ကိုရဲ
“ကျွန်တော်တို့တော့
လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးပစ္စည်းဆိုတာ ဘာမှန်းတောင်မသိဘူး၊
တစ်ခါမှလည်း မ၀တ်ဘူး။ ကျွန်တော်တို့လုပ်နေတာ ၅နှစ်
၆နှစ်လောက်တောင်ရှိနေပြီ၊ ဒီလိုပဲ လုပ်နေတာပဲ”လို့ သူကပြောရင်း တူထုဖို့
အလှည့်ကျသူတစ်ဦးကို လွှဲပေးလိုက်ပါတယ်။
အသက် ၃၁
နှစ်ပဲရှိသေးပေမယ့် နေပူစပ်ခါးမှာ အလုပ်ကြမ်းလုပ်ရတဲ့ ဒဏ်တွေကြောင့် အသက်
၄၀အရွယ်လောက်လို့ထင်ရတဲ့ ကိုမြမောင်က အဆောက်အအုံဟောင်းတွေကို တူ၊
ပေါက်ချွန်းတွေသုံးပြီး လူအားနဲ့ ဖြိုဖျက်ရတဲ့ အလုပ်ကို လုပ်ကိုင်သူပါ။
သူတို့အုပ်စုခေါင်းဆောင်က အဆောက်အအုံဟောင်းကို ဖြိုဖျက်ဖို့
ပုတ်ပြတ်ယူထားလို့ ဒီမှာလာလုပ်နေတာလို့ သိရပါတယ်။
တူထုလိုက်စဉ်မှာ
ခဲစမှန်ပြီးမျက်လုံးထိနိုင်တာ၊ အပေါ်က အုတ်ခဲပြုတ်ကျပြီး
လူကိုထိခိုက်နိုင်တာသိပေမယ့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး
အကာအကွယ်ပစ္စည်းတွေ သုံးရမယ်ဆိုတာကိုတော့ လုံးလုံးမသိဘူးလို့
ပုဆိုးခါးပုံစနဲ့ မျက်နှာက ချွေးတွေသုတ်ရင်း သူကဆိုပါတယ်။
ပြည်ပနိုင်ငံတွေမှာ အဆောက်အအုံဟောင်းတွေ ဖြိုဖျက်တာ၊ အသစ်ဆောက်လုပ်ရာတွေမှာ
စက်ယန္တရားကြီးတွေသုံးပြီး ပြုလုပ်ကြပေမယ့် မြန်မာနိုင်ငံမှာကတော့
လူအားနဲ့ပဲ လုပ်ဆောင်နေကြတုန်းပါ။
လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး
ပစ္စည်းတွေဖြစ်တဲ့ လုံခြုံရေးဦးထုတ်၊
ခွာမှာသံပြားတွေထည့်သွင်းတပ်ဆင်ထားတဲ့ဖိနပ်၊ မျက်မှန်၊ လက်အိတ်၊
အမြင့်တက်ရင်သုံးတဲ့ အသက်ကယ်သိုင်းကြိုး စတာတွေကို ပြည်ပနိုင်ငံ
ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ မဖြစ်မနေ ၀တ်ဆင်သုံးစွဲရပါတယ်။
ဒီလိုဝတ်ဆင်သုံးစွဲအောင် လုပ်ငန်းခွင်ထဲမှာ လိုက်လံစစ်ဆေးတဲ့အဖွဲ့တွေကို
သီးသန့်ထားပြီး စစ်ဆေးစေပါတယ်။ အလုပ်သမားတွေက ဒီပစ္စည်းတွေကို
မဖြစ်မနေသုံးစွဲအောင်လို့လည်း လုပ်ငန်းခွင်မ၀င်ခင်အချိန်မှာ
လူခန္တာကိုယ်အစိတ်အပိုင်းတွေဟာ ဘယ်လိုတန်ဖိုးရှိပုံနဲ့ ဒါတွေကို
အသုံးပြုတာကြောင့် ဘယ်လိုအကာအကွယ်ရတယ် ဆိုတာတွေကို ဟောပြောပို့ချပြီးမှ
လုပ်ငန်းခွင်ဝင်စေပါတယ်။ ဒါ့အပြင် လုပ်ငန်းခွင်ထဲမှာလိုက်နာစေဖို့ ဆုပေး၊
ဒဏ်ပေးစနစ်တွေကျင့်သုံးပြီး စနစ်တကျဆောင်ရွက်ကြပါတယ်။
ဒီလိုဆောက်လုပ်ရေးလုပ်ငန်းခွင်ကြီးတွေအပြင်
ပုဂ္ဂလိကအလုပ်ရုံငယ်တွေဖြစ်တဲ့ သံချည်သံကွေး၊ ဂဟေဆက်နဲ့
လူကိုထိခိုက်စေနိုင်တဲ့ အလေးအပင်ပစ္စည်းတွေနဲ့လုပ်ရတဲ့ လုပ်ငန်းခွင်တွေက
အလုပ်သမားတွေဟာလည်း လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးအကာအကွယ်ပစ္စည်းတွေကို
မဖြစ်မနေ၀တ်ဆင်သုံးစွဲကြရပါတယ်။ ဒီပစ္စည်းတွေမတပ်ဆင်ပေးတဲ့
လုပ်ငန်းရှင်တွေကိုလည်း ထိထိရောက်ရောက်အရေးယူလေ့ရှိပါတယ်။
မြန်မာနိုင်ငံမှာတော့ အခုအချိန်ထိ ဒီလိုစနစ်တကျပြုလုပ်တာ မရှိဘူးလို့
ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့ဖူးတဲ့
အလုပ်ရှင်၊ အလုပ်သမား ဖြန်ဖြေရေး ခုံသမာဓိကောင်စီက
အလုပ်သမားကိုယ်စားလှယ်ဦးရဲနိုင်ဝင်းက ပြောပါတယ်။
“ဒီလို safety ကိုစစ်ဆေးတဲ့ အဖွဲ့တွေ မရှိဘူး။ မရှိဘူးဆိုတာက ဒါကို သိပ်ပြီး အလေးအနက်ထားရကောင်းမှန်း မသိဘူး”လို့ သူကဆိုပါတယ်။
ဒီလိုလုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးကို
ဘက်ပေါင်းစုံက ဂရုစိုက်မှုအားနည်းတာကြောင့် လုပ်ငန်းခွင်မတော်တဆ
ဖြစ်မှုတွေဟာလည်း မကြာခဏဆိုသလို ဖြစ်ပွားနေပါတယ်။ အမြင့်တက်ပြီး Aircon
ဆင်နေရင်း ပြုကျသေဆုံးတာ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်ငြမ်းတွေ
မခိုင်ခန့်လို့ပြိုကျတာတွေနဲ့ သာမန်အသေးအဖွားကိစ္စတွေကြောင့် ထိခိုက်ဒဏ်ရာရ
သေဆုံးမှုတွေ ဖြစ်ပွားနေပါတယ်။ ခုရက်ပိုင်းထဲမှာ လတ်တလောဖြစ်သွားတာကတော့ မတ်
၈ ရက်က ရန်ကုန်-သန်လျှင်တံတား အမှတ် ၁ မှာ ဆေးသုတ်လုပ်သားတစ်ဦး
ပြုတ်ကျသေဆုံးမှုပါ။ တံတားအပြင်ဘောင်ကို ဆေးသုတ်ရင်းက ခန္တာကိုယ်
ဟန်ချက်ပျက်ပြီး ၁၇ ပေအမြင့်ကနေ မြေပေါ်ကို ပြုတ်ကျတာကြောင့် ၆ရက်အကြာ
သန်လျှင်ဆေးရုံမှာသေဆုံးတယ်လို့ သတင်းတွေကဖော်ပြပါတယ်။ ဒီလိုဖြစ်ရပ်တွေဟာ
လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးပစ္စည်း ၀တ်ဆင်အသုံးပြုမှု အားနည်းတာနဲ့
သက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့ စစ်ဆေးကြပ်မတ်မှုအားနည်းတာကြောင့် ဖြစ်ရတယ်လို့
ဆောက်လုပ်ရေးလုပ်ငန်းအသိုင်းအ၀ိုင်းက သုံးသပ်ကြပါတယ်။
နောက်ပြီး
ဒီလိုလုပ်ငန်းခွင်မတော်တဆဖြစ်မှုတွေကို ဖြေရှင်းရာမှာလည်း
တရားဥပဒေနည်းလမ်းတကျ ဖြေရှင်းတာမျိုးမဟုတ်ဘဲနဲ့ ကာယကံရှင်မိသားစုနဲ့
ညှိုနှိုင်းပြီးဖြေရှင်းနေကြတာဖြစ်ပါတယ်။ ဒါ့ကြောင့်
သက်ဆိုင်ရာကာယကံရှင်တွေမှာလည်း ထိုက်သင့်တဲ့
အကျိုးခံစားခွင့်ဆုံးရှုံးနေရတယ်လို့ သိရပါတယ်။
“အိမ်က
ကလေးဆုံးတုန်းကတော့ သူ့အလုပ်ရှင်က အသုဘစရိတ်အတွက်ဆိုပြီး ပိုက်ဆံ
လေးသိန်းလာပေးသွားတယ်။ နောက်ပိုင်းတော့ ဘာမှ အဆက်အသွယ်မလုပ်တော့ဘူး”လို့
(Aircon) တပ်ဆင်တဲ့ လုပ်ငန်းခွင်မှာ သေဆုံးသွားခဲ့ရသူရဲ့မိခင် ဒေါ်သန်းစိန်က
ပြောပါတယ်။
ဒီလိုကိစ္စတွေနဲ့ပတ်သက်ပြီး နှစ်ပေါင်း ၂၀ကျော်
ဆောက်လုပ်ရေးလုပ်ငန်းမှာ လုပ်ကိုင်ခဲ့တဲ့ဦးရဲနိုင်ဝင်းကတော့
လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးပစ္စည်းတွေ ဈေးကြီးတာနဲ့
ကျွမ်းကျင်သင်တန်းကျောင်းတွေ ရှားပါးတာကြောင့်လို့ ဆိုပါတယ်။
ဆောက်လုပ်ရေး
အလုပ်သမားတစ်ဦးကို လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးပစ္စည်း
တပ်ဆင်ပေးမယ်ဆိုရင် တစ်ဦးစီကို အမေရိကန်ဒေါ်လာ ၁၀၀ကျော်
(ကျပ်တစ်သိန်းကျော်)ကျသင့်မယ်လို့ ဆောက်လုပ်ရေးအလုပ်သမားခေါင်းဆောင်
တချို့ကပြောပါတယ်။
“Safety Belt(အသက်ကယ်သိုင်းကြိုး)တစ်ခုတည်းတင်
တစ်သောင်းခွဲကျော်လောက်ပေးရတယ်။ safety shoe (ဖိနပ်) တစ်ရံဆိုလည်း
အနိမ့်ဆုံးက ခုနစ်သောင်း၊ ရှစ်သောင်းလောက်ရှိတယ်။ ဈေးကြီးတော့
ကျွန်တော့်အလုပ်သမားတိုင်းကို မဆင်ပေးနိုင်ဘူး။ ဒါပေမယ့်လည်း ခုချိန်ထိတော့
အကြီးစားထိခိုက်မှုတော့ မရှိသေးဘူး။ အသေးစားထိခိုက်တာ၊ သံစူးတာလောက်ကတော့
ဆေးခန်းပြပေးတယ်။ ဆေးဖိုးပေးပြီးရှင်းတယ်” လို့
ဆောက်လုပ်ရေးကုမ္ပဏီကြီးတွေဆီကနေ လုပ်ငန်းတချို့ကို
ပုတ်ပြတ်ယူပြီးလုပ်ကိုင်တဲ့ တစ်ဆင့်ခံလက်ခွဲအလုပ်သမားခေါင်းဆောင်
ကိုအောင်ကြီးဆိုသူက ပြောပါတယ်။
ဒါ့အပြင်
ဌာနဆိုင်ရာတာဝန်ရှိသူတွေကလည်း
လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနဲ့ပတ်သက်ပြီး လုပ်ငန်းခွင်ထဲကို
လာရောက်စစ်ဆေးတာမရှိသလို စည်းကမ်းညွှန်ကြားချက်
ချထားပေးခြင်းမရှိဘူးလို့လည်း သူကဆိုပါတယ်။
အလုပ်သမားကိုယ်စားလှယ်ဦးရဲနိုင်ဝင်းကတော့ ဒီပစ္စည်းတွေဈေးကြီးလို့ မတပ်ဆင်ပေးဘူးဆိုတာဟာ လက်ခံနိုင်ဖွယ်မရှိဘူးလို့ပြောပါတယ်။
“ဒါဟာသူတို့
နားလည်မှုလွဲနေတာပါ။ ဘာလို့လဲဆိုတော့ လူတစ်ယောက်ဟာ
အထပ်အမြင့်ကြီးမှာလုပ်နေရတယ်။ ခါးပတ်လည်းချိတ်မထားဘူးဆိုရင် တစ်ဘက်က
ကိုယ့်အသက်ကိုယ် ဂရုစိုက်နေရတယ်။ တစ်ဘက်ကလည်း အလုပ်လုပ်နေ၇တော့ ဘယ်လိုမှ
လုပ်ငန်းမတွင်ကျယ်နိုင်ဘူး။ နောက်ပြီးတော့ အရည်အသွေးကောင်းတဲ့
လုပ်ငန်းတွေဖြစ်ရေးမှာလည်း အမှားအယွင်းဖြစ်နိုင်တာပေါ့။ အဲ့ဒီတော့ ဒေါ်လာ၁၀၀
လောက်ကုန်ကျရမယ့်စရိတ်ကို လုပ်ငန်းရှင်တွေက ကြည့်တယ်။ တစ်ကယ်တော့
ဒါကိုအသုံးချပြီးတော့ လုပ်မယ်ဆိုရင် လုပ်ငန်းက ပိုပြီးတော့တောင်
အကျိုးရှိနိုင်ပါတယ်။ နောက်တစ်ခါ လုပ်ငန်းခွင်ကနေ ပြုတ်ကျတာတွေဘာတွေ
ဖြစ်လာရင် နောက်ဆက်တွဲပြသနာတွေ အများကြီးရှိနိုင်ပါတယ်။ အဲ့ဒီတော့
လုပ်ငန်းရှင်တွေကိုယ်တိုင်ကလည်း ဒီအပေါ်မှာ ပိုပြီးတော့ အလေးအနက်
ထားသင့်တယ်လို့” သူကပြောပါတယ်။
(Three
Friend)ဆောက်လုပ်ရေးလုပ်ငန်းက ဦးကိုကိုလေးကတော့ သူတို့ရဲ့
ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေက အလုပ်သမားတွေကိုတော့ လုပ်ငန်းခွင်နေရာအလိုက်
လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးပစ္စည်းတွေ မ၀တ်မနေရ
ဝတ်ဆင်စေတယ်လို့ဆိုပါတယ်။ ဒါ့အပြင် ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ Safety
Engineer တွေထားရှိပြီး လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးကို
ဂရုစိုက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ဒီလို
လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးပစ္စည်းတွေကို အလုပ်သမားတွေ
ဝတ်ဆင်သုံးစွဲဖို့ အသိပညာနည်းပါးတာကလည်း ပြသနာတစ်ခုဖြစ်နေပါတယ်။
အလုပ်သမားအချို့က ဒီပစ္စည်းတွေဝတ်ဆင်ထားတဲ့အခါမှာ
လုပ်ငန်းခွင်နှောင့်နှေးတယ်၊ သွားလာလုပ်ကိုင်ရတာ လေးတယ်၊ ပူတယ်ဆိုတဲ့
အကြောင်းပြချက်တွေနဲ့ မ၀တ်ဆင်လိုကျပါဘူးလို့ အလုပ်သမားခေါင်းဆောင်တစ်ဦးက
ပြောပါတယ်။
“ကျွန်တော်တို့ တစ်ခါတစ်လေ
ရန်ကုန်ကအထပ်မြင့်ဆောက်တဲ့နေရာတွေ၊ ဘာတွေမှာ သွားလုပ်ရင်တော့ safety Belt
လောက်တော့ သုံးတယ်။ ဖိနပ်တို့၊ ဦးထုတ်တို့ပေးပြီး ၀တ်ပြီး လုပ်ရမယ်ဆိုရင်
တစ်နေကုန် မလုပ်နိုင်ဘူး။ နောက်ပိုင်းဆိုက်က အတင်းဝတ်ခိုင်းတော့မှ
ဝတ်ရင်းအသားကျသွားတာ” လို့ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး ပစ္စည်းတွေ
ဝတ်ဆင်ပြီး အလုပ်လုပ်ရတဲ့ ဆောက်လုပ်ရေး အလုပ်သမားတစ်ဦးကလည်း ဆိုပါတယ်။
ဒီကိစ္စတွေနဲ့
ပတ်သက်ပြီး ဆောက်လုပ်ရေးလုပ်ငန်းမှာ အနှစ် ၂၀ ကျော် လုပ်ကိုင်ခဲ့ဘူးတဲ့
ဦးရဲနိုင်ဝင်းက “ပြသနာကဘာလဲဆိုတော့ ဒီလုပ်ငန်းမှာ ၀င်ရောက်လုပ်ကိုင်နေတဲ့
ဝန်ထမ်းတွေနဲ့ ပတ်သက်တဲ့ စနစ်ကျတဲ့ လုပ်ငန်းခွင် သင်တန်းကျောင်းတွေမရှိဘူး။
ဒါက အဆိုးဆုံးပဲ”လို့ သူကဆိုပါတယ်။
ဒါ့အပြင်
ဒီလိုသင်တန်းကျောင်းတွေ မရှိသလောက်နည်းပါးနေတာဟာ မြန်မာနိုင်ငံလို
ဖွံ့ဖြိုးတိုးတက်စနိုင်ငံအတွက် အနာဂတ်မှာ ကြီးမားတဲ့
အခက်အခဲတစ်ခုဖြစ်လာနိုင်စေတယ်လို့ သူကပြောပါတယ်။ ကျွမ်းကျင်လုပ်သား
ရှာပါးတာကြောင့် လုပ်ကိုင်ရာမှာ မှားယွင်းမှုတွေ ကြုံတွေ့နိုင်ပြီးတော့
ဆုံးရှုံးမှုတွေ ပိုမိုများပြားနိုင်တာနဲ့ ပြည်ပကနေ ကျွမ်းကျင်လုပ်သား
ခေါ်ယူရမယ့်အဆင့်တွေ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။
“အခု
ဘာဖြစ်လာပြီလဲဆိုရင် နိုင်ငံတစ်ကာ ရင်းနှီးမြှုပ်နှံမှုတွေ ၀င်ရောက်လာပြီ။
အဆောက်အအုံတွေဆောက်မယ်။ ကိုယ့်ဘက်က ကျွမ်းကျင်လုပ်သားမရှိရင်
သူတို့ဘက်ကခေါ်လာမှာပဲ။ အခု တရုတ်ကုမ္မဏိတွေဆိုရင် အထွေထွေလုပ်သားကအစ
ပါလာတယ်။ ဒီကလူတွေက အမှိုက်ကောက်တဲ့သူပဲ အလုပ်ရတော့တယ်။ အဲ့ဒီတော့
ဘယ်လိုဖြစ်မလဲဆိုရင် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖော်ထုတ်နေတာက
ကိုယ့်အတွက်မဟုတ်ဘဲ သူများအတွက်လိုဖြစ်သွားနိုင်တယ်”လို့သူကဆိုပါတယ်။
ဒါ့အပြင်
ဆောက်လုပ်ရေးလုပ်သားတွေဟာ အလုပ်သမားဥပဒေမှာပြဌာန်းထားတဲ့
ဥပဒေပါအခွင့်အရေးတွေ ဆုံးရှုံးနေရတယ်လို့ ဆိုပါတယ်။
ဆောက်လုပ်ရေးလုပ်ငန်းတွေရဲ့ သဘောသဘာဝအရ လုပ်ငန်းခွင်မကြခဏ
ပြောင်းရွှေ့ရတာကြောင့် အလုပ်သမားအဖွဲ့အစည်း ဖွဲ့စည်းခွင့်နဲ့
လူမှုဖူလုံရေးအကျိုးခံစားခွင့်တွေဖြစ်တဲ့ ဘေးအန္တရာယ်ဖြစ်ပေါ်လာချိန်မှာ
အကျိုးခံစားခွင့်၊ လုပ်သက်ခံစားခွင့်၊ လုပ်ငန်းခွင်ထိခိုက်မှုခံစားခွင့်၊
ခွင့်ရက်ခံစားခွင့်စတာတွေ ဆုံးရှုံးနေရတယ်လို့ သိရပါတယ်။
ဆောက်လုပ်ရေးအလုပ်သမားတွေဟာ
ရွှေ့ပြောင်းပျံကျလုပ်သားတွေ ဖြစ်တာကြောင့် ဆောက်လုပ်ရေးကုမ္ပဏီကြီးတွေရဲ့
လက်အောက်က လုပ်ငန်းခွင်တွေမှာ လုပ်ကိုင်နေတဲ့ အလုပ်သမားတွေတောင်
လူမှုဖူလုံရေးကဒ် မလုပ်ပေးထားနိုင်ဘူးလို့
ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်တစ်ဦးက ပြောပါတယ်။ ဒီလိုကုမ္ပဏီကြီးတွေဟာ
လုပ်ငန်းဆောင်ရွက်ရာမှာ တစ်ဆင်ခံကန်ထရိုက်တွေကို
ပုတ်ပြတ်ပေးငှားရမ်းတာဖြစ်ပြီး ဒီအလုပ်သမားတွေဟာလည်း လုပ်ငန်းခွင်မှာ
ကြာရှည်တည်မြဲမှုမရှိတာကြောင့် ဒီလိုလူမှုဖူလုံရေးကဒ်တွေ
လုပ်ပေးနိုင်ခြင်းမရှိတာလို့ သူကပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး
တဆင့်ခံကန်ထရိုက်တာ ကိုအောင်ကြီးက “လူမှုဖူလုံရေးကဒ် လုပ်ထားပေးတော့ကော
လက်ရှိဥပဒေအရ အစိုးရကဘာလုပ်ပေးနိုင်မှာလဲ။ ပိုက်ဆံတွေ သွင်းရတာပဲရှိမယ်လေ။
ကျွန်တော့်အလုပ်သမားတွေကလည်း တစ်နေ့လုပ် တစ်နေ့စားတွေပဲ။ ကျွန်တော်ကလည်း
သူတို့လာလုပ်တဲ့ရက်အတွက်ပဲ လုပ်ခပေးနိုင်တယ်။ နေမကောင်းလို့
ခွင့်ယူတဲ့အတွက် ကျွန်တော်မပေးနိုင်ဘူးလေ။ နောက်ပြီး အလုပ်သမားတွေဆိုတာက
ဒီနေ့ကျွန်တော့်ဆီမှာရှိပေမယ့် မနက်ဖန် ရှိချက်မှ ရှိတာလေ။ ဒါ့ကြောင့်
ကျွန်တော်မလုပ်ပေးထားနိုင်ဘူး”လို့ ဆိုပါတယ်။
၁၉၅၄ခုနှစ်က
ပြဌာန်းခဲ့တဲ့ လူမှုဖူလုံရေးဥပဒေမှာ ဆောက်လုပ်ရေးအလုပ်သမားတွေအတွက်
လူမှုဖူလုံရေး အကျိုးခံစားခွင့် မပြဌာန်းထားပေမယ့် ဧပြီတစ်ရက်နေ့မှာ
စတင်အသက်ဝင်လာမယ့် ၂၀၁၂ လူမှုဖူလုံရေး ဥပဒေသစ်မှာတော့ ဆောက်လုပ်ရေး
အလုပ်သမားတွေအတွက်ပါ ထည့်သွင်းရေးဆွဲထားတာ တွေ့ရပါတယ်။ ဒါပေမယ့်
လူမူဖူလုံရေးမှတ်ပုံတင်ဆောင်ရွက်လို့ရမယ့် ဆောက်လုပ်ရေးလုပ်ငန်းခွင်ဟာ
တစ်နှစ်နဲ့ အထက်ဖြစ်ရမယ်လို့ ပြဌာန်းပါရှိပါတယ်။
“ပထမဥပဒေအရ
လူမှုဖူလုံရေး အကြုံးဝင်တဲ့အထဲမှာ ဆောက်လုပ်ရေးလုပ်ငန်းမပါဘူး။
ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့လုပ်ငန်းတည်နေရာက တည်ငြိမ်မှုမရှိလို့ပါ။
ဒါပေမယ့် အခုဥပဒေသစ်မှာတော့ ဆောက်လုပ်ရေးလုပ်ငန်းပဲ။
တစ်နှစ်နဲ့အထက်ကြာတဲ့
ဆောက်လုပ်ရေးလုပ်ငန်းဆိုရင် ဥပဒေမှာ အကြုံးဝင်မယ်”လို့ လူမှုဖူလုံရေးအဖွဲ့က
လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးသိန်းကပြောပါတယ်။
ဒါ့အပြင်
ဥပဒေဟောင်းအရ ဆောက်လုပ်ရေးအလုပ်သမားတွေဟာ လူမှုဖူလုံရေးမှတ်ပုံတင်ခွင့်မရဘဲ
လုပ်ကိုင်လာရတာကြောင့် မရဘူးလို့ထင်မှတ်ထားတာတွေ ရှိနေဦးမှာ ဖြစ်တာကြောင့်
သူတို့ဌာနအနေနဲ့လည်း အသိပညာပေးလုပ်ငန်းတွေ လုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။
“ဒါပေမယ့်
အခုလက်တွေလုပ်နေတာက ဆပ်ကန်ထရိုက်တွေနဲ့ ယာယီလုပ်နေတာတွေက ခက်တယ်။
ဒီနေရာခဏ၊ ဟိုနေရာခဏ လုပ်နေတဲ့သူတွေကိုတော့ ဥပဒေအရ စည်းကြပ်ဖို့ခက်တယ်။
ဒီအလုပ်ရှင်(ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်) ကလည်း ဌာနကို မှန်မှန်ကန်ကန်
စာရင်းပေးသွင်းဖို့ ခက်တယ်။ ဒါပေမယ့် သူ့မှာ ဒီလိုလုပ်ငန်းတွေရှိလို့
သူ့ဘက်က တစ်စုံတစ်ခု ဖြစ်လာခဲ့ရင်၊ အလုပ်၇ှင်ကလျော်ရမှာကြောက်လို့
တို့ဆီမှာလာပြီး မှတ်ပုံတင်အာမခံထားမယ်ဆိုရင် တို့ကလက်ခံပေးမယ်။ မထားရင်
ဘယ်လိုလုပ်မလဲ ဆိုတော့လည်း မထားရင်တော့ တို့မသိနိုင်ဘူး”လို့ သူကဆိုပါတယ်။
မြန်မာနိုင်ငံဟာ
ခုချိန်မှာ ဖွံ့ဖြိုးတိုးတက်ဖို့ ပြန်လည်တည်ဆောက်နေရတဲ့ကာလ ဖြစ်ပါတယ်။
ဒီလို ပြန်လည်တည်ဆောက်ရာမှာ နိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေးတွေတင်မကပဲ
အခြေခံအဆောက်အအုံတွေ ဖွံ့ဖြိုးတိုးတက်ဖို့လည်း လိုအပ်ပါတယ်။
ခေတ်မီစက်ယန္တယားတွေကို တွင်တွင်ကျယ်ကျယ် မသုံးနိုင်သေးတဲ့ မြန်မာနိုင်ငံမှာ
ဒီဆောက်လုပ်ရေးလုပ်သားတွေဟာ တိုင်းပြည်အတွက် မရှိမဖြစ်လိုအပ်တဲ့
အရေးကြီးလုပ်သားတွေဖြစ်ပါတယ်။
လက်၇ှိအချိန်မှာ ဒီလုပ်သားတွေရဲ့
အသက်အန္တရယ်ထိခိုက်နစ်နာမှုတွေအတွက် သင့်တင်မျှတတဲ့ အကျိုးခံစားခွင့်၊
လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး တန်းတူရရှိမှုအခြေအနေ၊ သူတို့ရဲ့
အနာဂါတ်ဘ၀အာမခံချက်တွေနဲ့ တစ်နေ့လုပ်မှတစ်နေ့စားရတဲ့ သူတို့ရဲ့ဘ၀တွေကတော့
မှုန်ဝါးနေဆဲပါပဲ….။
Copy from facebook.com
No comments:
Post a Comment