Wednesday, July 16, 2014

အာဇာနည်နေ့ လှုံ့ဆော်မှုများ နိုင်ငံတဝန်းပြုလုပ်မည်


၂၀၁၁ ဇူလိုင် ၁၉ ရက်နေ့က ရန်ကုန်မြို့ အာဇာနည်ကုန်းတွင် တွေ့ရသော မြင်ကွင်းတခု (ဓာတ်ပုံ - ဧရာဝတီ)
လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများကျဆုံးခဲ့သောနေ့နှင့် အာဇာနည် စိတ်ဓါတ်အကြောင်းကို လူထုအကြား ပိုမိုသိရှိနိုင်စေဖို့အတွက် လူမှုအဖွဲ့အစည်း ၄၀ ကျော်က
စည်းရုံးလှုံ့ဆော်မှုများ ပြုလုပ်သွားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
၆၇ နှစ်မြောက် အာဇာနည်နေ့ မတိုင်မီ စတစ်ကာ ကမ်းလှမ်းမှု၊ တယ်လီဖုန်း Ring Tone နဲ့  ဥသြဆွဲဂုဏ်ပြုကြရန် ဇူလိုင်လ ၁၆ ရက်နေ့ကစပြီး လှုပ်ရှားမှုများကို စည်းရုံး လှုံ့ဆော်ကြမည့် အဖွဲ့ အစည်းများက
 ဦးဆောင်ပြီး တနိုင်ငံလုံး အတိုင်းအတာဖြင့် ချိတ်ဆက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

အာဇာနည်သို့ ဦးညွှတ်သူများ အဖွဲ့မှ ကိုဒီငြိမ်းလင်း က“အာဇာနည် စိတ်ဓါတ်က ဘယ်လိုလဲဆိုတာ ခွဲခွဲခြားခြားနဲ့ သိဖို့ လိုပါတယ်။
အများစုက ပြည်ထောင်စုနေ့တို့ ဗိုလ်ချုပ် မွေးနေ့တို့ အာဇာနည်တို့က မေ့ပျောက်လုနီးနီးဖြစ်နေပြီ။ အာဇာနည်စိတ်ဓါတ်ဆိုတာကလည်း ဝေဝေဝါးဝါး ဖြစ်နေ ကြပြီ။ ဒါတွေကိုပုံဖော်ချင်တာပါ” ဟု ဧရာဝတီသို့ ပြောသည်။

သမ္မတ၊ လွှတ်တော် ဥက္ကဋ္ဌများနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့ကိုလည်း ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၆၇) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက် ဂါရဝပြုပေးရန်လည်း တောင်းဆိုထား ကြောင်းလည်းသိရသည်။

ဒါ့အပြင် နောင်လာနောင်သားများ သိရှိနိုင်ရေးအတွက် အာဇာနည်ခေါင်းဆောင်များ၏ သမိုင်းဖြစ်စဉ်မျာကို အာဇာနည်နေ့ မတိုင်မီ ထုတ်လွှင့်ပေးရန်နှင့်အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးချိန်
၁၉ ရက်နေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်တွင်  နိုင်ငံပိုင် နှင့် ပုဂ္ဂလိကပိုင် အသံလွှင့်ဌာနများကလည်း အောက်မေ့ဖွယ် ဥသြဆွဲသံ ထုတ်လွှင့်ပေးရန် ပြည်ထောင်စု အစိုးရက ညွှန်ကြားချက်၊
 မေတ္တာရပ်ခံစာများ ထုတ်ပြန်ပေးရန် လူမှုအဖွဲ့ အစည်းများက ဗဟိုအစိုးရထံ တောင်းဆိုတိုက်တွန်းထားကြောင်း သိရသည်။

အာဇာနည်သို့ ဦးညွှတ်သူများအဖွဲ့မှ ကိုသီဟမောင်မောင်က
 “ကျနော်တို့ စည်းလုံးရေးကတော့ တနိုင်ငံလုံး လုပ်နိုင်အောင်ကြိုးစားနေတယ်။
၁၆ ရက်နေ့ကစပြီး တော့ စတေကာတွေစဖြန့်တော့မယ်။
ဖုန်း ring tone တွေလည်း လုပ်သွားမယ်။
အာဇာနည်နေ့ကို မြေနီကုန်းမှာ စုရပ်အဖြစ်လုပ်သွားမှာပါ” ဟု ဧရာဝတီသို့ ပြောသည်။

အာဇာနည်နေ့နှင့်ပတ်သတ်ပြီး  အာဇာနည်ခေါင်ဆောင်များ၏ သမိုင်းအကြောင်းများကို တိုင်းရင်းသား ဘာသာစကား များနှင့်လည်း ပြောကြားသွားရန် အစီအစဉ်ရှိပြီး
မည်သည့်နေရာတွင် ဟောပြောမည်ကို အသိအကျမသိသေးကြောင်း ကိုသီဟမောင်မောင်က ပြောသည်။

Sunflowers Group မှ ဒါရိုက်တာ မဖြူအိသိမ်း က “အာဇာနည်စိတ်ဓါတ် လူတိုင်းမှာရှိမယ်ဆိုရင် ကျမတို့ နိုင်ငံ တိုးတက်ဖို့ အတွက် အများကြီး ကြိုးစားစရာ မလိုပါဘူး။
ကိုယ်စီမှာ ဒီစိတ်ဓါတ်တွေနဲ့ အလုပ်လုပ်သွားကြမယ်၊
နိုင်ငံကိုအုပ်ချုပ်သွားကြမယ်ဆိုရင် မြန်မာနိုင်ငံကအခုလိုဖြစ်ပျက်နေမှာမဟုတ်ဘူးလေ။
နောက်လာမယ့်လူငယ်တွေ ဒီထက် ပိုကောင်းတဲ့ နိုင်ငံတည်ထောင်ဖို့က အာဇာနည်စိတ်ဓါတ်နဲ့ နိုင်ငံတည်ထောင်မှရမယ်။
 ပြန့်ပွားအောင်လို့ ဒီခေတ် ဒီအချိန်မှာရှိနေတဲ့ လူကြီးတွေရဲ့တာဝန်ပါပဲ” ဟု  ဧရာဝတီသို့ပြောသည်။

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက် နေ့  နံနက် ၁၀:၃၇ နာရီအချိန် ရန်ကုန်မြို့ အတွင်းဝန်ရုံး၌ ဗိုလ်ချုပ် အောင်ဆန်းနှင့် ဝန်ကြီးအဖွဲ့ အစည်းအဝေးထိုင်နေကြစဉ်   လက်နက်ကိုင် လူသတ်သမားများက ဝင်ရောက် လုပ်ကြံသတ်ဖြတ်ခဲ့ကြသည်။

ယင်းလုပ်ကြံခံရမှုတွင် ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် ဒီးဒုတ် ဦးဘချို ၊ သခင်မြ၊ ဦရာဇတ်၊ ဦးဘ၀င်း၊ မန်းဘခိုင်၊ စပ်စံထွန်း၊ ဦးအုန်းမောင်၊ ကိုထွေးတို့ ၉ ဦး ကျဆုံးသွားခဲ့ပြီး ထိုနေ့ကို အာဇာနည်နေ့ဟု သတ်မှတ်ခဲ့ကြသည်။

သို့သော်လည်း နောက်ပိုင်း စစ်အာဏာရှင်များ အုပ်ချုပ်မှုအောက်တွင် အာဇာနည်နေ့၊ အာဇာနည်ခေါင်းဆောင်များ အကြောင်းနှင့် အောက်မေ့ဖွယ် ဂုဏ်ပြုအခမ်းအနားများပြုလုပ်မှုကို မှေးမှိန်အောင် နှစ်ပေါင်းများစွာ ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခဲ့ကြသည်။
လက်ရှိ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင်မူ ဂုဏ်ပြုအခမ်းအနားများ ပြုလုပ်ခွင့် ရရှိလာခဲ့သည်။  


ဧရာဝတီ (ဘလော့ဂ်)

No comments:

Post a Comment