Saturday, August 23, 2014

ထိုင်းနိုင်ငံထုတ် အလှကုန်ပစ္စည်း ကိုးမျိုးတွင် အရေပြားကင်ဆာ ဖြစ်စေနိုင်သည့် ဓာတုဆေးဝါးများ ပါဝင်၍ သုံးစွဲရန် မသင့်ကြောင်း သတိပေးချက် ထုတ်ပြန်

ရန်ကုန် ၊ ၂၃-၈-၂၀၁၄

ထိုင်းနိုင်ငံထုတ် အလှကုန် ပစ္စည်း ၉ မျိုးတွင် အရေပြား ကင်ဆာ ဖြစ်စေနိုင်သည့် ဓာတုဆေးဝါးများ ပါဝင်သည့် အပြင် မှတ်ပုံတင် ထားခြင်း မရှိသောကြာင့် သုံးစွဲရန် မသင့်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန က သတိပေးချက် ထုတ်ပြန် ထားကြောင်း သိရသည်။
ပြီးခဲ့သည့် မေလမှ စတင်ကာ သုံးစွဲရန် မသင့်ကြောင်း ပထမ အကြိမ် သတိပေးချက် ထုတ်ပြန် ထားခဲ့ သော်လည်း လက်ရှိ အချိန်အထိ ဈေးကွက်၌ ရောင်းချ နေခြင်းများ တွေ့ရှိရသည့် အတွက် ယခု ကဲ့သို့ ဒုတိယ အကြိမ် ထပ်မံ သတိပေးချက် ထုတ်ပြန် ရခြင်း ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန အစားအသောက် နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန အလှကုန် ဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ သုံးစွဲရန် မသင့်သည့် ထိုင်းအလှကုန် ပစ္စည်း ၉ မျိုးသည် ထိုင်းနိုင်ငံထုတ် နာမည်ကြီး အမှတ် တံဆိပ်များ မဟုတ် သော်လည်း ဈေးကွက်တွင် အရောင်း တွင်ကျယ်လျက် ရှိကြောင်း သိရသည်။

ထိုသို့ ကျန်းမာရေး ဌာနက သုံးစွဲရန် မသင့်ကြောင်း သတိပေး ကြေညာထားသည့် ထိုင်းအလှကုန် ပစ္စည်း များမှာ - Mellano Cream No.1 Ornets ၊ Mellano Night Cream No.2 ၊ Mellano Facial Nourishing Cream No.3 ၊ Polla Platinum Crystal White Nourishing Face Cream ၊ Polla Gold Super White Perfects Cream ၊ Polla Anti Melasma Cream ( New Night Cream) ၊ Nineteen Nano 19 Whitening Nano Night Repair Cream ၊ Baschi day Cream ( Whitening Cream ) နှင့် Baschi Night Cream ( Whitening Cream ) တို့ ဖြစ်ပြီး ဓာတုဆေးများ ပါဝင် နေကြောင်း ကြေညာချက် တွင် ဖော်ပြ ထားသည်။

အဆိုပါ သတိပေး ကြေညာ ပြီးသည့်နောက် ၄င်း အလှကုန် ပစ္စည်းများ ဈေးကွက် တွင်းသို့ ရောင်းချ နေသည်ကို တွေ့ရှိပါက ပြည်သူ့ ကျန်းမာရေး ဆိုင်ရာ အက်ဥပဒေ ပုဒ်မ ၃(ဃ) အရ သိမ်းဆည်း ဖျက်ဆီးမည် ဖြစ်ကြောင်း သိရှိရသည်။

အိအိအောင်

#Themyawadydaily
http://myawady-myawady.blogspot.com/2014/08/blog-post_94.html


No comments:

Post a Comment