Thursday, March 27, 2014

“ပုဇွန်အခွံခွာသည့်အလုပ်ရုံမှ အလုပ်သမား ၂၂ ဦးအား ကယ်ထုတ်”



မင်းဘခက်၂၀၁၄  မတ်လ ၂၇ ရက်

             ထိုင်းနိုင်ငံမဟာချိုင်မြို့တွင်ရှိသော ပုဇွန်အခွံခွာသည့် အလုပ်ရုံတွင် ရောင်းစားခံနေရသည့် မြန်မာအလုပ်သမား ၂၂ ဦးတို့အား ပူးပေါင်းအဖွဲ့တို့က ယနေ့ကယ်တင်နိုင်ကြောင်းသိရှိရသည်။

ဘန်ကောက်မြို့အနီး ကီလိုမီတာ ၅၀ ကျော်အကွာတွင်ရှိသော  မဟာချိုင်မြို့ဝတ်ကျက် ၅လမ်း ထဲတွင်ရှိသော ခြံအမှတ်--- တွင်ရှိသော ပုဇွန်အခွံခွာသည့်အလုပ်ရုံတွင်  ရောင်းစားခံနေရသည့် မြန်မာအလုပ်သမား၂၂ဦး (ကျား ၁၁+မ၁၁ ဦး)တို့အား ကယ်တင်နိုင်ခဲ့ကြခြင်းဖြစ်သည်။

            အဆိုပါ ကယ်တင်မှုအား ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေးအထူးရဲတပ်ဖွဲ့ AHTD, ဘန်ကောက်မြို့အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MATနှင့် ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးဖွံ့ဖြိုးရေးဖေါင်းဒေးရှင်း FED တို့က မဟာချိုင်ဒေသခံ လူကုန်ကူးမှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့ဝင်တို့  ပူးပေါင်းကယ်ထုတ်ခဲ့ကြခြင်းဖြစ်သည်။


MAT အဖွဲ့ အတွင်းရေးမှူး မဟာချိုင်  တာဝန်ခံ ကိုခိုင်ကြီး က“ထိုင်းနိုင်ငံမှာ  မဟာချိုင်ဟာ လူကုန်ကူးမှု အများဆုံးနေရာဖြစ်တယ်။ အယင်ကထက် ပိုဆိုးလာတယ်။ လူကုန်ကူးမှုတွေကို ဖြေရှင်းတဲ့အခါ  လူကုန် ကူးသူတွေနဲ့  အလုပ်ရှင်တွေကို နောင်မလုပ်ရဲအောင် ပြတ်သားတဲ့ အရေးယူ ဆောင်ရွက်ခြင်းမရှိဘူး။ ဒေသခံပုလိပ်တွေနဲ့ အလုပ်ရုံပိုင်ရှင်တွေနဲ့  မြန်မာပွဲစားတွေက ပူးပေါင်းပြီးတော့ မသိနားမလည်တဲ့မြန်မာ အလုပ်သမားတွေကို ခေါင်းပုံဖြတ်နေကြတာလေ။ အကျိုးရှိနေတာက ထိုင်းအာဏာပိုင်နဲ့ထိုင်းလုပ်ငန်းရှင်။ ခံနေရတာက ကျနော်တို့ မြန်မာအလုပ်သမား။ ကျနော်တို့က အောက်ကနေပြီး ဖြေရှင်းနေကြရတာ။ မလွယ်ဘူးဗျ”ဟုပြောသည်။

           ယခု ကယ်ထုတ်ကြသူများမှာ ယမန်နေ့က မြ၀တီမြို့မှ မြန်မာအစိုးရ လူကုန်ကူးမှုတားဆီးနှိမ်နင်း ရေးအထူးရဲတပ်ဖွဲ့ ATIPD မှ အရာရှိတစ်ဦးက အကူညီပေးပါရန်  ဖုန်းဆက်လာခဲ့ခြင်းဖြစ်သည်။

လွတ်မြောက်လာသူဖြစ်သည့် မြ၀တီမြို့မှ မမိုးမိုးက “ ကျမ အချက်အလက်တွေ အခြေအနေတွေအား လုံးကို ဦးကျော်သောင်းနဲ့ တောက်လျှောက် စကားပြောနေပါတယ်။ ဒီနေ့ နေ့လည်က ပုလိပ်တွေ ၀င်လာ တဲ့အခါ အလုပ်ကြပ်(၀ဏ္ဏက) လာပြီးတော့ သမီးတို့ လူသစ် ၇ယောက်နေတဲ့ အခန်းကို သော့လာခတ်သွား တယ်။ ကျမနဲ့ ဦးနဲ့က ဖုန်းဆက်တိုက်ဖွင့်ထားတယ်။  ဦးပြောသလို ကျမ ဆောင်ရွက်တယ်။ အဆက်အ သွယ် မရပဲဖြစ်နေရင် ကျမတို့ လွတ်ချင်မှလွတ်မယ်။ ကူညီပေးခဲ့ကြတဲ့ သူတွေအားလုံးနဲ့ MATအဖွဲ့ကို ကျေးဇူးတင်ပါတယ်” ဟုပြောသည်။

             လူပွဲစားအဖွဲ့များသည် မမိုးမိုးတို့နှင့်အတူ ရောင်းစားခံခဲ့ရသည့် အသက် ၁၆ နှစ်ခလေးတစ် ယောက်အပါအ၀င် အခြားအလုပ် သမား ၇ဦးတို့အား မဟာချိုင် ငါးဖမ်းလှေဆိပ်တစ်သို့ ပို့ဆောင်ထား ထားခဲ့သည်။ အလုပ်သမားများနှင့် MAT တို့ ခဏတာ ဖုန်းအဆက်အသွယ်ရရှိခဲ့သော်လည်း နေရာကို အလုပ်သမားများက မပြောနိုင်သဖြင့် ကယ်ထုတ်ရန် မဖြစ်နိုင်ခဲ့ချေ။

MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်း  က “ကျနော်တို့ သူများတိုင်းပြည်မှာ လုပ်ရကိုင်ရတာက သူတို့ လုပ်ပေးသလောက်ပဲ ရတဲ့အနေအထားဖြစ်တယ်။ ကျနော်တို့ ဖြစ်ချင်သမျှ ဖြစ်သင့်သလောက် ထိုင်း အာဏာပိုင်တွေကလုပ်မပေးဘူး။ ခက်တာက သူတို့ ဖမ်းပေးမှ ဖြစ်တဲ့ကိစ္စဖြစ်နေတော့ ငါးမရပဲ ရေချိုး ပြန်ရတဲ့အခါတွေအများကြီးရှိခဲ့ပါတယ်။ ဘန်ကောက်မြန်မာသံရုံးမှာ အလုပ်သမားသံအရာရှိ ထားသလို ပုံစံမျိုး မြန်မာအစိုးရ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က အနည်းဆုံးတစ်ယောက်လောက် ရှိဖို့ လိုပါမယ်။ ရဲအရာရှိဟာ ထိုင်းစကားကို အထူးကျွမ်းကျင်သူဖြစ်ဖို့လိုပါမယ်။ ဒါမှ ထိုင်းနိုင်ငံအတွင်းက လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းတွေ အောင်မြင်နိုင်ပါမယ်” ဟု အကြံပြု ပြောဆိုသည်။

              ၂၀၁၂ ခုနှစ် နိုဝင်ဘာလက ယခုအလုပ်ရုံတွင် အလုပ်သမား ၇၀ ဦးခန့်တို့သည် တစ်နေ့လျှင် ၁၉ နာရီထက်မနည်း နေ့စဉ်အလုပ်လုပ်နေကြရသော်လည်း လုပ်အားခလည်းမရကြသဖြင့် ငွေပေး၍ ထွက်လာခဲ့သည့် ရခိုင်လူငယ်တစ်ဦး အမှုလာဖွင့်ခြင်းကြောင့် MAT အဖွဲ့တို့ စီးနင်နိုင်ရန် ပြင်ဆင်ခဲ့ဖူးသည်။   သို့ရာတွင် အရေးကြီး အပြောင်းအလဲတစ်ခုကြောင့် အကောင်အထည်မဖေါ်နိုင်ခဲ့ပါ။ ထိုသတင်းအချက် အလက်များနှင့် တစ်ထပ်တည်းဖြစ်နေသည့် အလုပ်ရုံဖြစ်နေသဖြင့် အချိန်တိုအတွင်း  ရောင်းစားခံ မြန်မာ အလုပ်သမားများကို ကယ်ထုတ်နိုင် ခဲ့ကြခြင်းဖြစ်သည်။

ပင်လယ်အစားအစာ အဓိကထုတ်လုပ်သည့် မြို့ဖြစ်သော မဟာချိုင်တွင် ငါးဖမ်းလှေဆိပ်များ၊ ပုဇွန် အခွာခွံသည့်အလုပ်ရုံများ၊ အစာမုန့်ထုတ်လုပ်သည့် အလုပ်ရုံများနှင့် ပုဇွန်မွေးမြူရေး ကန်များတွင် လူကုန်ကူးခံရသူအမြောက်အမြားရှိနေကြဆဲဖြစ်ကြောင်း MAT အဖွဲ့ကပြောသည်။
 
Copy from http://www.goldenworkers.asia

No comments:

Post a Comment