Sunday, August 10, 2014

မြန်မာပြည်မှာ စစ်အုပ်ချုပ်ရေး အရှိန်မသေသေးလို့ ဦးခင်အောင်မြင့်ပြောပြီ

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မြန်မာနိုင်ငံဟာ စစ်အုပ်ချုပ်ရေး အရှိန်မသေသေးဘူးလို့ အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်က ဝါရှင်တန်အခြေစိုက် VOA သတင်းဌာနကို သြဂုတ် ၇ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။ အစိုးရအဖွဲ့မှာ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာဝန်ကြီးဌာနတွေကို မြန်မာစစ်တပ်က တိုက်ရိုက်ကွပ်ကဲနေတဲ့အပေါ် လုံခြုံရေးအရ လုပ်ထားတာလို့ ဆိုပါတယ်။

“စစ်အုပ်ချုပ်ရေး ကျန်နေသေးတယ်ဆိုတဲ့ အယူအဆနဲ့ပတ်သက်လို့ မငြင်းပါဘူး။ အရှိန်တော့ ကျန်တဲ့သဘောပေါ့။ တကယ့်ထဲထဲဝင်ဝင် မကျန်ပါဘူး။ ဒါကလည်း တစ်ချိန်တော့ ဆုတ်ရမှာပေါ့။ နိုင်ငံတော်ရဲ့အနေအထား Stability (တည်ငြိမ်မှု)ပါပဲ။ တည်ငြိမ်အေးချမ်းမှု ပျက်ပြားမှာစိုးလို့ ဒါတွေလုပ်ထားခဲ့တယ်လို့ ထင်တာပါ”လို့ အမျိုးသားလွှတ်တော် ဥက္ကဌဦးခင်အောင်မြင့်ရဲ့ ပြောဆိုချက်ကို VOA သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုထားတဲ့ သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ ပြည်သူ့လွှတ်တော်ဥက္ကဌပါဝင်တဲ့ လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးနဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကိုလည်း ဦးခင်အောင်မြင့်က လုပ်သင့်တယ်လို့ ဆိုပါတယ်။ သူ့အနေနဲ့ ခေါင်းဆောင် ၄ယောက်စလုံး ပဏာမတွေ့ဆုံပြီး နိုင်ငံရေးပါတီအားလုံးရဲ့ CEC တွေကို ပြန်လည်ချပြ သဘောထားယူပြီး ခေါင်းဆောင် ၄ယောက် ပြန်တွေ့ပြီး ဆွေးနွေးညှိနှိုင်းသင့်တယ်လို့ ပြောပါတယ်။
ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်ဖို့ မဖြစ်မနေလုပ်ရမယ့်အရာဖြစ်တယ်လို့လည်း သူက ထောက်ပြခဲ့ပါတယ်။
"ပုဒ်မ ၄၃၆နဲ့ပတ်သက်လို့ NLD လှုပ်ရှားတဲ့ဥစ္စာက မလိုအပ်ဘူးလို့ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြင်မှ ရမှာ။ မပြင်ဘဲနဲ့ ဒီနေ့ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ ဘယ်လိုမှ ဖြစ်လာနိုင်စရာ အကြောင်းမရှိဘူးလို့ ယူဆတယ်ပေါ့နော်။ ဒါကို ပြင်ပြီးတော့မှ တိုင်းရင်းသားတွေက ကျနော် ရိုးရိုးစကားနဲ့ ပြောမယ်ဆိုရင်တော့ ရတာနည်းတယ်လို့ ထင်တာပေါ့။ အခွင့်အလမ်းနည်းတယ်လို့ ထင်တာပေါ့။ ဒီ Resource Sharing မှာ သူတို့အဓိက နည်းတယ်လို့ ထင်တာပေါ့။ ထင်တဲ့အခါကျတော့ ဒါတွေပေးဖို့ဆိုလို့ရှိရင် အခြေခံဥပဒေ ပြင်ရမှာပေါ့။ အခြေခံဥပဒေပြင်မယ်ဆိုရင် ၄၃၆ ပြင်ရမှာပဲ။ ၄၃၆ ပြင်မှ ဒီငြိမ်းချမ်းရေး Process ကြီးက လုပ်လို့ရမှာပဲလေ"
လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးနဲ့ပတ်သက်ပြီး သမ္မတက အချိန်မတန်သေးဘူးဆိုပြီး ပယ်ချထားပါတယ်။ ဒါပေမယ့် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ထောက်ခံတဲ့အကြောင်း ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ထားပြီး ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နောက်တစ်ကြိမ် တောင်းဆိုတဲ့အခါ သူ့အနေနဲ့ သမ္မတနဲ့ ကာကွယ်ရေးဦးစီးချုပ်ကို တိုက်တွန်းပေးသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

Kamayut Media 

No comments:

Post a Comment