Tuesday, September 4, 2012

ကိုဝေဠု အဖမ်းခံထားရပြီ

မုံရွာခရိုင် ဆားလင်းကြီးမြို့ နယ်ထဲက လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း
အတွက် ဒေသခံလယ်သမားတွေရဲ့ ဆန္ဒပြမှုကို အကူအညီပေးခဲ့တာကြောင့်
ဖမ်းဆီးခံရသူကတော့ ရန်ကုန်ပြည်သူ့ အကျိုးဆောင်ကွန်ရက်က ကိုဝေဠု ဖြစ်ပြီး
သူ့ ကိုတော့ လယ်သမားအရေးတွေလုပ်ဆောင်ပြီးအပြန် ကားပေါ်ကနေ ဆွဲချ
ခေါ်ဆောင်သွားတာဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ အကျိုးဆောင်
ကွန်ရက်က ကိုဟန်ဝင်းအောင်က ပြောပြပါတယ်။


“၇ နာရီ၊ မုံရွာရန်ကုန် ကားနဲ့ ဆင်းသွားပါတယ်။ မြင်းမူမြို့ ရောက်တဲ့အချိန်မှာဘဲ
မြင်းမူမြို့ နယ် အုပ်ချုပ်ရေးမှူးအပါအ၀င် လုံထိန်းအယောက် ၄၀ လောက်က
ကားကိုဝန်းရံပြီးတော့ ကားပေါ်တက်တယ်။ ဓာတ်ပုံတွေနဲ့ လူတွေနဲ့ တိုက်ပြီး
စစ်ဆေးတယ်ပေါ့။ အဲဒီမှာ အဓိကက ကိုဝေဠုကိုတွေ့ သွားပြီး ကိုဝေဠုကို
ကားပေါ်ကနေ ဆွဲချတယ်။ နောက်တစ်ယောက်က ဟန်ဝင်းအောင်ပါလား
ဆိုပြိးတော့ ကန်ကုန်းရွာသားတစ်ယောက်ကို လူချင်းတူလို့ ဆိုပြီးဆွဲချတယ်။
သူက မှတ်ပုံတင်နဲ့ တိုက်စစ်ကြည့်တဲ့အခါကျတော့ ကျွန်တော် မဟုတ်တဲ့
အတွက် သူတို့ မဖမ်းခဲ့နိုင်ဘူး။ ပြီးတော့ ကားပေါ်မှာကျန်ခဲ့တဲ့အမျိုးသမီးတွေ
ထဲမှာ မိတ္ထီလာမြို့ ။ ပြည်သူ့ အကျိုးဆောင်ကွန်ရက်က ဒေါ်မြင့်မြင့်အေးပါလား
ဆိုပြီးတော့ သူတို့ လိုက်လံရှာဖွေတယ်ပေါ့နော်။ မတွေ့ ခဲ့ဘူး။ ကိုဝေဠုက
သြဂုတ်လ၊ ၃၁ ရက်နေ့ ၊ ည ၈ နာရီလောက်မှာဘဲ မြင်းမူမြို့ မှာ ဖမ်းဆီးခံ
လိုက်ရတယ်။

ဖမ်းဆီးစဉ်တုန်းကတော့ မြင်းမူမြို့ နယ် ရဲစခန်းမှာဘဲ ဖမ်းဆီးခ့ရပြီး
နောက်ပိုင်းမှာ ဆားလင်းကြီးမြို့ နယ်၊ ရဲစခန်းကို ပို့ ခဲ့ပြီး အမှုဖွင့်ထားတာ
ဖြစ်ကြောင်း အကူအညီပေးနေတဲ့သူတွေကိုလည်း ထပ်မံဖမ်းဆီးဖို့ ကြိုးစား
နေတယ်ဖြစ်ကြောင်း ကိုဟန်ဝင်းအောင်က ဆက်ပြောပြပါတယ်။

“ကိုဝေဠုကို သူတို့ အမှုဖွင့်ထားတယ်။ ပုဒ်မ ၃ ခုနဲ့  ဖမ်းဆီးအရေးယူ
ထားကြောင်းသူတို့ ပြောပါတယ်။ လူကိုတော့ တွေ့ ဆုံခွင့်မပေးနိုင်ဘူး။ ဒါကို
ကျန်တဲ့သူတွေကိုဖမ်းဆီးဖို့ ရှိပါသလားဆိုတော့ ရှိတော့ရှိပါတယ်။
လောလောဆယ်တော့ နာမည်တွေ ထုတ်မပြောနိုင်သေးဘူးလို့ ပြောပါတယ်။
အခု ကျွန်တော်တို့ ရောက်နေတဲ့ရွာတွေရဲ့ ပတ်ပတ်လည်မှာ သူတို့ တွေက
လမ်းကြောင်းတွေမှာ ရဲတွေကို လုံခြုံရေးအနေနဲ့ ထပ်ချတယ်။ မနေ့ ကဆိုရင်
မုံရွာပုသိမ် လမ်းဆုံမှာ ဟန်ဝင်းအောင်ဓာတ်ပုံရယ်၊ ကိုအောင်စိုးဓာတ်ပုံရယ်
ချိတ်ဆွဲထားပြီး ဖြတ်သွားဖြတ်လာကားတွေကို ရပ်တန့် ခိုင်းပြီးတော့ ဓာတ်ပုံတွေနဲ့ ရှာဖွေစစ်ဆေးနေပါတယ်”

ကိုဝေဠုကို ဖမ်းထားတဲ့ပုဒ်မတွေကတော့ ပုဒ်မ ၂၉၅၊ ပုဒ်မ ၂၉၅ (က)နဲ့ ပုဒ်မ
၁၁၄ တို့ ဖြစ်ပြီး သာသနာညှိုးနွမ်းမှု၊ ဆူပူမှုပုဒ်မတွေဖြစ်တာကြောင့် ဘာ့ကြောင့်
ဒီပုဒ်မတွေနဲ့ တရားစွဲဆိုပါသလဲ လို့ မေးတဲ့အခါတော့ ကိုဟန်ဝင်းအောင်က

“ရွာသူရွာသားများကနေပြီးတော့ ပိုစတာ ဆိုင်းဘုတ်တွေ ဆိုက်ထူပြီးတော့
သာသနာဆုံးရှုံးနေတယ်၊ လယ်တိဆရာတော်ဘုရားကြီးရဲ့  တကယ့်ကို
သာသနာ့နေရာဖြစ်တယ် အောင်မြေဖြစ်တယ် ဒါမျိုးတွေဖျက်ဆီးခံနေရတယ်
ဆိုတာကို ပေါ်လွင်စေဖို့ အတွက် သင်္ကန်းစကို တစ်ပေပတ်လည်လောက်
ဟာလေးတွေကို သူတို့ ကသာသနာကို ဦးထိပ်ပန်ဆင်ပြီးတော့ လုပ်ခဲ့တဲ့
သင်္ကေတပါ။ အဲဒါကို သူတို့ ဘက်က သာသနာကို ညှိုးနွမ်းအောင်လုပ်တယ်
ဆိုတဲ့ပုံစံမျိုးနဲ့ တရားစွဲတာပါ၊ အမှုဖွင့်တာပါ။ လယ်တီဒီပနီ ထိန်းသိမ်း
စောင့်ရှောက်ရေးအဖွဲ့ ကနေပြီးတော့ နိုင်ငံတော်တာဝန်ရှိသူတွေအပိုင်းကို
ဆရားတော်ဘုရားကြီး သီတင်းသုံးခဲ့တဲ့နေရာနဲ့  သိမ်ကျောင်းတော်တွေကို
မဖျက်ဆီးဖို့  ကြေးနီစီမံကိန်း လုပ်မယ်ဆိုရင်လည်း အဲဒါတွေကို ထိန်းသိမ်းဖို့ 
ကိစ္စတွေရှိပါတယ်။ အခုဆိုရင်လည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး
သမားတွေက တောတွေပျက်ဆီးပြီး သောက်သုံရေးတွေအချဉ်ဓာတ်ပေါက်တာ
အက်ဆစ်ဓာတ်ပေါက်တာတွေကို ပြောဆိုနေပါတယ်”

ဒိ စီမံကိန်းကို လုပ်စဉ်အခါက အနီးအနားက ရွာပေါင်း ၂၆ ရွာက လယ်မြေ
ဧကပေါင်း ၇၈၀၀ ကျော်ကို မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ဖဏီလီမီတက်နဲ့ 
မြန်မာဝမ်းပေါင်ကုမ္ဖဏီတို့ က သိမ်းယူခဲ့ပြီး ရွာ ၄ ရွာကို ဖျက်သိမ်းခိုင်းခဲ့တာပါ။
သြဂုတ်လ ၂၈ ရက်နေ့ ကတော့ မုံရွာခရိုင်၊ လက်ပန်းတောင်းတောင် ကြေးနီ
စိမံကိန်းက မြေယာတွေသိမ်းဆည်းခံခဲ့ရတဲ့ တောင်သူလယ်သမားတွေရဲ့ 
နစ်နာမှုနဲ့ လိုအပ်ချက်တွေရှိတယ်ဆိုရင် မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ဖဏီကို
တင်ပြနိုင်တယ် ဆိုတဲ့ကြေညာချက်ထွက်ပေါ်လာခဲ့ပါတယ်။ ကုမ္မဏီရဲ့ ဖြေရှင်း
ချက်ကို မကျေနပ်ဘူး ဆိုရင် ပြည်သူ့ လွှတ်တော် မြေယာကော်မတီသို့ 
တင်ပြနိုင်ကြောင်း၊ ကျေးရွာပေါင်း ၂၆ ရွာအတွက် လျော်ကြေးငွေပေါင်း
ကျပ် သန်း တစ်သောင်းကို သုံးစွဲခဲ့ပြီးဖြစ်တယ်လို့ လည်း ကြေညာချက်မှာ
ရေးသားထားပါတယ်။ သတ်မှတ်ထားတဲ့ဧက ၇၈၀၀ ကျော်ကို ပုဒ်မ ၁၄၄
ကန့် သတ်နေမြေအဖြစ် အမိန့် ထုတ်ပြန်ထားတဲ့အတွက် လူစုလူဝေးနဲ့ 
ဆန္ဒပြလာမယ် ဆိုရင် တည်ဆဲတရားဥပဒေအရ အရေးယူမယ် လို့ လည်း
ကြေညာချက်မှာပါရှိပါတယ်။ လယ်သမားတွေကတော့ ဒီကုမ္မဏီတွေဟာ
လယ်ယာမြေတွေကိုအသုံးပြုစဉ်က လယ်သိမ်းလို့ လျော်ကြေးပေးတာ
မဟုတ်ဘဲ စီမံကိန်းလုပ်နေစဉ်မှာ သီးနှံပျက်ဆီးဆုံးရှုံးလို့  နစ်နာကြေး
အနည်းငယ်သာပေးခဲ့တာသာဖြစ်ကြောင်း၊ လယ်သမားတွေမှာစာချုပ်စာတမ်း
အပြည့်အစုံရှိတယ်ဖြစ်ကြောင်း ပြောဆိုနေကြပါတယ်။

(ဗီအိုအေ မြန်မာပိုင်း၏ စက်တင်ဘာ၊ ၄ ရက်၊ ညနေပိုင်း ထုတ်လွှင့်ချက်မှ
ကောက်နုတ်ဖော်ပြပါတယ်)

No comments:

Post a Comment