Monday, September 3, 2012

လိမ်လည်လှည့် ဖြား သတိထား

မြန်မာနိုင်ငံတော်သည် တစ်စနှင့်တစ်စ တစ်ဖြည်းဖြည်းချင်းလူတစ်စုရဲ့ လိမ်လည်မှု လက်အောက်ကို ရောက်ရှိလို့နေလာခဲ့တာ နှစ်ပေါင်း များစွာ ကြာမြင့်ခဲ့ပြီဖြစ်ပါသည်။ယနေ့ခေတ် မြန်မာနိုင်ငံတော်ကို ပြန်လည်ကာလေ့လာကြည့်မည်ဆိုရင် တစ်ဦးနှင့်တစ်ဦး တစ်ယောက်နှင့်တစ်ယောက် သူ့ကိုငါလိမ် ငါ့ကိုသူလိမ်နှင့် လိမ်ချင်တိုင်းလိမ်နေကြတဲ့ မြန်မာနိုင်ငံ အုပ်ချုပ်ရေးပိုင်းက လူတစ်စု ဖြစ်ချင်တိုင်းဖြစ်နေကြသည်ကို အများသူငါ သိနေကြသည်မှာ ကြာမြင့်နေပြီဖြစ်သော်လည်း အမှန်ကိုပြောခဲ့လျှင် အဲဒီလို အမှန်တရားကိုပြောတဲ့သူကို မမှန်မကန်လုပ်နေတဲ့ အာဏာပိုင်လူတစ်စုက  အနိုင်ကျင့်နှိပ်စက်နေကြတာဆိုတော့ လူတွေကို အမှန်တရားကို မပြောရဲ မဆိုရဲ ပြောခဲ့မိပြန်လျှင်လည်း သူတို့ရဲ့လိမ်လည်မှုတွေကို ခွင့်ပြုချက် တောင်းခံမှုမရှိ ခွင့်ပြုချက်ပေးထားတာမရှိပါပဲ ပြောရမလားဆိုပြီးတော့ နည်းမျိုးစုံနဲ့ အပြစ်ဒဏ် အမျိုးမျိုးပေးနေကြတာဆိုတော့  အပြစ်မဲ့တဲ့ပြည်သူတွေတောင် အမှန်ကိုမပြောရဲ မဆိုရဲ ဖြစ်နေလေတော့ မလိမ်ချင်ပဲ လိမ်နေရတဲ့ ပြည်သူတွေအတွက်တော့ တကယ်ကို သနားစရာကောင်းတဲ့ လူ့ဘောင်လောကကြီး တစ်ခုလိုဖြစ်နေပါတော့သည်။ယနေ့ ကမ္ဘာမှာ ဘယ်တိုင်းပြည်နဲ့ပဲ ယှဉ်လိုက်ယှဉ်လိုက် မြန်မာနိုင်ငံက အကြီးအကဲလုပ်တဲ့သူတွေက ဘယ်သူ့ကိုမဆို လိမ်တဲ့နေရာမှာတော့ သာလွန်နေတာတွေ့မြင့်ရမှာပါ။

(၂၀၁၂)ခုနှစ်မှာဆိုလျှင် ဖြစ်စဉ်လေးတွေကိုတကယ်ကိုထူးခြားတယ်လို့ပြောရမှာပါ။မြန်မာနိုင်ငံနေရာ အနှံ့အပြားမှာ ရေကြီးမှုတွေဖြစ်ပေါ်နေတာ ဘယ်သူ့ကြောင့်လဲဆိုတာကို သေချာစွာပြန်လည်သုံးသပ်ကြည့်မည်ဆိုပါက တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေတဲ့ (လူကြီး သူမကောင်း)လို့ခေါ်တဲ့ လူစုတ်လူညံ့တွေကြောင့် ဖြစ်ရတယ်ဆိုတာ အထင်အရှားကိုပေါ်လွင်နေပါတယ်။ လိမ်လည်မှုတွေများလာရင် တိုင်းသူပြည်သားတွေ များစွာနစ်နာဆုံးရှုးမှုတွေ ဖြစ်ပေါ်လာမှာ ဖြစ်သောကြောင့် အစိုးရနှင့်တကွ အထက်အရာရှိ (လူကြီးသူမကောင်းများ)အနေဖြင့် မကောင်းမှုတွေပြုလုပ်ပြီး တိုင်းသူပြည်သားတွေကို လိမ်တော့မယ် ညာတော့မယ်ဆိုရင် တိုင်းသူပြည်သားများကို သနားသောအားဖြင့် သတိထားလို့ လိမ်ကြညာကြပါလို့တိုက်တွန်းလိုက်ချင်ပါတယ်။အဘယ်ကြောင့်ဆိုသော် တိုင်းပြည်အုပ်ချုပ် မင်းလုပ်တဲ့ ရှင်ဘုရင် တရားပျက်ရင် (မင်းကျင့်ရား ပျက်စီးနေမယ်ဆိုလျှင်)တိုင်းပြည်အတွင်း ဆူပူမှု ၊ရာသီဥတုတွေ ဖောက်ပြန်မှုတွေဖြစ်တတ်ပါတယ်။
                 ဘယ်လိုပဲဖြစ်ဖြစ် လောကမှာ
တိုင်းပြည်ကို အုပ်ချုပ်နေကြတဲ့ အာဏာရှင်တွေဖြစ်ခဲ့မယ်ဆိုရင် ပြည်သူပြည်သားတွေကို သနားသောအားဖြင့် မလိမ်မညာပဲ ကြီးသောအမှုကိုငယ်စေ ငယ်သောအမှုကို ပပျောက်အောင်ပြုလုပ်ပေးရမည်က တိုင်းပြည်ကိုအုပ်ချုပ်နေကြတဲ့ အာဏာရှိတဲ့သူတွေသာလျှင် အရေးကြီးပါတယ်။ ကမ္ဘာမှာ မြန်မာသာလျှင် လိမ်ညာမှုအရှိဆုံးလို့ ပြောလို့ရမည့်အဆင့်ကိုရောက်အောင် လုပ်နေကြသည်က အထက်အရာရှိတွေသာဖြစ်မည်။သူတို့လုပ်ရပ်တွေကို သူတို့ကိုယ်တိုင် လိမ်ညာနေမှန်းသိလျှက်နဲ့  သူတစ်ပါးကို လိမ်ရညာရမှ ကျေနပ်တဲ့ လူတန်းစားတွေ ဖြစ်နေသလားတော့မသိဘူး။ပြည်သူကို အမျိုးမျိုးကို လိမ်ညာနေတာ အားရမှုမရှိလေဘူးလားလို့တောင် ထင်မိပါရဲ့။
မြန်မာပြည်လွတ်လပ်ရေး ရကာစအချိန်မှာ နက္ခတ်တာရာတွေလည်း အလှည့်အပြောင်းဖြစ်ခဲ့သလားမသိဘူး။တိုင်းပြည်ကိုအုပ်ချုပ်တဲ့သူတွေက ပြည်သူတွေကို မလိမ်ရလျှင် မနေနိုင်။ ပြည်သူ့ဘဏ္ဍာတွေကို မခိုးရလျှင်လည်း မနေနိုင်တဲ့ အဆင့်ဖြစ်လာခဲ့လေတော့ အဲဒီလို လူတန်းစားတွေက သူခိုးနက္ခတ်နဲ့ ယှဉ်ပြီးတော့ မွေးလာကြတဲ့ သူတွေလို့တောင် ထင်မိပါရဲ့။ပြည်သူ့ဘဏ္ဍာတွေကို အနုနည်းနဲ့ မရမက အနိုင်ကျင့်ယူနေတာ ငတတ်ပြား နက္ခတ်နဲ့ ယှဉ်မွေးလာတယ်လို့ ပြောပြန်လျှင်လည်း သူခိုးကြီး ငတတ်ပြားသည် သည်အချိန်မှာ လူ့ပြည်လောကမှာ ရှိနေသေးမည်ဆိုပါက သည်လို အစိုးရ၀န်ထမ်းတွေကို ကြည့်ပြီး စိတ်မကောင်းစွာနဲ့ လက်မှိုင်ချ ငိုပွဲဆင်မိမှာကို မြင်ယောင်နေမိပါသေးတယ်။ ငတတ်ပြားက ပြည်သူပြည်သားတွေကို သနားသောအားဖြင့် စောင့်ရှောက်ပါသေးတယ်။အဲဒါ တကယ့်နာမည်ကျော် သူခိုးကြီးရဲ့ မြင့်မြတ်တဲ့ စိတ်ထားလေးက တကယ့်ကိုချစ်စရာပါ။
နေရာတိုင်းမှာ ပြောင်းလဲမှုတွေနဲ့ ဖြစ်နေပေမယ့် ဥပမာ ရာသီဥတုတွေ ပြောင်းလဲလာတယ် အစိုးရ၀န်ထမ်းတွေရဲ့ စိတ်ဓာတ်တွေက မပြောင်းသေးဘူး။ဥပဒေတွေ ပြောင်းလဲလာတယ် အထက်မှာသာပြောင်းလဲတယ်ပြောကြတာပါ အောက်ခြေပိုင်းကျတော့လည်း ပြောင်းလဲတယ်လို့ကို မရှိသေးပါဘူး။သည်လိုသာ ရှေ့ဆက်သွားနေမည်ဆိုပါက မြန်မာပြည်ကြီးသည် တစ်ဖြည်းဖြည်းနဲ့ ပြည်သူတွေ ဆင်းရဲမွဲတေမှုက ဘယ်တော့မှ ပျောက်သွားမည်မဟုတ်ပါဘူး။သမ္မတကြီးက ပြောတဲ့စကား သူပြောတာပဲ ရှိမှာပါ တကယ့်သူ့အောက်က လက်အောက်ငယ်သားတွေကို ငါကတော့ ဥပဒေတွေပြောင်းလဲရမည်၊ တရားစီရင်ရေးတွေ ပြောင်းလဲရမည်၊ အစိုးရသည် ပြည်သူကို ခန့်အပ်တဲ့ အစိုးရဖြစ်အောင် ကြိုးစားရမည်လို့ ပြောပါသော်လည်း မင်းတို့တစ်တွေက ငါ့စကားကို နားမထောင်လေနဲ့ မင်းတို့လုပ်ချင်ရာကို လုပ်ပါလို့ ပြောပြီးလူကြားကောင်းအောင် မိန့်ခွန်းတွေချွေနေတာလားတော့မသိဘူး။ ဘယ်အစိုးရ၀န်ထမ်းမှ စစ်အာဏာရှင်စနစ်ကို မဖျောက်သေးပါဘူး။
သည်လိုသာ ရှေ့ဆက်နေမည် ဆိုပါက မြန်မာနိုင်ငံသည် ဘယ်တော့မှ ကောင်းစားမည်မဟုတ်ပါ။ ဥပဒေရဲ့ အထက်မှာ အစိုးရ၀န်ထမ်းတွေ ရှိနေသလို ဓနရှင်တွေလည်း ရှိနေသေးပါတယ်။ ပြဿနာတစ်ခုပေါ်ပေါက်လာတိုင်း အစိုးရ၀န်ထမ်းတွေက အနိုင်ရ၊ ငွေကြေးချမ်းသာတဲ့ သူတွေက အနိုင်ရနဲ့ မရှိနွမ်းပါးတဲ့ သူတွေမှာတော့ ဘယ်တော့မှ အမှန်တရားကို ဖော်ထုတ်လို့ မရအောင်ဖြစ်နေသေးတာ ယနေ့ မြန်မာပြည် ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေကို တစ်ထောင့်တစ်နေရာက နှောင့်ယှက်နေတယ် ဆိုတာကို လူတိုင်းသိနေကြမည်လို့ထင်မိပါတယ်။
လူလိမ်လူညာတွေနဲ့ ဖွဲ့စည်းတည်ထောင်ထားတဲ့ အစိုးရအဖွဲ့ကြီးထဲမှာ လိမ်တတ်ညာတတ်တဲ့  ၀န်ထမ်းတွေကြောင့် မှန်ကန်တည့်မတ်တဲ့ လမ်းကြောင်းကိုလျှောက်လမ်းနေကြတဲ့ ၀န်ထမ်းတွေ အတွက်တော့ ငါးခုံးမတစ်ကောင်ကြောင့် လှေတစ်စီးလုံးမှာ ရှိတဲ့ငါးတွေ အကုန်လုံးပုပ်ရတဲ့ အဖြစ်မျိုးနဲ့ ကြုံသလို မကောင်းတဲ့လူတစ်စုက သူတို့လုပ်ချင်သလို လုပ်နေကြတဲ့အချိန် ဥပေဒကို မလေးစား မလိုက်နာပဲ ဥပဒေပ လုပ်ဆောင်နေကြတာ လူကြားမကောင်း သူကြားမကောင်းအောင် ဖြစ်နေပါတော့သည်။
အဲဒီလို လူတန်းစားတွေက မြန်မာပြည်ကြီးကို နည်းမျိုးစုံနဲ့ ဖျက်ဆီးနေကြတာ တော်တော်ကို ရင်နာစရာ စိတ်နာစရာတွေ ကောင်းလှပါတော့သည်။ အဲဒါကြောင့် အစိုးရ ၀န်ထမ်းများထဲမှ မမှန်မကန် လိမ်လည်လှည့်စားတတ်သော အကျင့်ပျက် ၀န်ထမ်းများကို နမူနာယူ၍ မိမိတို့ အနေနှင့် ကိုယ့်ကိုယ်ကို သတိထား ဆင်ခြင်နိုင်ကြပါစေလို့ တိုက်တွန်းလိုက်ရပါတော့သည်။
                                                           အမေ့သား(မော်လမြိုင်)                                                                    

1 comment:

  1. လူကြီးတွေက လူလတ်ပိုင်းတွေကိုလိမ်တယ် လူလတ်ပိုင်းတွေက လူငယ်တွေကိုလိမ်တယ် လူငယ်တွေက လူကြီးတွေကိုပြန်လိမ်တယ် အလိမ်သံသရာကဘယ်တော့မှဆုံးမှာမဟုတ်တော့ဘူး တစ်ချိုးကျတော့ကိုယ့်ကိုယ်ကိုလိမ်တယ် လွှတ်တော်အမတ်တော်တော်များများလည်းလိမ်တယ် လမ်းတစ်ခြမ်းခင်းအောင်သိန်းလင်းဆိုပိုတောင်လိမ်သေးတယ်

    ReplyDelete