Tuesday, October 2, 2012

အာဆင်နယ်နှင့်ပွဲမှ ချယ်လ်ဆီးအသင်းအပေါ် နည်းစနစ်ပိုင်း သုံးသပ်ချက်များ



ချယ်လ်ဆီးအသင်းသည် ပြီးခဲ့သည့်စနေနေ့က အင်းမရိတ်ကွင်းတွင် အာဆင်နယ်အသင်းအား နှစ်ဂိုး၊ တစ်ဂိုးဖြင့် ဦးဆောင်ခဲ့ပြီး အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့သည်..။ နှစ်သင်းစလုံးသည် တိုက်စစ်ကို ဦးစားပေးပြီး လျှင်လျှင်မြန်မြန် ကစားခဲ့ကြသဖြင့် ကြည့်ကောင်းခဲ့သည်..။ ထို့အပြင် အရည်အသွေးမြင့် ကွင်းလယ်ကစားသမားတို့၏ အားပြိုင်မှုများကြောင့် နည်းစနစ်ပိုင်းအရလည်း အဆင့်မြင့်ခဲ့သည်..။ ချယ်လ်ဆီးအသင်း၏ အနိုင်ဂိုးများမှာလည်း အလွတ်တန်ကန်ဘောများမှ ရရှိခဲ့ခြင်း ဖြစ်သလို ပေးလိုက်ရသည့် ချေပဂိုးမှာ ဘယ်တောင်ပံ ခံစစ်ကြောင်း အားနည်းမှုကြောင့် ဖြစ်ပေသည်..။

ပွဲထွက် လူအခင်းအကျင်း
          ချယ်လ်ဆီးအသင်း၏ ပွဲထွက်လူစာရင်း၌ ဂယ်ရီ ကာဟေးလ် နေရာတွင် အသင်းခေါင်းဆောင် ဂျွန် တယ်ရီ ပါဝင်လာခဲ့သည်..။ အလယ်တန်း ကွင်းလယ်အဖျက်နေရာတွင် ရာမီးရက်စ်ကိုသာ ဆက်လက်အသုံးပြုခဲ့သောကြောင့် ဒီမက်တီယိုအနေဖြင့် လျှင်မြန်မှု၊ ဖျက်အားနှင့် ရွှေ့လျားမှု ကောင်းမွန်သော ကွင်းလယ်ခံစစ်ဇုန်ကို တည်ဆောက်ရန် ရည်ရွယ်ခဲ့ပုံရသည်..။
          အာဆင်နယ်အသင်းမှာ ဒဏ်ရာမှ ပြန်လည်သက်သာလာသည့် သောမတ်စ် ဗာမီးလန် ပြန်လည်ပါဝင်လာသည်..။ တိုက်စစ်တွင် ဆောက်သမ်တန်အသင်းအား ဂိုးပြတ်နိုင်ခဲ့သည့်ပွဲမှ ပုံစံအတိုင်း ဂျာဗင်ဟိုက အယောင်ပြ တိုက်စစ်မှူး “False No. 9″ အဖြစ် ကွက်လပ်များကို ဖန်တီးပေးပြီး ကာဇိုလာ၊ ပိုဒေါ့စကီးတို့မှ ဂိုးသွင်းခွင့်များကို အသုံးချရန် ရည်ရွယ်ခဲ့သည်..။
ကွင်းလယ် ကစားကွက် နှိုင်းယှဉ်ခြင်း

(ပုံ- ၁း နှစ်သင်းလုံး၏ ဘောလုံးပေးပို့မှု နှိုင်းယှဉ်ချက်)
          အပေးအယူ ကောင်းမွန်သော အာဆင်နယ်အသင်းက ကစားကွက် အသာဖြင့် ပွဲကိုထိန်းချုပ်နိုင်မည်ဟု ယူဆခဲ့ကြသော်လည်း ပုံ (၁) တွင်ပြထားသည့်အတိုင်း ပွဲအစပိုင်းတွင် ချယ်လ်ဆီးအသင်းမှ ဘောလုံးပိုင်ဆိုင်မှု ပိုမိုကောင်းမွန်ခဲ့သည်..။ သို့သော် တိုက်စစ်ဇုန် (Final Third) ပေးပို့မှုတွင် အာဆင်နယ်အသင်းအား မမှီခဲ့ပဲ ပေးပို့မှု အများစုမှာ ကွင်းလယ်နှင့် ခံစစ်ဇုန်တွင်သာ ဖြစ်ခဲ့သည်..။
          ဒုတိယပိုင်း ၅၃ မိနစ်တွင် မာတာဦးဆောင်ဂိုး သွင်းယူခဲ့ပြီးနောက် ဘောလုံးပိုင်ဆိုင်မှုကို ဦးစားမပေးတော့ပဲ တစ်ဖက်အသင်း၏ တိုက်စစ်ကို ခုခံပြီး တန်ပြန်တိုက်စစ်ဖြင့် ထိုးဖောက်မှုကြောင့် ဘောလုံးပိုင်ဆိုင်မှု ကျဆင်းသွားသည်..။ သို့သော် တန်ပြန်တိုက်စစ် ထိုးဖောက်မှု ကောင်းမွန်သောကြောင့် Final Third ပေးပို့မှု ပိုများလာသည်ကို ပုံတွင်ပြထားသည်အတိုင်း တွေ့မြင်နိုင်သည်..။
အော်စကာ Vs ကာဇိုလာ

(ပုံ- ၂)
          အထက်ပါပုံ (၂) တွင် အဓိက ကွင်းလယ်လူ အော်စကာနှင့် ကာဇိုလာတို့၏ စွမ်းဆောင်မှုများကို နှိုင်းယှဉ်ပြထားသည်..။ “နံပါတ် (၁၀)” နေရာဖြင့် အထောင်တိုက်စစ်မှူးကို ထောက်ပံ့ပေးရန်၊ တိုက်စစ်လမ်းကြောင်းများ ဖန်တီးပေးရန်၊ ကွင်းလယ်နှင့် ချိတ်ဆက်ရန် အဓိက တာဝန်ယူထားကြသော်လည်း ထိုပွဲတွင် အော်စကာမှာ ခံစစ်ပိုင်း တာဝန်ကို ပိုမိုယူခဲ့ရသည်ကို တွေ့နိုင်သည်..။ သူသည် ဘောလုံးနောက်ကို ဆက်တိုက်ဖိအားပေးပြီး အာဆင်နယ်ကွင်းလယ်မှ ကစားကွက် ဖန်တီးပေးသူ Pivot Man အာတီတာအား တိုက်စစ်တွင် လိုက်မပါလာအောင် ထောက်ထားနိုင်ခဲ့သည်..။ စာရှုသူများအနေဖြင့် တိုက်စစ်ပိုင်း စွမ်းဆောင်ရည်တွင် ကာဇိုလာကို မမှီသောကြောင့် စိတ်အနှောင့်အယှက် ဖြစ်သွားနိုင်သည်..။ သို့သော်လည်း အာတီတာအား ထိန်းချုပ်ပြီး ဘောလုံးဖြန့်ဝေမှုနှင့် တိုက်စစ်လမ်းကြောင်းစတင်မှုကို အနှောင့်အယှက်ပေးနိုင်ခဲ့သောကြောင့် အာဆင်နယ်အသင်း၏ တိုက်စစ်အရှိန်ကို လျော့ကျစေခဲ့သည်..။ ထို့ကြောင့် ဒီမက်တီယို၏ နည်းစနစ်ပိုင်း တာဝန်ပေးမှု မှန်ကန်ခဲ့သည်ဟု ဆိုနိုင်သည်..။
          ချယ်လ်ဆီးအသင်းမှ ဟက်ဇက်၊ မာတာနှင့် အော်စကာတို့မှာ တိုက်စစ်အားသန်သည့် ပုံစံတူကစားသမားများ ဖြစ်ကြသည်ဆိုသည်မှာ အပြည့်အ၀တော့ မမှန်ပေ..။ သူတို့အားလုံးသည် ဘောလုံးစွမ်းရည်နှင့် နည်းစနစ်ပိုင်း ထူးချွန်သူများ ဖြစ်ကြသည်..။ သို့သော် အော်စကာ တစ်ဦးတည်းသာ ဘောလုံးလမ်းကြောင်း ဖျက်တောက်ခြင်း၊ ဖိအားပေးခြင်း၊ ပိတ်ဆို့ခြင်း၊ အရယူခြင်းစသည့် ခံစစ်စွမ်းရည်များကို ပိုင်ဆိုင်ပေသည်..။ အော်စကာ၏အားသာချက်၊ စွမ်းရည်ကို ရှာဖွေနိုင်ပြီး ထိထိရောက်ရောက် အသုံးချနိုင်ခဲ့သည့် ဒီမက်တီယိုကိုတော့ ထပ်မံချီးကျူးရပေမည်..။
သွင်းဂိုးများနှင့် အာဆင်နယ်အသင်း၏ ချေပဂိုးကို လေ့လာခြင်း
        ချယ်လ်ဆီးအသင်းမှ သွင်းယူသွားခဲ့သော နှစ်ဂိုးလုံးမှာ ဗာမီးလန်၏ မလိုအပ်သော ကြမ်းကြမ်းတမ်းတမ်း ဖျက်ထုတ်မှုများမှ စတင်ခဲ့သည်..။ နောက်ဆက်တွဲ မာတာာ၏ အလွတ်တည်ကန်ဘောများမှာ ကိုလ်စီယန်နီ၏ ဖျက်ထုတ်ပုံ မသေသပ်မှုကြောင့် ချယ်လ်ဆီးအသင်းအတွက် အနိုင်ဂိုးများ ဖြစ်သွားသည်..။ သို့သော်ပွဲတိုင်းတွင် ဤလိုအခွင့်အရေးများ အမြဲတမ်း မရနိုင်ပေ..။

ပုံ (၃)

ပုံ (၄)
         ဒဏ်ရာရသွားသော ဒိုင်ယာဘီနေရာတွင် ချိန်ဘာလိန် ၀င်ရောက်လာခဲ့ပြီး အာဆင်နယ်အသင်း၏ ညာတောင်ပံ တိုက်စစ်မှာ ပိုမိုကောင်းမွန်လာသည်..။ ခံစစ်အကူအားနည်းသော ဟက်ဇက်ကြောင့် ဂျန်ကင်ဆန်၊ ချိန်ဘာလိန်၊ အာတီအာ၊ ရမ်ဆေးတို့၏ ဆက်တိုက်ဖိအားပေးခံရချိန်တွင် (ပုံ – ၃) ချေပဂိုးအတွက် အခွင့်အရေး ပေးလိုက်ရသည်..။
          ဘယ်တောင်ပံ ခံစစ်တွင် အက်ရှ်လေ ကိုးလ်အား ကူညီရန် ဟက်ဇက်တစ်ယောက်သာ ရှိနေသည်..။ သို့သော် ပေးလိုက်ရသော ဂိုး၏အဓိကအမှားမှာ အာတီတာမှ ချိန်ဘာလိန်အား ခင်းပေးလိုက်ချိန်တွင် ပုံ (၄) တွင် ပြထားသည့်အတိုင်း ဟက်ဇက်နှင့် ကိုးလ်တို့နှစ်ဦးလုံးမှာ လူမကပ်ပဲ နေရာယူ မှားယွင်းနေခြင်း ဖြစ်သည်..။ အဆိုပါ အနိမ့်ဘော ဖြတ်တင်မှုကို ဂျာဗင်ဟိုက ဂိုးအဖြစ်ပြောင်းနိုင်ခဲ့သည်..။
ဒုတိယပိုင်းနှင့် လူစားလဲမှုများ

(ပုံ- ၅း အာဆင်နယ်အသင်း၏ ဒုတိယပိုင်း တိုက်စစ်ဆင်ပုံ)
          (၅၃) မိနစ်တွင် ဦးဆောင်ဂိုး ရရှိခဲ့ပြီးနောက် ချယ်လ်ဆီးအသင်းမှာ ခံစစ်ကို ပိုမိုအားပြုခဲ့သည်..။ အာဆင်နယ်အသင်းမှာ ကီယွန် ဂစ်ဘ်၊ ဂျန်ကင်ဆန် .. တောင်ပံခံစစ်မှူးများပါ တိုက်စစ်ကို လိုက်ပါပြီး အင်ပြည့်အားပြည့် တောင်ပံနှစ်ဘက်လုံးမှ တိုက်စစ်ဆင်ခဲ့သည်..။ ဂျာဗင်ဟို၏ ကွက်ပျောက် ရွေ့လျားမှုများနှင့် နေရာလွတ် ဖန်တီးမှုများသည် ချယ်လ်ဆီးအသင်းကို ဒုက္ခပေးနိုင်ခဲ့သည်..။ ထို့ကြောင့် ပထမပိုင်းတွင် အာဆင်နယ်အသင်းမှာ ပင်နယ်တီ ဧရိယာအတွင်း ကန်သွင်းခွင့် (၂) ကြိမ်သာ ရခဲ့သော်လည်း ဒုတိယပိုင်းတွင် (၇) ကြိမ်အထိ ဖန်တီးနိုင်ခဲ့သည်..။ သေချာပေါက် နှစ်ဂိုးကို ကာကွယ်နိုင်ခဲ့သော ပီတာ ချက်ကို အသိအမှတ် ပြုရပေမည်..။
          ဒီမက်တီယိုမှာ (၇၃) မိနစ်တွင် မော့ဆက်စ်ကို အော်စကာနှင့် လူစားလဲမှု စတင်ခဲ့သည်..။ တစ်ကွင်းလုံး လိုက်ကစားခဲ့ရသော အော်စကာကို လူစားလဲရာတွင် အက်ရှ်လေ ကိုးလ်၏ ဘယ်တောင်ပံကို ကူညီပေးနိုင်ရန်အတွက် ဘတ်ထရန်ကို လဲသင့်သော်လည်း မော့ဆက်စ်ကို ၀င်ရောက်ကစားစေခဲ့သည်..။ ဒီမက်တီယိုမှာ နှစ်ဂိုးနှင့် မကျေနပ်သေးပဲ တတိယဂိုး ရယူလိုသည်ဟု မြင်မိသည်..။ သိုသော် တိုက်စစ်ပိုင်းမှာ ထင်သလောက် တက်မလာခဲ့ပေ..။ နောက်ထပ်လူစားလဲမှုများမှာတော့ ဒဏ်ရာရသွားသည့် လူးဝစ်ဇ်အစား ဂယ်ရီ ကာဟေးလ်၊ မာတာအစား ဘတ်ထရန် ၀င်ရောက်လာခဲ့ခြင်းတို့ပဲ ဖြစ်သည်..။
          အာဆင်နယ်အသင်း၏ လူစားလဲမှုများမှာ ပုံစံတူ ကစားသမားများ လဲလှယ်ခြင်း (Like to Like substitution) များသာ ဖြစ်သောကြောင့် စိတ်ဝင်စားဖွယ် မကောင်းလှပေ..။
ဖာနန်ဒို တောရက်စ်ကို လေ့လာကြည့်ခြင်း..

ပုံ (၆)း တောရက်စ်၏ လှုပ်ရှားမှုများ
ပုံ (၆)း တောရက်စ်၏ လှုပ်ရှားမှုများ
          အတက်အကျများလှသော ဖာနန်ဒို တောရက်စ်၏ ယခုပွဲ စွမ်းဆောင်ရည်မှာ ကောင်းမွန်သည်ဟု ဆိုနိုင်သည်..။ ဂိုးသွင်းနိုင်ခဲ့ရုံမက အပေးအယူ (၄၂) ကြိမ်အထိ ပြုလုပ်နိုင်ခဲ့သောကြောင့် ကစားပြီးခဲ့သမျှတွင် အများဆုံး ဖြစ်ခဲ့သည်..။ (ခြေစွမ်းပြခဲ့သော နယူးကာဆယ်နှင့်ပွဲတွင် ၃၇ ကြိမ် ပေးပို့နိုင်ခဲ့သည်..။) သူသည် ဒရော့ဘာကဲ့သို့ တိုက်စစ်မှူး မဟုတ်သော်လည်း ယခုပွဲတွင် အဝေးဘော၊ အမြင့်ဘောများ ထိန်းသိမ်းရာတွင်လည်း ကောင်းမွန်ခဲ့သည်..။
          ထို့အပြင် အာဆင်နယ်အသင်း ဘောလုံးရရှိချိန်တွင် တောက်လျှောက် ဖိအားပေး ကစား၊ ကြိုးစားခဲ့သည်..။ အထူးသဖြင့် မာတာနှင့် ပိုမိုတွဲလုံးများ ကောင်းမွန်လာသည်..။ ဒုတိယပိုင်းတွင် သူတို့နှစ်ဦးတွဲလုံးမှ မာတာအား ကန်သွင်းမှု တစ်ကြိမ် ဖန်တီးပေးနိုင်ခဲ့သည်..။ (အာဆင်နယ် နောက်တန်းမှ ပိတ်ဆို့သွားခဲ့သည်..။ သို့သော် ၀ုလ်ဖ်နှင့်ပွဲတွင်မူ အလားတူ တွဲလုံးမှ မာတာ ဂိုးသွင်းနိုင်ခဲ့သည်..။)
ကံကောင်းခဲ့သော ၉၂ မိနစ်..

ပုံ (၇)း မလိုအပ်ပဲ ဖိအားတက်ပေးနေသော မီခေးလ်နှင့် ရာမီးရက်စ်
          ပွဲပြီးခါနီးတွင် အာဆင်နယ်အသင်းမှ တရစပ် တိုက်စစ်ဆင်နေချိန် ချယ်လ်ဆီးအသင်းမှ ၄- ၄- ၁- ၁ ပုံစံပြောင်းလဲကာ ခံစစ်ဆင်နေသည်..။ အာဆင်နယ်ကွင်းဘက်အခြမ်းမှ ချိန်ဘာလိန် တိုက်စစ်ကို စတင်ချိန်တွင် ထူးခြားမှုမှာ တစ်ဘက်ကွင်းအထိ ဖိအားတက်ပေးနေသော မီခေးလ်ဖြစ်သည်..။ ချိန်ဘာလိန်မှ သူ့အားလွယ်လွယ်ကူကူ ကျော်ဖြတ်သွားချိန်တွင် ရာမီးရက်စ်မှာ ကာဇိုလာကို ဂရုစိုက်သင့်သော်လည်း ချိန်ဘာလိန်ထံသို့ ၀င်ရောက်ဖျက်ထုတ်ရန် ကြိုးစားခဲ့သည်..။ ချိန်ဘာလိန်မှ ဘောလုံးထုတ်ပေးလိုက်ပြီး ကာဇိုလာထံ ဘောလုံးရရှိချိန်တွင် ချယ်လ်ဆီးအသင်း ကွင်းလယ်ခံစစ်ဇုန်မှာကျော်ဖြတ်ခံခဲ့ရသည်..။

ပုံ (၈) Marking လွတ်သွားသော ဂျွန် တယ်ရီ
          ကာဇိုလာ+ ချိန်ဘာလိန် တွဲလုံး ဂိုးဧရိယာထိပ်သို့ ရောက်လာချိန်တွင် ဂျွန် တယ်ရီမှာ ဂျီရော့ကို ဂရုမစိုက်ပဲ ချိန်ဘာလိန်ထံ ဖျက်ထုတ်ရန် ကြိုးစားနေသည်ကို ပုံ (၈) တွင် တွေ့နိုင်သည်..။ နောက်တန်းလူများ နေရာယူ မှားယွင်းနေပြီး ကာဟေးလ်၊ အိုင်ဗန်နိုဗစ်တို့မှာ ဂျာဗင်ဟို၏ မျှားထုတ်သွားမှုကြောင့် (ပုံတွင်မပါ.) အသုံးမ၀င်သလို ဖြစ်သွားရသည်..။ Marking လွတ်သွားသော ဂျီရော့မှာ အဆုံးသတ်ရာတွင် ဂိုးပေါက်လွဲသွားသဖြင့် ချယ်လ်ဆီးအသင်း ကံကောင်းခဲ့သည်..။ (ဂျူဗင်တပ်စ်နှင့်ပွဲကို ပြန်လည်အမှတ်ရစရာ ဖြစ်စေခဲ့သည်..။)
သုံးသပ်ချက်
        ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့ပြီး ချယ်လ်ဆီးအသင်း ရလဒ်ကောင်းခဲ့သည်..။ အားသာချက်အနေဖြင့် အသင်း၏ ကွင်းလယ်တိုက်စစ်မှာ ဖန်တီးမှုနှင့် ဘောလုံးစွမ်းရည် ပြည့်သည့်အပြင် အရန်အင်အားလည်း ကောင်းမွန်သည်..။ နည်းပြဒီမက်တီယိုမှာ အာဆင်နယ်အသင်း၏ တည်ကန်ဘောများ ဖျက်ထုတ်ရာတွင် အားနည်းချက်ကို ကောင်းကောင်းအသုံးချပြီး အနိုင်ပွဲရအောင် ဖန်တီးနိုင်ခဲ့သည်..။ သို့သော် ကွင်းလယ်အဖျက်ဇုန်၊ ဘယ်တောင်ပံ ခံစစ်နှင့် ဗဟိုနောက်ခံလူများ၏ နေရာယူမှုများမှာ စိုးရိမ်စရာများ ဖြစ်နေဆဲပါ..။
References
1. Match Analysis Arsenal 1- 2 Chelsea; CareFree Chonic from www.weaintgotnohistory.com
2. Arsenal 1- 2 Chelsea: both sides vulnerable down their left; www.zonalmarking.com
3. Analysing Arsenal’s Equalizer at Emirates by Graham MacAree,
4. How Nearly Went Worng: Oliver Giroud’s big chance on Saturday by Graham MacAree

copy from http://mmchelseafc.com/main/analyzing_vs_arsenal

No comments:

Post a Comment