Sunday, August 10, 2014

လကို အကြီးဆုံးမြင်ရမယ့် စူပါမွန်းဖြစ်စဉ်

 စူပါမွန်းကို ကမ္ဘာမြေက တွေ့ရစဉ်
 သြဂုတ်လ ၁၀ရက်နေ့ မှာ နေ ကမ္ဘာနဲ့ လ တတန်းတည်း ဖြစ်ချိန်မှာ၊ ကမ္ဘာနဲ့ အနီးဆုံး ဖြစ်တဲ့ လကို ကမ္ဘာသူ ကမ္ဘာသားတွေ က၊ ပိုပြီး အနီးကပ်နဲ့ အရွယ်စား ကြီးကြီး မြင်ရမှာ ဖြစ်တဲ့အတွက် supermoon စူပါမွန်း လို့ သညာပြု ခေါ်တွင်ပြီး၊ သိပ္ပံပညာရှင် တွေ မိုးလေဝသ ပညာရှင်တွေ အပါအဝင် နက္ခတ္တ ပညာရှင်တွေ စိတ်ဝင်တစား စောင့်ကြည့် နေကြပါတယ်။
ဒီ စူပါမွန်း အချိန်နဲ့ တိုက်ဆိုင်ပြီး ဖြစ်ပေါ်ခဲ့တဲ့ အင်ဒိုနီးရှား အာချေး ငလျင်နဲ့ နောက်ဆက်တွဲ ဆူနာမီ၊ ဂျပန် ဆူနာမီ စတဲ့ သဘာဝ ကပ်ဘေးတွေ ကျခဲ့တဲ့ တိုက်ဆိုင်မှုတွေ ရှိခဲ့တဲ့ အတွက်၊ နိုင်ငံတကာ စောင့်ကြည့် လေ့လာသူ ပညာရှင်တွေ ကြားထဲမှာ စိုးရိမ်မှုတွေ ရှိနေကြတယ် ဆိုပြီး၊ မြန်မာ့ ပတ်ဝန်းကျင် သိပ္ပံပညာ အဖွဲ့ရဲ့ အကြံပေးလည်းဖြစ် ပထဝီဌာနရဲ့ ပါမောက္ခချုပ်ဟောင်း လည်း ဖြစ်တဲ့ ဦးမောင်မောင်အေး က ပြောပါတယ်။

ဒါ့အပြင်၊ စူပါမွန်းဖြစ်ပြီး နောက်ရက်တွေမှာ လရဲ့ ဆွဲအားကြောင့် ကြွတက်တဲ့ ဒီရေဟာ ပိုပြီး မြင့်မြင့် တက်လာ တတ်တာမို့၊ မြန်မာပြည် အောက်ပိုင်းမှာ အခုအခါ မုတ်သုန်မိုးကြောင့် များနေတဲ့ ရေအခံနဲ့ ပေါင်းရင်၊ အန္တရာယ် ဖြစ်ကောင်း ဖြစ်လာ နိုင်လို့ သတိ ထားသင့်ကြောင်း၊ ဦးမောင်မောင်အေးက ဆိုပါတယ်။

လောလောဆယ် အချိန်ထိအောင်တော့ မိုးလေဝသနဲ့ ဇလဗေဒ ဌာနက ဒီကိစ္စနဲ့ ဆက်စပ်ပြီး သတိပေး ထုတ်ပြန်ထား မှု မရှိပါဘူး။

အခု စူပါမွန်းဖြစ်စဉ် ဟာ ၂၀၁၀ ဒီဇင်ဘာ ၂၀ ရက် နဲ့ ၂၀၁၁ မတ်လ ၁၉ ရက် နေ့တွေက ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေထက်၊ လရဲ့ အရွယ် ပမာဏ ဟာ ၁၅ရာခိုင်နှုန်း ပိုကြီးအောင် တွေ့မြင်ရမှာ ဖြစ်ပြီး၊ ၂၀ရာခိုင်နှုန်း လောက် ပိုပြီး တောက်ပအောင် မြင်ရမယ် လို့ လည်း ပညာရှင်တွေက တွက်ချက် ထားကြပါတယ်။

နက္ခတ္တ ပညာရှင်တွေ ဘက်က တွက်ဆ ခန့်မှန်းမှုတွေကို ကြည့်ရင်တော့၊ မြန်မာ နန္ဒီနက္ခတ်ပညာ ကျောင်းရဲ့ ကျောင်းအုပ်ကြီး ဒေါ်ကြည်ကြည်စိန် ရဲ့ အဆိုအရ၊ မြေငလျင် လှုပ်တာ ဒီရေ ထူးကဲ ကြီးမြင့်တာလို သဘာဝ ဖြစ်ရပ်တွေ ဖြစ်ပေါ် နိုင်တဲ့ အကြောင်းကို ခန်မှန်းသလို၊ ဒီလို ကာလမျိုးမှာ အုပ်ချုပ်သူ အကြီးအကဲတွေ အပြောင်းအလဲ ဖြစ်တတ်ပြီး ကောင်းတဲ့ ပြောင်းလဲခြင်းမျိုး ဖြစ်လိမ့်မယ် လို့ ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

No comments:

Post a Comment