Saturday, August 23, 2014

ဝေဘာဂီအထူးကုဆေးရုံမှလူနာမှာအီဘိုလာရောဂါဖြစ်ပွားနေခြင်း မဟုတ်ဘဲ ပြင်းထန်ငှက်ဖျားရောဂါ ဖြစ်ပွားနေခြင်းဖြစ်ပြီး ကျန်းမာရေး ပြန်လည် ကောင်းမွန်လာ

နေပြည်တော် သြဂုတ် ၂၃

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကူးစက်မြန်အီဘိုလာရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်း (Surveillance & Response) ကိုထိရောက်စွာ ဆောင်ရွက်လျက်ရှိရာ (၁၉-၈-၂၀၁၄)ရက်နေ့၊ (၂၀း၀၀)နာရီတွင် အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းဖြင့် ဝင်ရောက်လာသော ခရီးသည်အား ဝေဘာဂီ အထူးကုဆေးရုံတွင် အထူးကု ဆရာဝန်ကြီးများ ပါဝင်သော အဖွဲ့မှ အထူးကြပ်မတ်ကုသမှုပေးခြင်းနှင့် ၎င်းနှင့် အနီးကပ်ထိတွေ့ခဲ့သူ (Close Contact) (၄)ဦးအား ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းတို့အား ဆောင်ရွက်လျက် ရှိပါသည်။
အထူးကု ဆရာဝန်ကြီးများ၏ စမ်းသပ်စစ်ဆေးမှုနှင့် ဓာတ်ခွဲစစ်ဆေးမှု အဖြေများအရ လူနာအား ငှက်ဖျားပိုး(၂)မျိုး ဝင်ရောက်ကူးစက်ဖြစ်ပွားသော ပြင်းထန်ငှက်ဖျားရောဂါ (Severe and Complicated Malaria with Mixed Infection of Plasmodium falciparum and plasmodium vivax)အဖြစ် သတ်မှတ်၍ ဆေးကုသမှုများ ပေးလျက်ရှိပြီး (၂၃-၈-၂၀၁၄) ရက်နေ့၊ နံနက်ပိုင်းတွင် ခန္ဓာကိုယ်အပူချိန် ပုံမှန်ဖြစ်ခြင်း၊ သွေးပေါင်ချိန် ကောင်းမွန်ခြင်း (၁၂၀/၈၀ မီလီမီတာ မာကျူရီ)၊ သတိကောင်းမွန်ခြင်း၊ လမ်းလျှောက်နိုင်ခြင်း၊ အစားအစာ ပုံမှန်စားနိုင်ခြင်းတို့ တွေ့ရှိရပြီး ဆေးရုံစတက်သည့် (၁၉-၈-၂၀၁၄)ရက်နေ့မှ (၂၃-၈-၂၀၁၄) ရက်နေ့အထိ ခန္ဓာကိုယ်အတွင်း၊ အပြင်တို့တွင် သွေးယိုစီးခြင်းလက္ခဏာများ လုံးဝမတွေ့ရှိရပါ။

၎င်း၏ ကျန်းမာရေး အခြေအနေမှာ (၂၂-၈-၂၀၁၄) ရက်နေ့ကထက် ပိုမိုတိုးတက် ကောင်းမွန်လာကြောင်းနှင့် အခြား (၄)ဦး၏ ကျန်းမာရေး အခြေအနေမှာ လုံးဝကောင်းမွန်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar?fref=nf


No comments:

Post a Comment