Tuesday, May 6, 2014

ရေရှားပါးမှုပြဿနာ ဖြေရှင်းရန် ကျပ်သန်း ၃၈,၀၀၀ ကျော် သုံးမည်

6m1

Written by  မင်းမင်း 
နှစ်စဉ်မတ်လမှစကာ ကြုံတွေ့နေရ သော ရေရှားပါးမှုပြဿနာများ ဖြေရှင်းရန် ယခုဘဏ္ဍာနှစ်တွင် သန်း ၃၈,၀၀၀ ကျော် သုံးစွဲသွားမည်ဟု ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုးကိုကိုက ပြောဆိုလိုက်သည်။

“အခုနောက်ပိုင်း ရေရရှိရေးလုပ်ငန်းအတွက် နိုင်ငံတော်ကလည်း ဘတ်ဂျက်တွေ တိုးချပေးတယ်။ နိုင်ငံ တကာက လည်း ရေပေးဝေရေးလုပ်ငန်းတွေမှာ ပူးပေါင်းတယ်။ အဲဒီတော့ ပိုပြီးတော့ ရေရရှိဖို့ နည်းလမ်းတွေရှိလာမှာပါ”ဟု ၎င်းက ပြောသည်။
“ဒေသတစ်ခုနဲ့တစ်ခု မတူဘူးပေါ့။ တချို့ရေတွင်း၊ ရေကန်တွေ တူးတာရှိမယ်။ မြေအောက်ရေတွေကို တွင်းတိမ်၊ တွင်းနက် တူးတာရှိမယ်။ တောင်ပေါ်ဒေသတွေမှာဆို စိမ့်စမ်းရေတည်တာတွေ နောက်ပြီးတော့ ရှိပြီးသား တွင်းတွေကို နှစ်စဉ်ပြန်ပြင်ပေးတာတွေ ရှိတယ်”ဟု ၎င်းက ရှင်းပြသည်။
သောက်သုံးရေများ ရှားပါးလာမှုကို ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်နှင့် ရန်ကုန်တိုင်းအတွင်းရှိ အချို့ဒေသများ တွင်ပါ ကြုံတွေ့လာရသည်။
လူဦးရေ ခုနစ်ထောင်ခန့် နေထိုင်သော ဒလမြို့နယ်အတွင်းရှိ ရာဇသင်္ကြန်ရပ်ကွက်တွင် ရေရှားပါးမှု ကြောင့် ဒေသခံများ သုံးစွဲနေသည့် သောက်ရေကန်ကို တစ်ရက်လျှင် နှစ်နာရီအတွင်းသာ ခပ်ယူသုံးစွဲခွင့်ပြုထား ရသည်။
“ညနေ သုံးနာရီကနေ ငါးနာရီအထိပဲ ခွင့်ပြုထားတာပါ။ သွားမခပ်နိုင်တဲ့သူတွေကတော့ ၀ယ်သုံးရတာပေါ့။ တစ်ထမ်းကို သုံးလေးရာလောက်ပေးပြီး ၀ယ်ရတယ်။ ဒီနှစ်ကတော့ အရင်နှစ်တွေလောက် အခြေ အနေမဆိုးဘူး””ဟု ဒေသခံတစ်ဦးက ပြောသည်။
ပြီးခဲ့သည့်နှစ်အတွင်းကလည်း ဒလမြို့နယ်အတွင်း သုံးရေနှင့် ချိုးရေအတွက် ရေကန်သုံးကန်ကို ကျေးလက် ဒေသဖွံ့ဖြိုး ရေးဦးစီးဌာနက တူးဖော်ပေးထားသည်။
အဆိုပါ ရေကန်များမှရေများမှာ ၀ါကျင့်ကျင့်အရောင်ရှိနေပြီး ဒေသခံများက ကျောက်ချဉ်စိမ်ပြီး သုံးစွဲနေကြ ရသည်ကို မေလ ၅ ရက်က သတင်းရယူချိန်တွင် မဇ္ဈိမက မျက်မြင်တွေ့ခဲ့ရသည်။
ဒလမြို့နယ်အတွင်း ရပ်ကွက်ပေါင်း ၂၃ ခုရှိသည့်အနက် ရာဇသင်္ကြန်ရပ်ကွက်နှင့် ကျန်စစ်သားရပ်ကွက် နှစ်ခုမှာ နွေ ရာသီတွင် ရေရှားပါးမှု အများဆုံးရပ်ကွက် များဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
ရေရရှိရေးလုပ်ငန်းအတွက် ဂျပန်နိုင်ငံ၏ ချေးငွေဖြစ်သည့် ယန်းသန်း ခြောက်ရာကျော်ကို အစိုးရက ချေးယူထား သေးသည်။
“လာမယ့်နှစ်မှာ ဒီလိုရာသီရောက်ရင် ရေမပြတ်ဖို့ အစီအစဉ်တွေ အများကြီး လုပ်ပေးဖို့ ရှိပါတယ်။ နိုင်ငံတကာ အကူအညီတွေ ထပ်ရရင်လည်း အများကြီး ထပ်ယူပါမယ်”ဟုလည်း ဦးစိုးကိုကိုက ပြော ခဲ့သည်။

mizzimaburmese

No comments:

Post a Comment