Saturday, May 10, 2014

စစ်တပ်မှ ဖမ်းဆီးထားသည့် SNLD ပါတီဝင် ကျိုင်းတုံတရားရုံး၌ ရမန်ယူ


မေ ၉ ရက် ၂၀၁၄

သျှမ်းပြည်တပ်မတော်အား ဆက်သွယ်ထောက်ပံ့သည်ဟုစွပ်စွဲကာ အစိုးရတပ် ခလရ ၂၄၅ မှ ဖမ်းဆီး ထားသည့် ကျိုင်းတုံမြို့နယ် ပိန်းတောဝ့်ကျေးရွာအုပ်စု နမ့်လင်းမိုင်ရွာနေ SNLD ပါတီဝင်စိုင်းအိုက်ဂျဲန် ယနေ့ ကျိုင်းတုံတရားရုံး၌ ရမန်ယူရကြောင်း ကြားသိရပါသည်။


ခလရ ၂၄၅ က ဖမ်းဆီးထိန်းသိမ်းထားသည့် နမ့်လင်းမိုင် ကျေးရွာ သျှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ် SNLD ခေါ် ကျားခေါင်းပါတီ၏ (ရုံးခွဲ) ဥက္ကဌ စိုင်းဂျဲန်အား ရဲစခန်းသို့ ယနေ့ လွှဲပြောင်းပေးအပ် ခဲ့ကြောင်း၊ SSA သောင်းကျန်းသူ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အား ဆက်သွယ်ထောက်ပံ့ သည်ဟုဆိုကာ ပ- ၅၁/၂၀၁၄ ပြစ်မှု ပုဒ်မ ၁၇/၁ မတရားအသင်းဆက်သွယ်မှုဖြင့် ခလရ ၂၄၅ က ရဲစခန်း၌အမှုဖွင့်ခဲ့သည်ကို ကျိုင်းတုံ တရားရုံး၌ ယနေ့ ရမန်ယူရကြောင်း မိသားစု အသိုင်းအဝိုင်းက ပြောသည်။

“အသေးစိတ်တော့မသိရသေးဘူး၊ အမှုဖွင့် စစ်ဆေးနေတုန်းပါ” - ဟု ကျိုင်းတုံရဲစခန်းမှ တာဝန်ရှိသူ တဦးက သျှမ်းသံတော်ဆင့်သို့ ဖြေကြားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ကျိုင်းတုံမြို့ ကျားခေါင်းပါတီဝင် တဦးက - “စိုင်းအိုက်ဂျဲန်ကို ရိုက်နှက် ဖမ်း ဆီးထားတဲ့ သုံးရက်လုံးလုံး ထမင်းတနပ်မှ မကျွေးဘူး၊ ဒီနေ့သူ့ကို ရဲစခန်းကနေ တရားရုံးကို ပို့တယ်။ အဲဒီမှာ ကျနော်တို့ သွားတွေ့မှ သူ့ကိုထမင်းကျွေးရတာ။ စစ်တပ်ကသူ့ကို ပုဒ်မ ၁၇/၁ နဲ့ တရားစွဲ ထောင် ချမယ်တဲ့” ဟု သျှမ်းသံတော်ဆင့်သို့ပြောသည်။

စိုင်းအိုက်ဂျဲန်နှင့်နီးစပ်သူတဦးက - “ခလရ ၂၄၅ က အရာရှိ စစ်သည်တွေက သူ့ကို ကျင်းတခုရှေ့မှာ ရိုက်နှက်စစ်ဆေး တယ်။ သေနတ်ဘယ်မှာလဲဆိုတာ ဘဲ မေးတယ်။ သူက ‘မရှိဘူး သတ်ရင်လဲ အလကား ပဲ သေတာဘဲအဖတ်တင် မယ်။ ကျနော် က သာမာန်ပြည်သူပါဗျာ ကျနော့်မှာ ဘာမှအပြစ်မရှိဘူး တောင်း ပန်ပါတယ်။ သေနတ်ဆိုတာလဲတခါမှ မရှိဘူး’ လို့ ဖြေသွားတယ်။ စစ်ဆေးလို့ မရတော့တဲ့ အဆုံး သူ့ကို ရဲစခန်းပို့တာနဲ့တူတယ်” - ဟု စိုင်းအိုက်ဂျဲန် ကပြန် လည်ပြောပြ ကြောင်း သျှမ်းသံတော်ဆင့်အား ပြောပြ၏။

အဆိုပါကိစ္စနှင့်ပတ်သက်၍ သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ ချုပ်ပြောခွင့်ရ စိုင်းလိတ်က “ သူ့ကို SSA တောတွင်းလက်နက်ကိုင်အဖွဲ့နဲ့ ဆက်သွယ်တယ်ဆိုပြီး ပုဒ်မ ၁၇/၁ နဲ့ တရားစွဲမယ်လို့ပြောတယ်။ တကယ်လို့ သူ့ကိုအဲလိုတကယ်စွဲမယ်ဆိုရင်တော့ တရားနည်းလမ်းမကျဘူး ။ ကျနော်တို့ လက် သင့်ခံလို့ မရဘူး။ ဒီအချိန်မှာ ဘယ် SSA ကမှ လက်နက်ကိုင်ပြီး အစိုးရကို ပုန်ကန်နေတာမရှိဘူး။ အားလုံးက အပစ်ရပ်လက်မှတ်ထိုးပြီး ငြိမ်းချမ်းရေးတည်ဆောက်ထားတယ်။ ငြိမ်းချမ်းရေးယူထားတဲ့အဖွဲ့ကို စစ်တပ်က သူပုန်အဖြစ်သတ်မှတ်တယ်။ သောင်းကျန်းသူ လက်နက်ကိုင်အဖြစ် သတ်မှတ်တယ်ဆိုတာ ခေတ်အခြေအနေနဲ့လည်းမကိုက်ညီဘူးပေါ့နော်။ တရားဥပဒေဆိုတာ လိုရင်လိုသလိုမလိုရင်မလိုသလို ချုံ့လို့ချဲ့လို့ရနေတဲ့ အနေအထားမျိုးတွေ့နေရတာမို့လို့ ဒီအခြေအနေအပေါ် ကျနော်တို့သက်ဆိုင်ရာ ကိုစုံစမ်းပြီး အယူခံဝင်သွားမယ်။ လိုအပ်ရင်ဥပဒေအကြောင်းအရာအရ ကျနော်တို့ရင်ဆိုင်သွားမှာ ဖြစ်တယ်။” ဟု သျှမ်းသံတော်ဆင့်အားပြောပါသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA တို့သည် နိုင်ငံတော်အစိုးရနှင့် အပစ်ရပ်ရေးသဘော တူကာ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအတွက် ဆွေးနွေး ထားသည့် အဖွဲ့ဖြစ်ပါသည်။

သျှမ်းသံတော်ဆင့်

No comments:

Post a Comment