Saturday, August 9, 2014

လူ ၁၃ ဦးသေဆုံးခဲ့သော ယာဉ်မီးလောင်မှု တရားဥပဒေ၀န်ဆောင်မှုမရှိသေး

 သြဂတ်စ် ၈ ရက် ၂၀၁၄ 

နေပြည်တော် အမြန်လမ်းတွင် လူ(၁၃)ဦး သေဆုံးခဲ့သော တောင်ပြာတန်း Express ယာဉ်မီးလောင် မှုဖြစ်စဉ် ၌ သေဆုံးသွား သူများ အတွက် မျှတသော တရားဥပဒေ ၀န်ဆောင်မှု ဆောင်ရွက်ပေးရန် နိုင်ငံတော် အစိုးရထံ အကြိမ်ကြိမ် တောင်းဆို တင်ပြ ခဲ့သော်လည်း ယနေ့တိုင် လက်တွေ့ဆောင်ရွက် ပေးခြင်း မရှိသေးကြောင်း တောင်ကြီးမြို့ ဒေသခံ သေဆုံးသူ အသိုင်းအ၀ိုင်းများက ပြောကြားခဲ့သည်။
ပြီးခဲ့သည့် သင်္ကြန်ကာလက တောင်ပြာတန်း Express ယာဉ်မီးလောင်မှုကြောင့်သေဆုံးသူ ၁၃ ဦးအနက် တောင်ကြီးဒေသခံ ၆ ဦးပါဝင်ပါသည်။

သေဆုံးသူများအား မျှတသောတရားဥပဒေ၀န်ဆောင်မှု ရရှိစေရေးအတွက် ကျန်ရစ်သူမိသားစုဝင်များက မေလ ၁၅ ရက်နေ့တွင် နိုင် ငံတော် သမ္မတဦးသိန်းစိန်ထံသို့လည်းကောင်း ဂျူလိုင်လ ၂၈ ရက်က ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေ မန်း ထံလိပ်မူ၍ သော်လည်းကောင်း သျှမ်းပြည်နယ် ၀န်ကြီးချုပ်နှင့် သျှမ်းပြည် နယ် လွှတ်တော်ဥက္ကဌ ထံသို့လည်းကောင်း စာတင်ခဲ့သော်လည်းအရေးယူဆောင်ရွက် မှုများမရှိ သေးကြောင်း သျှမ်းသံတော်ဆင့်အား ပြောပြသည်။

ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါခရီးသည်များ သေဆုံးခဲ့ရသည့်အပြင် ပါသွားသည့်ပစ္စည်းများလည်း ဆုံးရှုံးခဲ့ရကြောင်း၊ သို့သော် ယာဉ်လိုင်းမှ တာဝန်ရှိပုဂ္ဂိုလ်များက သေဆုံးသူ၏ မိသားစုများကို လာရောက်ဆက်သွယ်ပေးမြန်းခြင်းမရှိခဲ့ကြောင်း မိသားစုဝင်များကပြောပါသည်။

“ တောင်ပြာတန်းက တာဝန်ရှိသူတွေဆိုတာက အသုဘတောင်မလာပါဘူး။ သူတို့ကိုလည်း ဒီနေ့အထိ မတွေ့ဖူးပါဘူး။ ဘယ်တာဝန်ရှိသူတွေကမှ ယာဉ်လိုင်းကိုအရေးယူတာမျိုးလည်း မရှိဘူး ။ ဆုံးရှုံးမှုတွေထဲမှာ လူကိုဆုံးရှုံးလိုက်ရတာ အကြီးမားဆုံး ဆုံးရှုံးမှုဘဲ ” ဟု သေဆုံးသူမိသားစုဝင်တစ်ဦးကပြောကြားခဲ့သည်။

တောင်ပြာတန်းယာဉ်လိုင်းဘက်ကလည်း ၄င်းတို့အနေဖြင့် သေဆုံး သူများအား လျော်ကြေးငွေ သီးသန့်အနေဖြင့် တစ်ဦးလျှင် ငွေကျပ်(၁၅)သိန်း ၊ ဒဏ်ရာရရှိသူများအား တစ်ဦးလျှင်(၅) သိန်းပေးအပ်ရန်ကမ်းလှမ်း ခဲ့ဖူးကြောင်း ပြောဆိုသည်။

“ တောင်းပန်တယ်ဆိုတဲ့ကိစ္စက ဦးစာပေး အနေနဲ့ သေ ဆုံးသူတွေရဲ့ကိစ္စ၊ ဒဏ်ရာရသူတွေရဲ့ ကိစ္စ အရင်လုပ် ပေးရတာပေါ့။အချိန်နဲ့တစ်ပြေး ညီမတောင်းပန် နိုင်ခဲ့တဲ့အပိုင်းတွေရှိတယ် နောက်ပိုင်းမှာအားလုံးကို တောင်ပြာတန်းကနေ တောင်းပန်ပေးတယ် ။သို့သော် တချို့ မိ သားစုဝင်တွေ ကတောင်းပန်းတာကို ကြည်ကြည်ဖြူဖြူလက်ခံပေးတာရှိသလို တချို့မိသားစုဝင်တွေက တောင်ပန် စကားပြောဖို့အခြေအနေတောင် မပေးတာတွေလည်းရှိပါတယ် ” ဟု တောင်ပြာတန်းယာဉ်လိုင်း ဥက္ကဌ ဦးစိုင်းအောင်ကျော်ဦး မှရှင်းပြခဲ့သည်

ဂျူလိုင်လ(၃၁) ရက်က တောင်ကြီးမြို့ ၊ဗိုလ်ချုပ်လမ်း၊ သစ်တောရပ်ရှိ မြန်မာ့အာမခံလုပ်ငန်းရုံးခွဲ တွင်တောင်ပြာ တန်း ယာဉ်လိုင်းမှ လိုက် ပါ သေဆုံးသွားသောခရီးသည်(၇)ဦး အတွက်ခရီးသွား အာမခံကြေး (ငွေတစ်ရာကျပ်)အတွက် တစ်ဦး လျှင်ငွေကျပ်( ဆယ်သိန်း) နှင့် သူတစ်ပါးထိ ခိုက် မှု အာမခံလျော်ကြေး တစ်ဦးလျှင်ငွေကျပ် (ငါး)သိန်း ပေးအပ်သော အခမ်းအနားတစ်ရပ်ကျင်း ပခဲ့သည်။ ၂၀၀၃ ခုနှစ် မှစ၍ခရီးသွားအာမခံကြေးအဖြစ် လက်မှတ်တစ်စောင်လျှင် ငွေကျပ် (၁၀၀)နှုန်း အာမခံကြေးထားရှိပြီးဖြစ်ပါသည်။

၂၀၁၄ မေလ ၈ ရက်နေ့ကစပြီးအထုးခရီးသွားအာမခံ ကြေးအဖြစ် ငွေ ကျပ် (၃၀၀) နှုန်းဖြင့် ကျပ်သိန်း (၃၀) အကျိုးခံစားခွင့်ရရှိပြီဖြစ် ကြောင်း မြန်မာ့အာမခံလုပ်ငန်းနှင့် ပတ်သက်၍ ပြည်နယ်တာ ၀န်ခံ ဒေါ်အေးအေးမော် ကရှင်းလင်းပြောကြားခဲ့သည်။

၂၀၁၄ ဧပရယ် ၁၂ ရက်နေ့က တောင်ကြီး- ရန်ကုန် ခရီးစဉ်ဖြင့် မောင်းနှင် လာသော တောင်ပြာတန်း Express ယာဉ် သည်ရန်ကုန်-နေပြည်တော် အမြန် လမ်းမပေါ်ရှိဖြူးမြို့နယ် မိုင်တိုင်အမှတ် ၁၁၆ ၊၂/၃ တွင် ယာဉ်ငယ် တစ်စင်း အား နောက်မှ ၀င်တိုက်မိပြီး မီးလောင်ကျွမ်းမှုဖြစ် ပွားရာ ယာဉ်မောင်းနှင့်ယာဉ်ေ နာက်လိုက် ထွက်ပြေးတိမ်းရှောင် ခဲ့သည်။ အဆိုပါဖြစ်စဉ်တွင် တောင်ပြာတန်း Express ယာဉ်မှ လူ(၇) ဦး နှင့် နောက်မှဝင်တိုက်ခံရသောယာဉ်ငယ် (ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန )မှ (၆)ဦး စုစုပေါင်း (၁၃)ဦးသေဆုံးခဲ့သည်။

သျှမ်းသံတော်ဆင့်/ ယိင်းတိုင်း


No comments:

Post a Comment