Tuesday, August 19, 2014

ဂျက်ကီချန်း၏ သားဖြစ်သူ မူးယစ်ဆေးဝါးမှုဖြင့် အဖမ်းခံရ


နာမည်ကျော် အက်ရှင်မင်းသား ဂျက်ကီချန်း၏ သားဖြစ်သူကို မူးယစ်ဆေးဝါးနှင့် ဆက်နွယ်သော အမှုတစ်ခုဖြင့် တရုတ် ရဲများက ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

အသက်(၃၁)နှစ်ရှိ သရုပ်ဆောင် ဂျေဆီချန်းနှင့် ထိုင်ဝမ် ရုပ်ရှင်ကြယ်ပွင့်တစ်ဦးဖြစ်သည့် အသက်(၂၃)နှစ်အရွယ် ကိုင်ကိုတို့ကို ပြီးခဲ့သည့် သီတင်းပတ် အတွင်းက ဖမ်းဆီး ထိန်းသိမ်းခဲ့ကြောင်း ဘေဂျင်းရဲတပ်ဖွဲ့က ကြေညာသည်။
ရဲတပ်ဖွဲ့က အဆိုပါ အမျိုးသား နှစ်ဦးစလုံးကို မူးယစ်ဆေးဝါး (၁၀၀)ဂရမ်မျှနှင့်အတူ ချန်း၏ နေအိမ်တွင် ဖမ်းဆီးမိခဲ့ခြင်းဟု ဆိုသည်။ ထို့အပြင် နှစ်ဦးစလုံး ဆေးခြောက်သုံးစွဲထားကြောင်း ဆေးစစ်ရလဒ်များအရ အတည်ပြုနိုင်ခဲ့သည်။
တရုတ်နိုင်ငံတွင် နာမည်ကျော်ပုဂ္ဂိုလ်များ အပါအဝင် မူးယစ်ဆေးဝါး သုံးစွဲသူများကို ဖမ်းဆီးအရေးယူမှုများ ပြုလုပ်နေရာ ချန်း၏ သားဖြစ်သူလည်း ယခုကဲ့သို့ အထိန်းသိမ်းခံရခြင်း ဖြစ်သည်။
တရုတ်သမ္မတ စီကျင်းပင်သည် တရားမဝင် မူးယစ်ဆေးဝါး သုံးစွဲမှုများကို အရှိန်မြှင့် တိုက်ဖျက်ချေမှုန်းရန် ကတိပြုထားသည်။ (၂၀၁၁)ခုနှစ်က ရုံတင်သည့် The Flowers of War ရုပ်ရှင်တွင် ပါဝင်သရုပ်ဆောင်ခဲ့သည့် ဂေါင်ဟူသည်လည်း ယခုလ အစောပိုင်းက ဆေးခြောက်နှင့် မူးယစ်ဆေးဝါးများ လက်ဝယ်ပိုင်ဆိုင်မှုကြောင့် ဖမ်းဆီးခံရကြောင်း သိရှိရသည်။

_Ref: BBC

7daydaily

No comments:

Post a Comment