၂၀၁၂ ခုနှစ်၊ ဖော်ဖော်ဝါရီလ (၁၀)ရက်နေ့က လယ်ယာစိုက်ပျိုးရေးနှင့်
ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က “လယ်သမားတွေကို သူတို့စိုက်ပျိုးချင်တဲ့
ကြိုက်နှစ်သက်ရာ သီးနှံကို စိုက်ပျိုးခွင့်ပေးမယ်။ ဈေးကွက်စီးပွား ရေးစနစ်နဲ့ အညီလွတ်လပ်စွာ
စိုက်ပျိုးထုတ်လုပ် ရောင်းချခွင့်ပြုပြီး နိုင်ငံတကာဈေးကွက်ရရှိနိုင်ရေးအတွက် ကျွန်တော်တို့
အကူအညီ ပေးသွားဖို့ရှိပါတယ်။ လယ်သမားတွေဝင်ငွေ အရင်က ထက်တိုးအောင် ဆောင်ရွက်သွားမှာပါ”ဟု
ပြောဆိုခဲ့တဲ့ သည်ကိုအားလုံးမှတ်မိကြမည်ထင်ပါသည်။ မတ်လ (၃၀)ရက်နေ့တွင် မြေလွတ်၊ မြေလပ်နှင့်
မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေ(၁၀/၂၀၁၂)ကိုလည်းကောင်း၊ လယ်ယာမြေဥပဒေ (၁၁/၂၀၁၂)ကိုလည်းကောင်း
ပြဋ္ဌာန်းခဲ့ပေသည်။
ယနေ့မြန်မာနိုင်ငံတွင် အထက်ပါ လယ်ယာမြေဥပဒေကို
ပြဋ္ဌာန်းထားသော်လည်း လယ်သိမ်းမှုများမှာ တနေ့တခြားများ ပြားလာသည်ကိုတွေ့ရသည်။ လယ်ယာမြေဥပဒေအရ
လုပ်ပိုင်ခွင့်ရှိ၍ လုပ်သည်လားတော့မပြောတတ်ပါ။ သို့သော် ဥပဒေ ကိုတော့ ချိုးဖောက်နေကြသည်ကိုတွေ့ရသည်။
လတ်တလော လယ်ယာမြေသိမ်းပိုက်မှုများမှာ လယ်ယာမြေဥပဒေ အခန်း (၉)၊ ပုဒ်မ (၂၇)အရ ဗဟိုလယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့အမိန့်အရ
သိမ်းယူခြင်းဖြစ်သည်ဆိုလျှင်တော့ အခန်း(၁၃) ပုဒ်မ (၄၀)တွင် လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့ဝင်များ
သဘောရိုးဖြင့် ဆောင်ရွက်သည့်ကိစ္စတစ်ရပ်ရပ်အတွက် မည်သည့်တရား ရုံးတွင်မျှ တရားစွဲဆိုခွင့်ကျွန်ုပ်တို့ထံမရှိတော့ပါ။
အကြောင်းမူ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈) အခန်း(၁)
နိုင်ငံတော်၏ အခြေခံမူများ ပုဒ်မ(၃၇)(က)အရ နိုင်ငံတော်သည် နိုင်ငံတော်ရှိ မြေအားလုံး၊
မြေပေါ် မြေအောက်၊ ရေပေါ်ရေအောက်နှင့် လေထုအတွင်းရှိ သံယံဇတပစ္စည်းအားလုံး၏ ပင်ရင်းပိုင်ရှင်ဖြစ်သောကြောင့်ပင်ဖြစ်
သည်။
သို့သော် လယ်ယာသိမ်းပိုက်မှုဖြစ်စဉ်များကိုလေ့လာကြည့်ခြင်းဖြင့်
ဗဟိုအဖွဲ့၏ ခွင့်ပြုမိန့်အရသိမ်းပိုက်ခြင်းမဟုတ်ပဲ မြေ လွတ်၊ မြေလပ်မြေရိုင်းများမဟုတ်ပဲ
တောင်သူလယ်သမားများ၏ လယ်ယာမြေများကို သိမ်းပိုက်ခြင်းဖြစ်နေသည်။ ဒေသခ အာဏာပိုင်များ၊
စစ်တပ်နှင့် စီးပွားရေးသမားများပူးပေါင်း၍ လယ်ယမြေများကို သိမ်းပိုက်နေခြင်းဖြစ်ကြောင်း
တွေ့ရသည်။ ထိုသိမ်း ပိုက်ကျူးကျော်သူတို့တွင် လယ်ယာမြေဥပဒေ အခန်း (၁၀) ပုဒ်မ (၃၁)၊
အခန်း(၁၁) ပုဒ်မ(၃၂)အရ ဗဟိုလယ် ယာမြေ စီမံခန့်ခွဲရေးအဖွဲ့၏ သိမ်းပိုက်ခြင်းမျိုးကိုမတွေ့ရသည့်အပြင်
ပုဒ်မ(၂၆)အရ နှစ်နာသူအား လျှော်ကြေး ပေးဆောင် ခြင်း၊ အခြားနည်းဖြင့် စီမံဆောင်ရွက်ခြင်းတို့ကိုမတွေ့ရပေ။
လယ်ယာမြေသိမ်းပိုက်သူများသည် လယ်ယာမြေဥပဒေ
အခန်း(၁)၊ ပုဒ်မ (၃)(င)အရ အရည်အချင်းပြည့်သူများမဟုတ် ကြောင်းကိုလည်းတွေ့ရသည်။ ပြန်လည်ငှါန်းရမ်းရန်
(သို့မဟုတ်) ရောင်းစားရန် သိမ်းပိုက်ခြင်းမျိုးဖြစ်နေသည်။ အခန်း(၄) လယ်ယာမြေလုပ်ကိုင်ဆောင်ရွက်သူများ
လိုက်နာရမည့်စည်းကမ်းများကို ပြဋ္ဌာန်းထားရာ တွင် အထူးသဖြင့် ပုဒ်မ (၁၂) (စ၊ ဆ၊ ဇ)တွင်
သက်ဆိုင်ရာ သက်ဆိုင်ရာ လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့က တရားဝင်ချ ထားခြင်းမပြုပဲ ကျူးကျော်
လုပ် ကိုင်သူ၊ ခွင့်ပြုမိန့်မရပဲ အခြားနည်းဖြင့် သုံးစွဲခွင့်မပြုရန်နှင့် မူလစိုက်ပျိုးလျှက်
ရှိသော သီးနှံ အမျိုးအစားမှ အခြားသီးနှံ အမျိုးအစားသို့ ခွင့်ပြုမိန့်မရပဲ ပြောင်းလှဲစိုက်ပျိုးခြင်းမပြုရန်
သတ်မှတ်ချက်ကို ချိုးဖောက်နေသူများဖြစ်ပေသည်။ ပုဒ်မ (၃၃)ကိုလည်းမလိုက်နာပဲ ကျွဲနွားစားကျက်မြေပါမကျန်
သိမ်းပိုက်ထားကြောင်းလည်းတွေ့ရသည်။ မူလပိုင်ရှင်၏ သဘော တူညီမှု ခွင့်ပြုချက်မရယူပဲ ကျူးကျော်သိမ်းပိုက်ထားကြထားကြသော်လည်း
ပုဒ်မ (၃၀)အရ သိမ်းပိုက်ထားသော လယ်ယာ မြေများကိုလည်း (၆)လကျော်ပြီဖြစ်သော်လည်း အသုံးပြုသည်
ကို မတွေ့ရ။
ထိုသို့ ပြစ်မှုကျူး လွန်နေကြခြင်းကို နိုင်ငံတော်အစိုးရအာဏာပိုင်အဆင့်ဆင့်သို့
တိုင်ကြားထားသော်လည်းယနေ့ တိုင်ထား သော်လည်း တရားဥပဒေအရ ယနေ့တိုင် ဖြေရှင်းပေးခြင်းကိုမတွေ့ရပေ။
အဘယ်ကြောင်းနည်း။
သုံးသပ်ချက်အရ မြန်မာနိုင်ငံတွင် အစိုးရတို့က
၎င်းတို့ ပြဋ္ဌာန်းသော ဥပဒေများကို ၎င်းတို့ကိုယ်တိုင် ချိုးဖောက်နေ ကြသည်။ ဥပဒေအထက်တွင် အစိုးရကရှိနေသည်။
အစိုးရ အာဏာပိုင်အဆင့်ဆင့် ခြစား၊ လာဘ်စားမှုများ ရှိနေခြင်း ကြောင့်လည်းဖြစ်သည်။ ထိုပြဿနာများကိုဖြေရှင်းပေးရန်
တရား ရုံးတွင်လည်း တရားရုံး၏အာဏာမရှိပေ။ တရားရုံးတို့၏ စီရင်ပိုင်ခွင့်အာဏာမှာ လယ်ယာမြေဥပဒေ
လယ်ယာမြေလုပ်ပိုင် ခွင့်ရှိသော တောင်သူလယ်သမားသည် လယ်ယာ မြေဥပဒေ ပုဒ်မ(၁၂)အရ ပြဋ္ဌာန်းထားသော
စည်းကမ်းချက်များကို မလိုက်နာသဖြင့် ပုဒ်မ (၁၉) အရ ချမှတ်ထားသော အမိန့်ကိုမနာခံလျှင်
လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့ အာဏာပိုင်တို့က တရားစွဲလာပါလျှင် လယ်ယာမြေဥပဒေ အခန်း(၇)
ပုဒ်မ (၂၀) အရ ပြစ်ဒဏ်ချမှတ်ပေးရန် တာဝန်သာရှိနေပေသည်။ လယ်ယာမြေအငြင်းပွားမှုနှင့်ပတ်သက်၍
စီရင်ပိုင်ခွင့်ရှိ သူမှာ လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့ အဆင့်ဆင့်ပြုလုပ်ထားသည့် အတွက်
ခြစားလာဘ်စားမှုများဖြစ်လာရုံ မျှမက တရား ဥပဒေစိုးမိုးရေးကိုထိခိုက်စေနိုင်ပေသည်။ ပြည်ထောင်စု
သမ္မတမြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈) အခန်း (၁) နိုင်ငံတော်၏ အခြေခံမူများ
ပုဒ်မ (၂၃)(၂၉)မူ အရ လယ်ယာမြေဥပဒေ အခန်း(၃)၊ ပုဒ်မ(၉) တို့တွင် မည်သို့ပင်ဆိုစေကာမူ
တောင်သူလယ်သမားတို့၏ အခွင့်အရေးမှာ ဆုံးရှုံးသွားနိုင်ကြောင်းတွေ့ရသည်။
မည်သို့ပင်ဖြစ်စေ တောင်သူလယ်သမားများအနေဖြင့်
လယ်ယာမြေဥပဒေ(၂၀၁၂)နှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ(၂၀၁၂)များကို
လေ့လာအသုံးပြုခြင်းဖြင့် မိမိတို့အခွင့်အရေးများကို ကာကွယ်နိုင်သည်။ တရားရုံးတွင် စီ
ရင်ပိုင်ခွင့်အာဏာမရှိသော်လည်း စီရင်ပိုင်ခွင့်အာဏာပေးထားသည့် ရပ်ကွက်ကျေးရွာအဆင့်မှ
ဗဟိုအဆင့်အထိ လယ် ယာမြေစီမံခန့်ခွဲ ရေးအဖွဲ့များ၏ အာဏာအတွင်း အရေးယူဆောင်ရွက်နိုင်ပေသည်။
တရားမျှတမှုကိုလိုချင်လျှင် တရား ဥပဒေကိုတော့ လေ့လာရမည်။ ထိုဥပဒေမှပေးထားသော မိမိတို့အခွင့်အရေးကို
သိရမည်ဖြစ်သည်။ တရားဥပဒေကို ယုံ ကြည်ရမည်ဖြစ်သကဲ့သို့ တရားဥပဒေကဆိုသည့်အတိုင်း၊ ဥပဒေကပေးသည့်
အခွင့်အရေးကို အမိအရ အသုံးချတတ်ရန် လိုသည်။ မိမိတို့အတွက် ပြဋ္ဌာန်းထားသည့် ဥပဒေကို မလေ့လာပါက၊
နည်းမလည် ပါက၊ မသိပါက အခွင့်အရေးချိုး ဖောက်ခံရမည်သာဖြစ်သည်။ ဥပဒေကို နားလည်သောသူအား
မည်သည့်အာဏာပိုင်မျှ အားမတင်ဝံ့ ဆိုသည်ကို နားလည် ထားရန်လည်း လိုအပ်ပေသည်။ ထိုသို့ဆိုလျှင်
ဒေသခံအာဏာပိုင်များကသော်လည်းကောင်း၊ လယ်ယာမြေစီမံခန့်ခွဲရေး အဖွဲ့အဆင့်ဆင့်ကသော်လည်းကောင်း
ဥပဒေမဲ့ လုပ်ချင်တိုင်းလုပ်၍ ရနိုင်မည်မဟုတ်ပါ။ အခွင့်အရေးချိုးဖောက်မှုများကို လည်း
လျှစ်လျှူရှု၍ရနိုင်တော့မည် မဟုတ်ပါ။
အကြံပြုတင်ပြချက်
၁။
လယ်ယာမြေဥပဒေ (၂၀၁၂)အား အိမ်တိုင်းတွင်ဆောင်ပါ။
လယ်ယာမြေဥပဒေ (၂၀၁၂)နှင့် မြေလွတ်၊ မြေလပ်နှင့်
မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ (၂၀၁၂)ကို တောင်သူလယ်သမား မိသားစုအိမ်တိုင်း အိမ်တိုင်းတွင်
တစ်အုပ်စီ ဆောင်ထားသင့်သည်။ ထိုဥပဒေ ပါအခွင့် အရေးများကို တောင်သူလယ် သမား တိုင်းနား
လည် အောင်လေ့လာထားရမည်။ ဥပဒေထဲတွင် ပေးထားသည့်မိမိတို့၏ အခွင့် အရေးများကို သိရှိအောင်
လုပ်ဆောင်ရမည်။ ထိုဥပဒေကိုလည်း လေးစားလိုက်နာသကဲ့သို့ ထိုဥပဒေအရ အာဏာပိုင်များ အခွင့်အရေးချိုးဖောက်
မှုများကို အောက်ပါ အတိုင်းကာကွယ်နိုင်ပေသည်။
၂။
လယ်ယာမြေသိမ်းပိုက်လာပါက လုပ်ဆောင်ရမည့် ဥပဒေကပေးသည့် အခွင့်အရေး
လယ်ယာမြေဥပဒေ (၂၀၁၂)တွင် လယ်ယာမြေလုပ်ကိုင်ဆောင်ရွက်ခွင့်ရှိသည့်
တောင်သူလယ်မသမားတို့၏ အခွင့်အရေး များ၊ လိုက်နာစောင့်ထိန်းရမည့်တာဝန်များ၊ စည်းမျဉ်းစည်းကမ်းများနှင့်
တားမြစ်ချက်များကို တိတိကျကျ ပြဋ္ဌာန်းထားပေ သည်။ လယ်ယာမြေသိမ်းပိုက်မှုခံရပါက ထိုအခွင့်အရေးများကို
အသုံးချ၍ ကာကွယ်နိုင်ပေသည်။ ထိုနည်းတူ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ
(၂၀၁၂)တွင်လည်း မူလလယ်ယာမြေလုပ်ပိုင်ခွင့်ရှိသူထံမှ လယ်ယာမြေများကို မတရားလယ်ယာမြေသိမ်းပိုက်မှုကို
ခွင့်မပြုထားပေ။ ထို့ကြောင့် အထက်ပါဥပဒေနှစ်ခုလုံးမှ ပေးထားသော အခွင့်အရေး များကိုအသုံးပြု၍
မိမိတို့အခွင့်အရေးချိုးဖောက်ခံရမှုများကို အောက်ပါအတိုင်း ကာကွယ်နိုင်ပေသည်။
(က) ဘယ်သူတွေလဲ
မိမိတို့လယ်ယာမြေအား
လာရောက်သိမ်းဆည်းသူများသည် မည်သူများဖြစ်သည်ကို သိအောင်မေး ရပါ မည်။ ထိုသူတို့သည် စီးပွားရေးသမားဆိုပါက
ဘယ်သူလဲ၊ ကုမ္ပဏီဆိုပါက ဘယ်ကုမ္ပဏီဖြစ်သည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အတွက်ဖြစ်ပါက
မည်သည့်နိုင်ငံ၊ မည်သည့်ကုမ္ပဏီဖြစ်သည်၊ မည်သည့်အလုပ်ကိုလုပ်မည်၊ စစ်တပ်ဆိုပါက ဘယ်တပ်
ရင်းကဖြစ်သည်ကို အကြမ်းဖျင်းသိအောင်မေးရပါမည်။ ထို့နောက် လယ်ယာမြေသိမ်းပိုက်ကြောင်း
လာရောက် အကြောင်း ကြားသူများထဲတွင် ရပ်ကွက်ကျေးရွာလူကြီးများ၊ သက်ဆိုင်ရာ အသိသက်သေများပါ/မပါကိုလည်း
သတိထားရမည်ဖြစ် သည်။ ထိုအခွင့်အရေးသည် ဥပဒေအရ မိမိတို့တွင်ရှိသည့် အခွင့်အရေးပင် ဖြစ်ပေသည်။
(ခ ) ကြိုတင်အကြောင်းကြားထားမှုရှိသလား
လယ်ယာမြေသိမ်းပိုက်ကြောင်းကိစ္စနှင့်ပတ်သက်ပြီး
မိမိတို့ထံ ကြိုတင်အမိန့်ထုတ်ပြန်ချက် ရှိ/မရှိကို သိရပါမည်။ မရှိပါက မရှိကြောင်းပြောဆိုရပေမည်ဖြစ်သည်။
ရှိပါက သက်ဆိုင်ရာ လယ်ယာမြေ စီမံခန့်ခွဲမှုရုံးသို့ သွား ရောက်စုံစမ်း၍ မိမိတို့သိချင်သည့်
အကြောင်းအရာများကို အကြံပြုချက်ပါ တင်ပြချက်များအတိုင်း မေးမြန်းစုံစမ်း ခြင်းပြုရ
ပါမည်။ ထို့နောက် မိမိနှင့် ဘ၀တူများကိုစုစည်းပြီး လယ်ယာမြေသိမ်းပိုက်ခြင်းကြောင့်
မိမိတို့ ကြုံတွေ့နေရသည့် အခက်အ ခဲများနှင့် သဘောဆန္ဒများကို တင်ပြကြရမည်ဖြစ်သည်။
(ဂ ) ခွင့်ပြုမိန့်ပါလား
မည်သည့်အကြောင်းပြချက်ဖြင့်ဖြစ်စေ
လယ်ယာမြေများကို သိမ်းပိုက်ခံရပါက မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး(၂၀၁၂)၊
အခန်း (၃)၊ ပုဒ်မ(၅)နှင့် ညီ/မညီ၊ ပုဒ်မ (၄)အရ မြေလွတ်၊ မြေလပ်၊ မြေရိုင်း များဖြစ်မဖြစ်၊
ခွင့်ပြုထားသည့် လုပ်ငန်းကိုလုပ်/မလုပ်၊ ခွင့်ပြုမိန့်တွင် သက်ဆိုင်ရာ တိုင်းဒေသကြီး
(သို့မဟုတ်) ပြည်နယ် အစိုးရ၏ သဘောထားမှတ်ချက် ရှိ/မရှိ၊ ပါ/မပါ၊ နောက်ဆုံး ဗဟိုလယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့၏
ခွင့်ပြုချက်ကို တောင်းခံ ကြည့်ရှုနိုင်ပေသည်။ နိုင်ငံခြားရင်း နှီးမြုပ်နှံမှုအတွက်ဖြစ်ပါက
ပုဒ်မ(၇)အရ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ပါ /မပါကို တောင်းဆိုကြည့်ရှုရမည်
ဖြစ်သည်။ ထိုသဘော ထားမှတ်ချက်များ မပြနိုင်/မပါရှိပါက ငြင်းဆိုရမည်ဖြစ်သည်။ သက်ဆိုင်ရာလယ်ယာ
မြေစီမံခန့်ခွဲ ရေးအဖွဲ့သို့တိုင်းကြားရမည်ဖြစ်သည်။ ထို့အပြင် ခွင့်ပြုမိန့်တွင် လယ်ယာမြေဥပဒေ
(၂၀၁၂)၊ အခန်း(၄)၊ ပုဒ်မ(၁၀)အရ သက်ဆိုင်ရာ လုပ်ငန်းအလိုက် လျှောက်ထားချက်အရ ပိုသည့်
ဧကဖြစ်နေ/မဖြစ်နေကို နှိုင်းယှဉ်ကြည့်ရှုရမည်ဖြစ်သည်။ ပိုနေပါက သက်ဆိုင်ရာ လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့သို့တိုင်းကြားနိုင်သည်။
မိမိသည် လယ်ယာမြေပိုင်ဆိုင်ခွင့်ရှိသူဖြစ်ပါက
လယ်ယာမြေဥပဒေ (၂၀၁၂)၊ အခန်း(၃)၊ ပုဒ်မ(၉)(ဃ)အရလည်းကောင်း၊ (က၊ ခ၊ ဂ)အရလည်းကောင်း မိမိတွင်ရှိသော
အခွင့်အရေးများကို ခုခံချေပပြောဆိုင်နိုင်သည်။ လယ်ယာမြေဥပဒေ၊ အခန်း (၄)၊ ပုဒ်မ(၁၂)(စ၊
ဆ၊ ဇ)အရလည်းကောင်း မိမိလိုက်နာရသည့် စည်းကမ်းများဖြင့်ချေပပြောဆိုနိုင်သည်။
ထိုနည်းတူ လယ်ယာမြေသိမ်းပိုက်သူတို့လုပ်သည့်
အလုပ်သည် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး(၂၀၁၂)၊ အခန်း(၄)၊ ပုဒ်မ(၁၂)အရ
လုပ်နိုင်စွမ်းရှိ/မရှိ၊ ရှိပါက မိမိတို့ဘာသာ ပြုလုပ်ရန် သဘောထားပေးရမည်။ သက်ဆိုင်ရာ
လုပ် ထုံးလုပ်နည်းအရ လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့သို့ လျှောက်လွှာတင်သွင်းနိုင်သည့်အခွင့်အရေး
မိမိတို့တွင်ရှိသည်။
မှတ်ချက်။ ။ မည်သည့်အကြောင်းကြောင့် လယ်ယာမြေကိုသိမ်းသည်ဖြစ်စေ၊ လယ်ယာမြေဥပဒေ
(၂၀၁၂)သည် လည်းကောင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး(၂၀၁၂)တွင်လည်းကောင်း
မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ ကိုသာ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများအတွက်
အသုံးပြုခွင့်ပေးသည်ကို မမေ့ပါနှင့်။ လက်ရှိလယ်မြေသည် မြေလွတ်၊ မြေလပ်၊ မြေရိုင်းမဟုတ်
ကြောင်း ထောက်ပြပြောဆို ချေပနိုင်ပေသည်။ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး
(၂၀၁၂)၊ အခန်း(၁)၊ ပုဒ်မ(၂)(င၊ စ) အဓိပ္ပါယ်ဖွင့်ဆိုချက်တွင် ကြည့်ပါ။ ဤအချက် တစ်ခုတည်းနှင့်ပင်
လယ်ယာမြေသိမ်း ပိုက်မှုကို ချေပပြောဆို၊ ကာကွယ်နိုင်သည်။
(ဃ) ဘာကြောင့်သိမ်းတာလဲ၊ ဘာလုပ်မှာလဲ။
မိမိတို့အသုံးပြုနေသော
လယ်ယာမြေကိုသိမ်းပိုက်၍ မည်သည့်လုပ်ငန်းကို လုပ်ကိုင်မည်ကို ၎င်းတို့၏ လျှောက်ထားချက်၊
ခွင့်ပြုချက်များကို တောင်းဆို၍ ကြည့်ရှုလေ့လာရမည်ဖြစ်သည်။ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ
စီမံ ခန့်ခွဲရေး(၂၀၁၂)၊ အခန်း (၃)၊ ပုဒ်မ(၄)နှင့်ညီ/မညီကြည့်ရမည်ဖြစ်သည်။ အခန်း(၁)၊
ပုဒ်မ(၂)(ဈ၊ ည၊ ဋ္ဋ၊ ဌ) အဓိပ္ပါယ်ဖွင့် ဆိုချက်တွင် ကြည့်ပါ။ ထို့အပြင် လယ်ယာမြေဥပဒေ(၂၀၁၂)၊
အခန်း(၂)၊ ပုဒ်မ(၇)နှင့်ညီ/မညီ စစ်ဆေးနိုင်သည်။
(င ) ဘာအခွင့်အရေးရှိလဲ
မြေလွတ်၊
မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး(၂၀၁၂)၊ အခန်း(၈) ပုဒ်မ(၂၅) (ခ၊ ဂ)ပါ မြေယာသိမ်းပိုက်မှုမျိုး
ဖြစ်ပါက မိမိတို့၏ အခွင့်အရေးမည် မျှရှိသည်ကို မေးမြန်းရမည်ဖြစ်သည်။ မိမိတို့၏ရသင့်ရထိုက်သော
အခွင့်အရေးများကို တင်ပြတောင်းဆိုနိုင်သည်။ မိမိတို့၏ သဘောထားများကို ပြောဆိုဆွေးနွေးရမည်ဖြစ်သည်။
အောက်ပါအတိုင်း တင်ပြ တောင်းဆိုနိုင်ပေသည်။ မည်သို့သိမ်းဆည်းခံရသည်ဖြစ်စေ အောက်ပါအခွင့်အရေးများ
ရှိပေသည်။
၁) အကျိုးတူခံစားခွင့်ကို
တောင်းဆိုခြင်း
လယ်ယာမြေဥပဒေ (၂၀၁၂)၊ အခန်း(၃)၊
ပုဒ်မ (၉)(င၊ စ)အရ အကျိုးတူပူးပေါင်းဆောင်ရွက် ခွင့်၊ လုပ်ပိုင်ခွင့်၊ အကျိုးခံစားခွင့်ကိုတောင်းဆိုနိုင်သည့်
အခွင့်အရေးကို ပေးထားသည့်အတွက် ၎င်းတို့နှင့် အကျိုးတူ လုပ် ခွင့်နှင့် အကျိုးခံစားခွင့်ကိုတောင်းဆိုနိုင်သည်။
သို့မဟုတ် အောက်ပါအတိုင်း အခွင့်အရေးကို တောင်းဆိုနိုင်သည်။
၂)
လျှော်ကြေး/ အခြားနည်းဖြင့် စီမံခွင့်တောင်းခြင်း
ဥပဒေနှင့်အညီ သိမ်းဆည်းခြင်းခံရပါသော်လည်း
လယ်ယာမြေဥပဒေ (၂၀၁၂)၊ အခန်း(၉)၊ ပုဒ်မ (၂၆၊ ၂၇)တွင် ဗဟိုလယ် ယာမြေစီမံခန့်ခွဲမှုအဖွဲ့က
သိမ်းယူသည့်အခြေအနေမှအပ ကျန်အခြေအနေအားလုံးတွင် လယ်ယာမြေများသိမ်းယူပါက နှစ်နာမှုလုံးဝမရှိစေရန်
လျှော်ကြေးပေးခြင်းနှင့် အခြားနည်းလမ်းဖြင့် စီမံဆောင်ရွက်ခြင်း (လယ်ယာမြေကိုအစားထိုးပေးရန်)တို့ကို
သက်ဆိုင်ရာက ပြုလုပ်ပေးရမည်ဟု ပြဋ္ဌာန်းထားပေသည်။ လျှော်ကြေးငွေပေး လျှင် (သို့မဟုတ်)
အစားထိုးပေးလျှင် လယ်ယာမြေဥပဒေ အခန်း(၆)၊ ပုဒ်မ(၁၈)နှင့်အညီ လုပ်ဆောင်နိုင်သည့် အခွင့်အ
ရေးရှိပေသည်။ ထို့အတူ လယ်ယာမြေဥပဒေ (၂၀၁၂)၊ အခန်း(၁၁)၊ ပုဒ်မ (၃၂)အရ စီမံကိန်းပြီးစီးပါက
မိမိထံ ပြန်လည် ပေးအပ်ရန် တောင်းဆိုနိုင်သည့် အခွင့်အရေးရှိပေသည်။ လယ်ယာမြေဥပဒေ အခန်း(၆)၊
ပုဒ်မ(၁၈)နှင့်အညီ သဘောတူ စာချုပ်များချုပ်ဆိုရန် လုံးဝမမေ့ပါနှင့်။
(ဆ ) မှတ်တမ်းတင်သိမ်းဆည်းခြင်း
လယ်ယာမြေလာရောက်သိမ်းပိုက်သူများ၏ အမည်၊
မှတ်ပုံတင်နံပါတ်၊ အလုပ်အကိုင်၊ ကုမ္ပဏီဖြစ်ပါက ကုမ္ပဏီအမည်၊ လုပ်ငန်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြစ်ပါက
မည်သည်နိုင်ငံ၊ ကုမ္ပဏီစသည်ဖြင့် မှတ်တမ်းတင်ထားရန်လို သည်။ ထိုသူတို့၏ လယ်ယာမြေ လုပ်ပိုင်ခွင့်
လျှောက်ထားချက်၊ တင်ပြထားသည့်လယ်ယာမြေဓါတ်ပုံမှတ်တမ်း၊ လယ်ယာ မြေစီမံခန့်ခွဲရေးအဖွဲ့မှ
ခွင့်ပြုချက်မိတ္တူများ (သို့မဟုတ်) စစ်တပ် (သို့မဟုတ်) ဒေသအာဏာပိုင်တို့၏ အမိန့်နှင့်
စာရွက်စာ တန်းများ၊ ခြိမ်းခြောက်မှု၊ အဓမ္မပြုမှုစသည်တို့ကို မှတ် တမ်းတင်သိမ်းဆည်းထား
ရန်လိုသည်။ သို့မှသာ မိမိတို့အခွင့်အရေး မည်သို့မည်ပုံချိုးဖောက်ခံနေရသည်ကို သက်ဆိုင်ရာ
တိုင်ကြားနိုင်မည်ဖြစ်သည်။ အများပြည်သူသိစေရန် သတင်းမီဒီယာ များမှတဆင့် တင်ပြနိုင်မည်ဖြစ်သည်။
၃။
ခြိမ်းခြောက်မှုကို ကာကွယ်ခြင်း (သို့မဟုတ်) ခုခံချေပပြောဆိုခြင်း
လယ်ယာမြေသိမ်းဆည်းခံရရာတွင် ခြိမ်းခြောက်မှုများကို
ခံရနိုင်ပါသည်။ ထိုသို့ချိန်းခြောက်မှုများကို မိမိတို့အနေဖြင့် ဥပဒေ အရ ချေပပြောဆိုနိုင်ရန်လိုအပ်ပေသည်။
ထို့သို့ ဥပဒေအရ ချေပပြောဆိုခြင်းဖြင့် မိမိတို့၏ အခွင့်အရေးချိုးဖောက်မှုများကို ကာကွယ်နိုင်ပေသည်။
အထက်ဖော်ပြပါ အကြံပြုချက်များသည် ချေပပြောဆိုရာတွင် အသုံးပြုနိုင်သည့် ဥပဒေဆိုင်ရာ
အခွင့်အရေးများဖြစ်ပေသည်။
၎။
တိုင်ကြားခြင်း/အရေးယူဆောင်ရွက်ခြင်း
လယ်ယာမြေလုပ်ပိုင်ခွင့်ရှိသူထံမှ
လယ်ယာမြေများကို ဥပဒေနှင့်အညီ မည်သို့ပင်သိမ်းစေကာမူ သိမ်းဆည်းခံ လိုက်ရသည့် တောင်သူလယ်သမားအနေဖြင့်
မိမိ၏ အခွင့်အရေးချိုးဖောက်ခံရမှုအတွက် သက်ဆိုင်ရာသို့ တိုင်းကြားနိုင် သည်။ အရေးယူပေးရန်လျှောက်ထားနိုင်ပေသည်။
(က) တိုင်ကြားရမည့် သက်ဆိုင်ရာ အဆင့်ဆင့်များ
၁)
သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့သို့ တိုင်ကြားရမည်။ ၎င်း၏ ချမှတ်
သော ဆုံးဖြတ်ချက်ကို မကျေနပ်လျှင် ရက်ပေါင်း (၃၀)အတွင်း အောက်ပါ အဆင့်ဆင့်သို့ အယူခံတင်သွင်းနိုင်သည်။
(လယ်ယာမြေဥပဒေ အခန်း(၈)၊ ပုဒ်မ - ၂၂၊ ၂၃)
၂)
သက်ဆိုင်ရာ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့ ၏ ချမှတ်သော ဆုံးဖြတ်ချက်ကို မကျေနပ်လျှင်
ရက်ပေါင်း (၃၀)အတွင်း အောက်ပါ အဆင့်သို့ အယူခံတင်သွင်းနိုင်သည်။(လယ်ယာမြေဥပဒေ အခန်း(၈)၊
ပုဒ်မ - ၂၄)
၃)
သက်ဆိုင်ရာ ခရိုင် လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့ ၏ ချမှတ်သော ဆုံးဖြတ်ချက်ကို မကျေနပ်လျှင်
ရက်ပေါင်း (၆၀)အတွင်း အောက်ပါ အဆင့်သို့ အယူခံတင်သွင်းနိုင်သည်။ လယ်ယာမြေဥပဒေ အခန်း(၈)၊
ပုဒ်မ - ၂၅(က)
၎)
သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့၏ ဆုံးဖြတ်ချက်
သည် အပြီးအပြတ်ဖြစ်သည်။ လယ်ယာမြေဥပဒေ အခန်း(၈)၊ ပုဒ်မ - ၂၅(ဂ)
၅)
နိုင်ငံတော်သမ္မတ (အသိပေးရန်၊ သိစေရန်၊ ထိန်းညှိပေးနိုင်ရန်) (မြေလွတ်၊ မြေလပ်နှင့်
မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ အခန်း(၂)၊ ပုဒ်မ(၃)အရတာဝန်ရှိနေသည်)
၆)
ဗဟိုတရားရုံး (ပြန်လည်စစ်ဆေးနိုင်ရန်) ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၈)၊ ပုဒ်မ(၃၇၈)အရ
အခွင့် အရေးရှိသည်။)
၇)
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန (မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ
စီမံခန့်ခွဲရေး ဥပဒေ အခန်း(၂)၊ ပုဒ်မ(၃)အရတာဝန်ရှိပေသည်)
၈)
ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန(မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး
ဥပဒေ အခန်း(၂)၊ ပုဒ်မ(၃)အရတာဝန်ရှိပေသည်)
(ခ ) ဘယ်နေ့၊ ဘယ်နေရာ၊ ဘယ်အချိန်၊ ဘယ်သူက၊ ဘာကြောင့်၊ ဘယ်လိုသိမ်း
လယ်ယာမြေသိမ်းပိုက်ကြောင်း လာရောက်ပြောဆိုအသိပေးသည့်နေ့ရက်၊
အချိန်နှင့် ဘယ်သူက၊ ဘောကြောင့်၊ ဘယ်လိုပြောဆို/ဘယ်လိုအမိန့်စာပြ၍ ပြောဆိုသည်။ အကြံပြုချက်
၂။ (က)တွင် ပြန်ကြည့်ပါ။
(ဂ ) ဥပဒေ၏ ဘယ်ပုဒ်မကို ချိုးဖောက်နေ
လယ်ယာမြေသိမ်းပိုက်ခြင်းပြုရာတွင်
အကြံပြုချက်(ခ)အရ အချက်အလက်များကို တောင်းယူ ကြည့် ရှုရာတွင် လည်းကောင်း၊ လယ်ယာမြေဥပဒေ/
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေပါ ပြဋ္ဌာန်းချက် များကို ချိုးဖောက်နေလျှင်လည်းကောင်း
၎င်းတို့အနေဖြင့် ဘယ်ဥပဒေမှ ဘယ်ပုဒ်မကိုချိုးဖောက်နေကြောင်း၊ မိမိတို့အခွင့် အရေးများဖြစ်သည့်
ဘယ်ဥပဒေ၊ ဘယ်ပုဒ်မကို ချိုးဖောက်နေကြောင်း တင်ပြရန်အရေးကြီးသည်။ အကြံပြုချက် ၂။ (ဂ၊
ဃ၊ င)တွင် ပြန်ကြည့်ပါ။
(ဃ) အထွေထွေ
လယ်ယာမြေလုပ်ပိုင်ခွင့်ရှိသည့်
တောင်သူလယ်သမားများသည်
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး
ဥပဒေ(၁၀/၂၀၁၂)ကိုလည်းကောင်း၊
လယ်ယာမြေဥပဒေ (၁၁/၂၀၁၂)ကိုလည်းကောင်း ထိုဥပဒေများပါ မိမိတို့၏
အခွင့်အရေးများ၊
လယ်ယာမြေသိမ်းပိုက်ရာတွင်မည်သို့သိမ်းပိုက်ခွင့်ရှိသည်ဆိုသည့်
ပြဋ္ဌာန်းဥပဒေနှင့် နည်းဥပဒေ များကို အသေးစိတ်လေ့လာ
သိရှိနားလည်ထားရန်လိုအပ်ပေသည်။ ထိုနည်းတူ
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ၊ အထူးစီးပွား ရေးဇုံဥပဒေစသည့်
သက်ဆိုင်ရာ ဥပဒေများကို
နားလည်ရန် လေ့လာထားသင့်သည်ဟု အကြံပြုလိုပါသည်။ ထိုသို့လေ့ လာရာတွင်
သက်ဆိုင်ရာ ဥပဒေများကိုကျွမ်းကျင်သည့်
ဥပဒေပညာရှင်များ၊ အတွေ့အကြုံရှိသူများထံချဉ်းကပ်၍ သင်တန်း
များပို့ချပေးရန်တောင်ဆိုခြင်း၊
ဆွေးနွေးပွဲ၊ ဟောပြောပွဲများ၊ လက်ကမ်းစာစောင်များ၊ အိတ်စောင်စာအုပ်များ
ပြုလုပ်ဖြန့်
ဝေခြင်းစသည့်ပညာပေးလုပ်ငန်းစဉ်များကို လုပ်ဆောင်ကြရန်လိုအပ်ပေသည်။ သို့မှသာ
မိမိတို့၏
အခွင့်အရေးချိုးဖောက် မှုများကို ဥပဒေကြောင်းအရ ကာကွယ်နိုင်မည်။
ဥပဒေကပေးထားသည့် အခွင့်အရေးအတိုင်း
မိမိတို့၏ အခွင့်အရေးများကို တောင်းဆိုနိုင်မည်။ တရားမျှတမှုနှင့်
တရားဥပဒေစိုးမိုးရေးကို
အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ပေသည်။
နောက်ဆက်တွဲ
၁) မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ
(၁၀/၂၀၁၂)
၂) လယ်ယာမြေဥပဒေ (၁၁/၂၀၁၂)
မှတ်စုတို
၁။ မြေလွတ်၊ မြေလပ်နှင့်
မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ (၂၀၁၂)
မြေလွတ်/လပ်/ရိုင်းများ စီမံခန့်ခွဲရေးဥပဒေ
အခန်း(၁) ပုဒ်မ(၂)(င)တွင် မြေလွတ်၊ မြေလပ်ဆိုသည်မှာ အကြောင်းအမျိုး မျိုးကြောင့် စိုက်ပျိုးရေး၊
မွေးမြူရေးလုပ်ငန်းများ မလုပ်နိုင်တော့သည့်မြေနှင့် နိုင်ငံတော်က သီးသန့်လျှာ ထားသတ်မှတ်
သည့်မြေကိုဆိုလိုကြောင်း၊ ပုဒ်မ(၂)(စ)တွင် မြေရိုင်းဆိုသည်မှာ စိုက်ပျိုးလုပ်ကိုင်ခြင်းလုံးဝမရှိသောမြေကို
ဆိုလိုသည်ဟု ပြဋ္ဌာန်းထားသည်။
အခန်း(၃)တွင် မြေလွတ်/လပ်/ရိုင်းများလုပ်ပိုင်ခွင့်
အသုံးပြုခွင့်ဆိုရာတွင် စိုက်ပျိုးရေးလုပ်ခွင့်၊ မွေးမြူရေးလုပ်ခွင့်၊ ဓါတ် သတ္တုတူးဖော်ခွင့်နှင့်
အစိုးရကခွင့်ပြုထားသော အခြားလုပ်ပိုင်ခွင့်များကိုဆိုလိုကြောင်း ပြဋ္ဌာန်းထားသည်။
အခန်း(၃) ပုဒ်မ (၆)(က)တွင် လျှောက်ထားခြင်းကိစ္စနှင့်ပတ်သက်ပြီး
တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အစိုးရ၏ သဘောထား မှတ်ချက်ပါရန်လိုအပ်သည်။
ပုဒ်မ(၇)တွင် လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့သည်
မြေလွတ်/လပ်/ရိုင်းများ အသုံးပြုခွင့်ရာတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏
သဘောတူညီချက်ရှိမှသာ ခွင့်ပြုနိုင်ကြောင်း ပြဋ္ဌာန်းထားသည်။
အခန်း(၄)ပုဒ်မ(၁၀)တွင် မြေလွတ်/လပ်/ရိုင်းကို
အသုံးပြုခွင့်ပြုသည့် ဧရိယာကို သတ်မှတ်ထားသည်။ ပုဒ်မ(၁၁)တွင် အသုံးချခွင့်ပေးသည့် နှစ်ကာလကို
သတ်မှတ်ထားပေသည်။
ပုဒ်မ(၁၂)တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို
နိုင်ငံသားများရင်းနှီးမြှုပ်နှံမှုမပြုနိုင်သော လုပ်ငန်းများကိုသာ စီစစ်ခွင့်ပြုရန်
ပြဋ္ဌာန်းထားသည်။
အခန်း(၆) ပုဒ်မ(၁၆)တွင် မြေလွတ်/လပ်/ရိုင်းကို
အသုံးပြုရာတွင် လိုက်နာရမည့် စည်းကမ်းများကို ပြဋ္ဌာန်းထားသည်။
အခန်း(၇) ပုဒ်မ(၁၈၊ ၂၁ နှင့် ၂၂-ဃ)တွင် မြေလွတ်/လပ်/ရိုင်းအသုံးပြုခွင့်ကို ပြန်လည်ရုပ်သိမ်းနိုင်သည့်
အခြေအနေများ ကို ပြဋ္ဌာန်း ထားသည်။
အခန်း(၈) ပုဒ်မ (၂၅)တွင် အငြင်းပွားမှုနှင့်စပ်လျှဉ်း၍
နှစ်နာမှုများကို နှစ်နာသူ၏ ဆန္ဒနှင့် နှစ်ဘက်သဘောတူညီမှုကို လုပ်ဆောင်ရန်ပေးရန် ပြဋ္ဌာန်းထားသည်။
အခန်း(၉)တွင် ပြစ်မှုနှင့် ပြစ်ဒဏ်များကို ပြဋ္ဌာန်းထားပြီး
အခန်း(၁၀) ပုဒ်မ(၃၀)တွင် အာမခံရသော ရဲအရေးပိုင်သည့်အမှု ဖြစ်ကြောင်း ပြဋ္ဌာန်းထားပေသည်။
၂။ လယ်ယာမြေဥပဒေ (၁၁/၂၀၁၂)
လယ်ယာမြေဥပဒေ အခန်း(၁) ပုဒ်မ (၃)(င)တွင် တောင်သူလယ်သမားဆိုသည့်
အဓိပ္ပါယ်ကိုဖွင့်ဆိုရာတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအတွက်သာ လယ်ယာမြေကို
စီမံခန့်ခွဲသူ၊ ကြီးကြပ်လုပ်ကိုင်သူ၊ ပါဝင်ဆောင်ရွက်နေသူ၊ အသက် မွေးဝမ်းကြောင်းပြုသူ၊
စိုက်ပျိုးထုတ်လုပ်ရောင်းချသူများဖြစ်သည်ဟု အနက်အဓိပ္ပါယ်ဖွင့်ဆိုထားပေသည်။ အခန်း(၂)၊
ပုဒ်မ (၆)(က-၅)တွင် လယ်ယာမြေပိုင်ဆိုင်ခွင့်ရှိသူများမှာ နိုင်ငံသား၊ ဧည့်နိုင်ငံသားနှင့်
နိုင်ငံသားပြုခွင့်ရသူများဖြစ်သည်ဟု ပြ ဋ္ဌာန်းထားပေသည်။ အခန်း(၃)၊ ပုဒ်မ(၉)(က)မှ (စ)ထိတွင်
လယ်ယာမြေလုပ်ပိုင်ခွင့်ရသူတို့၏ အခွင့်အရေးများကို ပြဋ္ဌာန်း ထားပေသည်။ ထိုပြဋ္ဌာန်းချက်များတွင်
လယ်ယာမြေမှ ထွက်သည့် အကျိုးအမြတ်ကို ခံစားခွင့်၊ ရောင်းချခွင့်၊ ပေါင်နှံ့ခွင့်၊ ငှါးရမ်းခွင့်၊
လှဲလှယ်ခွင့်၊ ပေးကမ်းခွင့်၊ ပုဂ္ဂလိက ရင်းနှီးမြုပ်နှံသူများနှင့် ပူးပေါင်း၍ အကျိုးတူလုပ်ပိုင်ခွင့်၊
နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုဥပဒေနှင့် အညီအကျိုးတူလုပ်ပိုင်ခွင့်နှင့် လယ်ယာမြေဥပဒေပါ
စည်းမျဉ်းစည်းကမ်းများကို မချိုးဖောက်သရွေ့ လယ် ယာမြေလုပ်ပိုင်ခွင့် စသည့်အခွင့်အရေးများရှိပေသည်။
အခန်း(၄)တွင် လယ်ယာမြေလုပ်ကိုင်ဆောင်ရွက်သူများ
လိုက်နာရမည့်စည်းကမ်းများကို ပြဋ္ဌာန်းထားရာတွင် အထူးသဖြင့် ပုဒ်မ (၁၂) (စ၊ ဆ၊ ဇ)တွင်
သက်ဆိုင်ရာ သက်ဆိုင်ရာ လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့က တရားဝင်ချထားခြင်းမပြုပဲ ကျူး
ကျော်လုပ်ကိုင် ခြင်းရန်၊ ခွင့်ပြုမိန့်မရပဲ အခြားနည်းဖြင့် သုံးစွဲခွင့်မပြုရန်နှင့်
မူလစိုက်ပျိုးလျှက်ရှိသော သီးနှံအမျိုးအစားမှ အခြားသီးနှံ အမျိုးအစားသို့ ခွင့်ပြုမိန့်မရပဲ
ပြောင်းလှဲစိုက်ပျိုးခြင်းမပြုရန် သတ်မှတ်ထားပေသည်။ အခန်း (၁၂)၊ ပုဒ်မ(၃၅) တွင် ပုဒ်မ(၁၂)အရ
စည်းကမ်းချက်များကိုမလိုက်နာသဖြင့် ပုဒ်မ (၁၉)အရ ချမှတ်ထားသော အမိန့် ကိုမနာခံလျှင်
ထောင် ဒဏ်အနည်းဆုံး (၆)လမှ (၂)နှစ် ထိလည်းကောင်း၊ ငွေဒဏ် ကျပ် (၃)သိန်းမှ (၅)သိန်းထိချမှတ်နိုင်
သည်။ အလိုက်နာပါက ပုဒ်မ (၃၆)အရ ထောင်ဒဏ် (၂) နှစ်ကို ကျခံရမည်ဖြစ်သည်။ အခန်း(၁၃)၊ ပုဒ်မ
(၄၁)အရ လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် ပတ်သက်၍ အငြင်းပွားမှုသည် ရဲအရေးပိုင်သောအမှုဖြစ်သောကြောင့်
အာမခံရသည့် အမှုဖြစ်ကြောင်းတွေ့ရသည်။
ပုဒ်မ (၁၄)တွင် နိုင်ငံ တော်အစိုးရ၏ ခွင့်ပြုချက်မရပဲ
မည်သည့်နိုင်ငံခြားသား၊ နိုင်ငံခြားသားပါဝင်သည့် အဖွဲ့အစည်းကိုမျှ ရောင်းချ၊ ပေါင်နှံ၊
ငှါးရမ်း၊ လှဲလှယ်၊ ပေးကမ်းခြင်းမပြုရန် တားမြစ်ထားပေသည်။ အခန်း(၁၂)၊ ပုဒ်မ (၃၇)တွင်
ပုဒ်မ (၁၄)ပါတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်လျှင် ထောင်ဒဏ်အနည်းဆုံး (၁)နှစ်မှ (၃)နှစ်ထိလည်း
ကောင်း၊ ငွေဒဏ် ကျပ်(၁၀)သိန်းအောက်မနည်းသည့် ပြစ်ဒဏ်အဖြစ်လည်းကောင်း (သို့မဟုတ်) ဒဏ်နှစ်ရပ်လုံးကို
ကျခံရမည်ဖြစ်သည်။
အခန်း(၉)၊ ပုဒ်မ (၂၆၊ ၂၇)တွင် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က
သိမ်းယူသည့်အခြေအနေမှအပ ကျန်အခြေအနေအား လုံးတွင် လယ်ယာမြေများသိမ်းယူပါက နှစ်နာမှုလုံးဝမရှိစေရန်
လျှော်ကြေးပေးခြင်းနှင့် အခြားနည်းလမ်းဖြင့် စီမံဆောင် ရွက်ခြင်းတို့ကို သက်ဆိုင်ရာက
ပြုလုပ်ပေးရမည်ဟု ပြဋ္ဌာန်းထားပေသည်။
အခန်း (၁၀) ပုဒ်မ (၃၀)တွင် အခြားနည်းဖြင့်
အသုံးပြုမည်ဆိုပါက ဗဟိုလယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့၏ သဘောတူညီမှု ပါရှိရမည်ဖြစ်သည်။
အခန်း(၁၁)၊ ပုဒ်မ (၃၂)တွင် လယ်ယာမြေကို သိမ်းယူပါက
လိုအပ်သည်ထက်ပိုသိမ်းခွင့်မပြုခြင်း၊ စီမံကိန်းပြီးစီးပါက မူလ လယ်ယာမြေ လုပ်ပိုင်ခွင့်ရသူအား
ပြန်လည်ပေးအပ်ရန် ပြဋ္ဌာန်းထားသည်။
ပုဒ်မ (၃၃)တွင် ပြည်ထောင်စုအစိုးရအဖွဲ့ (သို့မဟုတ်)
အာဏာပိုင်က အမိန့်ဆင့်ဆိုသည်မှတပါး ကျွဲ၊ နွား၊ စားကျက်များနှင့် ရွာဘုံမြေများကို
မပျက်ဆီးစေဘဲ ဆက်လက်ထားရှိရမည်။
အခန်း(၁၃) ပုဒ်မ(၄၀)တွင် လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့ဝင်များ
သဘောရိုးဖြင့် ဆောင်ရွက်သည့်ကိစ္စတစ်ရပ်ရပ်အတွက် မည်သည့်တရားရုံးတွင်မျှ တရားစွဲဆိုခွင့်မရှိပေ။
ကျော်ထွီး
No comments:
Post a Comment