေးတန်းများ၊ အစားအသောက်များကို တိုင်းဒေသကြီး၊ ပြည်နယ်ရှစ်ခုတွင် ကောက်ယူ စစ်ဆေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
                 စားသုံးသူတွေက ကိုယ်တိုင် ကလည်း ကိုယ့် အစားအသောက်ကို ကိုယ်လေ့လာရမယ်။ အခု စားအုန်းဆီတွေ၊ အချိုမှုန့်တွေ ကလည်း အောက်လမ်းက ၀င်နေတာတွေ အများကြီးပဲ ကိုယ့်အတွက် အာမခံချက် မရှိတာကို မစားရင် အကောင်းဆုံးပဲ ဟု အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာကျော်စွာဦးက The Messenger Media သို့ပြောသည်။ မြန်မာနိုင်ငံတွင် စာသုံးသူ ကာကွယ်ရေး ဥပဒေအရ စာသုံးသူ ကာကွယ်ရေးအသင်း အဖွဲ့များ ဖွဲ့စည်းခွင့်ရှိပြီး၊ ယခု ဖွဲ့စည်းထားသော အဖွဲ့များနှင့် အစိုးရ ဌာနများသည် ပူးပေါင်းဆောင်ရွက်မှသာ ပြည်သူများ၏ စားသောက်ရေးအန္တရာယ် ကို ကာကွယ်နိုင်မည်ဖြစ်သည်။

                နိုင်ငံတစ်နိုင်ငံတွင် အစားအသောက် လုံခြုံစိတ်ချမှုရှိမှသာ လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံအတွက် အလားလာ ကောင်းမည် ဖြစ်ရာ၊ လူ့စွမ်းအားအရင်းအမြစ်သည် ပြည်သူများ ကျန်းမာရေးကောင်းမှ တိုးတက်မည်ဖြစ်သည်။ပြည်သူများ ကျန်းမာရေးကောင်းရန်မှာအစားအသောက် လုံခြုံစိတ်ချမှုရှိမှသာ အဆင်ပြေမည်ဖြစ် သောကြောင့် ပြည်သူများအတွက် တစ်နိုင်ငံလုံး ပူးပေါင်း ကာကွယ်ရန် လိုအပ်သည်။ မြန်မာနိုင်ငံတွင် စားသောက်ကုန် ထုတ်လုပ်မှု အားနည်းပြီး တခြားနိုင်ငံများမှ တင်သွင်းမှုများပြားခြင်း ကလည်း စားသောက် ကုန်ပစ္စည်း အန္တရာယ်ကို တနည်းအားဖြင့်ဖြစ် ပေါ်စေကြောင်း၊ တချို့နိုင်ငံများတွင် နယ်စပ်ဧရိယာတွင် စနစ်တကျ ထိန်းသိမ်း သကဲ့သို့ ၀န်ထမ်းအင်အား လုံလုံလောက်လောက်ဖြင့် တားဆီးရန် လိုအပ်ကြောင်းလည်း စားသုံးသူ ကာကွယ်ရေး လုပ်ဆောင်နေသူ တချို့က ပြောသည်။

                ထို့ပြင်စားသုံးကုန် ပစ္စည်းများ တင်သွင်းသော ကုန်သည်များကိုလည်း အစိုးရ၏ ယုံကြည်မှု အဆင့်များ ခွဲခြားသတ်မှတ် စိစစ်၍ တင်သွင်း ခွင့်ပြုကြောင်းလည်း သိရသည်။ ပြည်သူ များ စားဝတ်နေရေး ကြပ်တည်းမှု ကလည်း ဈေးနှုန်း သက်သာသော ကုန်ပစ္စည်းများအား ၀ယ်ယူ စားသုံးမှုကို အားပေးသကဲ့သို့ ဖြစ်နေသည်။ မကြာမီကလည်း ပြည်တွင်းထုတ် အနှိုင်းမဲ့ ရေသန့်၊ ရွှေစံအိမ် ရှူးရှဲလက်ဖက်၊ ရောင်စုံဝေဖာ ဖလိတ်ပြားများအား စားသုံးရန် မသင့်သော ကုန်ပစ္စည်းအဖြစ် ကျန်းမာရေးဝန်ကြီးဌာနက ကြေညာထားသည်။

The Messenger News Daily

No comments:

Post a Comment