Thursday, April 10, 2014

သင်္ကြန်စာ ’’ဒီနှစ်သိကြားမင်း ဘာစီးပြီး ဆင်းသလဲ’’



10 April 2014

’’ဒီနှစ်သိကြားမင်း ဘာစီးပြီး ဆင်းသလဲ’’ ဆိုသည့် အမေးမျိုးကို ကျွန်တော်တို့ ငယ်စဉ်ကာလများက သင်္ကြန်ရက်တွေ နီးလာတိုင်း ကြားရစမြဲ။ သိကြားမင်းက သတ္တ ၀ါတစ်ကောင်ကောင်ကို စီးမည်။ ဥပမာ-ကျွဲ၊ နွား၊ ဘီလူးစသဖြင့် ပေါ့။ နောက် လက်တစ်ဖက်စီ တွင် အရာဝတ္ထုတစ်ခုစီကို ကိုင်၍ လူ့ပြည်သို့ဆင်းမည်။ သိကြားမင်း စီးလာသည့် အရာနှင့် ကိုင်လာသော ပစ္စည်းပေါ်မူတည်၍ သည် နှစ်တိုင်းပြည်၏ အခြေအနေက ဘယ်လို ဘယ်ဝါဖြစ်မည်ဆိုသည်ကို ဟောကိန်းထုတ်ကြသည်။ နိုင်ငံရေး၊ စီးပွားရေးကအစ စိုက်ပျိုးရေးအလယ် ရာသီဥတုအခြေအနေနှင့် မိုးလေ၀သတို့ပါ ကဏ္ဍ အစုံပါဝင်သည်။ ဒါ့အပြင် လူတစ်ဦးချင်း၏ နေ့နံအလိုက် တနင်္ဂနွေသားသမီးက ဘယ်လိုဘယ်ပုံ၊ တနင်္လာသားသမီးကတော့ ဘယ်နည်းဘယ်နှယ် စသည့် ဟောကိန်းများ    ဝေေ၀ဆာဆာပါသည်။သင်္ကြန်စာကိုဖတ်ပြီး သိကြားမင်းစီးလာသည့်အရာနှင့် ကိုင်လာသည့် ပစ္စည်း၏ ဣဋ္ဌအနိဋ္ဌပေါ်မူတည်၍ တွက်ချက်ကြ၊ ခန့်မှန်းကြပေါ့။ ကျွန်တော်တို့ ဘိုးဘွားတွေခေတ်က သင်္ကြန်စာက တော်တော် အသုံးဝင်ပုံရသည်။ ယုံလည်းယုံကြည်ကြသည်မို့ မိုးဦးဘယ်လို၊ မိုးနှောင်းဘယ်သို့ဆို ကာ အသီးအနှံတွေ စိုက်ပျိုးရိတ် သိမ်းပြင်ဆင်ကြသည်။ သင်္ကြန်စာ က ပြောသည့် ပေါကုန်၊ ရှားကုန် တွေကိုကြည့်ပြီး အရောင်းအ၀ယ်ပြုလုပ်ကြသည်တဲ့။

သင်္ကြန်နားနီးလာသည့် တစ် လလောက်အလိုတွင် သက်ြင်္န်စာ ထွက်ရှိလာတတ်သည်။ သင်္ကြန် စာရောင်းသူက ‘‘ကောဇာသက္က ရာဇ် တစ်ထောင့်သုံးရာ ....ခုနှစ် အတွက် မန္တလေးဆရာ...... ရဲ့ မဟာသင်္ကြန်စာတွေ’’ ဟု အော် ဟစ်ရောင်းချရင်း ဒီနှစ်တော့ စနေသားသမီးတွေကို ဖက်သာ ထားကြပေတော့။ အပျိုကြီး၊ လူပျိုကြီးတွေ စန်းပွင့်နေပြီဆိုတာမျိုး။အင်္ဂါသားသမီးတွေက ငွေထုပ်ကြီးပိုက်ရတော့မယ်ဆိုတာမျိုး။  အော်တာတွေကို လူတွေက သ ဘောကျကြသည်။ သည်လိုနှင့် ဟိုအိမ်က တစ်စောင်၊ သည်အိမ် က တစ်စောင် အားပေးကြ၊ ကိုယ့် ရဲ့   တစ်နှစ်တာကံကြမ္မာကိုယ် ကြည့်ရင်း သဘောကျကြသည်။

ကျွန်တော်တို့အရွယ်ရောက် တော့ သင်္ကြန်စာမှာ သိကြားမင်း ဆင်းသည်မဟုတ်တော့ဘဲ ဘဏု ရာဇာအမည်ရှိ တနင်္ဂနွေဂြိုဟ်မင်း က ဆင်းလာတာဟု သိလာရ သည်။ ငယ်ငယ်ကလို သိကြား မင်းဘီးလူးစီးပြီး မီးတုတ်ကိုင်လာ လျှင် တိုင်းပြည် မငြိမ်သက်ဖြစ် မည်။ မီးအန္တရာယ်စိုးရိမ်ရမည်ဆို တာတွေကိုလည်း မလန့်တတ် မကြောက်တတ်တော့။

  သင်္ကြန်ဆိုသည်က ဟိန္ဒူ ၀ါဒ ဓလေ့ထုံးစံများ မြန်မာနိုင်ငံ ဘက် ကူးစက်လာခြင်းဖြစ်သည် ဟု ဆို၏။ ရှေးမြန်မာဘုရင်များ လက်ထက်က အိန္ဒိယနွယ်ဗေဒင် ပညာရှင် ပုဏ္ဏားတို့ မြန်မာဘုရင် များလက်အောက် ၀င်ရောက် အမှုထမ်းရင်း သင်္ကြန်တွက်ရိုး ကျမ်း၊ ဝေဒင်္ဂကျမ်း၊ အသီတိဓာတ် ကျမ်း စသည်တို့ဖြင့် မဟာသင်္ကြန်စာများထုတ်ကာ စီးပွားရှာခဲ့ကြသည်တဲ့။

 သင်္ကြန်၊ သက္ကရာဇ်စသော အကြောင်းအရာများနှင့် စပ်လျဉ်း ၍ သိကြားမင်းနှင့် ဗြဟ္မာမင်းတို့ အချင်းများကြပြီး  က၀ါလမိုင်း ဆရာထံ  အဆုံးအဖြတ်ဝင်ရာမှ ဗြဟ္မာမင်းရှုံး၍  သိကြားမင်းက ဗြဟ္မာမင်းဦးခေါင်းကိုဖြတ်ကာ နတ်သမီးခုနစ်ဖော်ကို အလှည့်ကျ ကိုင်စေသည်ဆိုသော အကြောင်း များကို သင်္ကြန်သမိုင်းအဖြစ် ကြံ ဖန်၍ သက္ကရာဇ်ကိုတည် ခုနစ်ခု စား၊ ရှစ်ခုစား၊ ၁၂ ခုစား သင်္ကြန် ဟောကိန်းများကိုလည်း တီထွင် ခဲ့ကြသည်တဲ့။

 ဗုဒ္ဓဟောကြားသော တရား များတွင် သင်္ကြန်မပါ။  မြန်မာနိုင် ငံသို့ သင်္ကြန်ဓလေ့ မည်သို့မည်ပုံ ရောက်ရှိလာသည်ကို သမိုင်းအ ထောက်အထား အတိအကျမရှိ ဟု ပညာရှင်များက မည်သို့ပင် ဝေဖန်ထောက်ပြစေကာမူ ရွှေ မြန်မာတို့၏ ယဉ်ကျေးမှုအစဉ်အ လာ ထိန်းသိမ်းချင်သည့် တလွဲဆံ ပင်ကောင်းမှုက အပျော်ကြူးစရာ သင်္ကြန်ကို ဆက်လက်ဖက်တွယ် ထားဆဲဖြစ်သည်။

ကုသိုလ်ကောင်းမှုပြုရာတွင် နေ့ညအချိန်ကာလ အပိုင်းအခြား မရှိစကောင်းဟု မည်သို့ပင် ဗုဒ္ဓ ညွှန်ပြညွှန်ပြ သင်္ကြန်ကာလမှသာ ကုသိုလ်ယူလိုသူများ၊ တရားစခန်းဝင်လိုသူများ၊  ဥပုသ်သီတင်း စောင့်ချင်သူများ၊ ဒုလ္လဘရဟန်းဝတ်သူများနှင့် ဘုန်းကြီးကျောင်းများတွင် ပြည့်ကျပ်နေချိန် အခြားတစ်ဖက်တွင်တော့  နံနက်နေထွက်သည်နှင့်   လွတ်လပ်စွာ သောက်စားမူးယစ်ခွင့်၊ လွတ် လပ်စွာ အော်ဟစ်သီဆိုကခုန်ခွင့်၊ လွတ်လပ်စွာ သရုပ်ပျက်ဝတ်စား ဆင်ယင်ခွင့်ရသော  ကာလဖြစ် သည်။

မြန်မာပြည်တစ်နံတစ်လျား သန့်ရှင်းသော သောက်သုံးရေမ ဆိုထားနှင့် သာမန်ချိုးရေသုံးရေ ပင် အခက်အခဲဖြစ်နေချိန် နွေ ခေါင်ခေါင်တွင် ဘာရည်ရွယ်ချက် မျှ မည်မည်ရရ မရှိဘဲ ရေကောင်း ရေသန့်များကို  ဗုံးပေါလအော ဖြုန်းတီးပစ်နေသော ကာလ။ ရဲစ ခန်း၊ ဆေးရုံ၊ စည်ပင်အုပ်ချုပ်ရေး စသော ဌာနအသီးသီးမှ သူများ အပူ ကိုယ်ယူရသောကာလ၊ အရွယ်ရောက်သားသမီးများအ တွက် မိဘတိုင်း စိုးရိမ်သောက ရောက်ရသော ကာလလည်းဖြစ် သည်။ အမှန်တော့ သည်ဘက်နှစ် ပိုင်းများတွင် သင်္ကြန်ဆိုသည်မှာ မြန်မာတို့၏ ပုံရိပ်ဆိုးများကို အ ရှက်မဲ့စွာဖော်ပြသော ကာလဖြစ် လာသည်။

ကျွန်တော်တို့ငယ်စဉ်ကာလ ကတော့ သိကြားမင်း၏ ခွေးသား ရေပုရပိုက်သည် တန်ခိုးထွားသေး ၏။  သိကြားမင်း၏  ခွေးသားရေ ပုရပိုဒ်နှင့် ခြောက်လှန့်လျှင်ကြောက်သေးသည်။  ဒါကြောင့်လည်း မကောင်းမှုတစ်ခုခုလုပ်ရမှာ ကြောက်နေတတ်သည်။ ခုတော့ ပုရပိုက်ခမျာလည်း ဘာအာဏာပါဝါမျှမရှိတော့။ သင်္ကြန်မဏ္ဍပ်တွေနောက်မှာ လူငယ်တွေအတွက် တီးတိုးသီးသန့်အခန်းတွေပါ ရှိသည်ဆိုမှတော့ သင်္ကြန်သည် စဉ်းစားစရာကောင်းသည့် ပွဲတော်တစ်ခုဖြစ်လာပေပြီ။

 မြန်မာ့နှစ်သစ်ကူးကာလ သင်္ကြန်အခါကို စဉ်းစားရင်း မြန် မာ့ဒီမိုကရေစီခေတ်ဦးနှင့် ချိန်ထိုး စဉ်းစားမိသည်။ သင်္ကြန်ကာလ ရောက်ပြီဆိုသည်နှင့် သဒ္ဓါတရား ဖြင့် မြင့်မြတ်သောရဟန်းဘောင် သို့ ၀င်ကြသူများရှိသလို အိမ်ကအ တင်းဝတ်ခိုင်း၍ သာသနာ့ဘောင် သို့ဝင်ရသော ဒုလ္လဘရဟန်းများ က ပိုများသည်။ ရဟန်းဘ၀ ရောက်ဖို့ သိမ်မ၀င်မီ အချိန်ပိုင်း ကလေးမှာပင်  အရက်ကို  တ၀ တပြဲသောက်ကာ  အရက်နံ့တ လူလူထွက်နေသော  ရဟန်း လောင်းများကို တွေ့ရတတ်သည်။ ရဟန်းသုံးလေးရက်ဝတ်ပြီး ၀ိနည်း ဆိုတာလည်းမသိ၊ ကျင့်ဝတ်ဆိုတာလည်းနားမလည် နောက် တော့လူထွက်ကာ ဒုံရင်းဒုံရင်းအရက်သမား။ နောက် အမှန်တကယ် တရားအားထုတ်လိုသည်ထက် အနေချောင်အစားချောင်ရန် တရားစခန်းဝင်သူများဆိုသည့် ကုသိုလ်ယောင်ဆောင်သူများက  တစ်ဖက်။အခြားတစ်ဖက်တွင် သင်္ကြန်ဆိုသည်နှင့် အာဝါဒေးပွဲလို လိုင်စင်ရ မူးယစ်ရမ်းကားခွင့်၊ လွတ်လပ်စွာ အရှက်မဲ့ခွင့်များရှိ သည်ဟု ထင်နေသူများရှိသည်။ ဒီမိုကရေစီနှစ်သစ်ဦး  ကာလတွင်ရော အမှန်တကယ် ယုံကြည်မှုမရှိဘဲ ဒီမိုကရက်ဘောင်အတွင်း တိုးဝင်လာသူများနှင့် ဒီမိုကရေစီရပြီကွဆိုကာ ရမ်းချင်တိုင်းရမ်းနေသော စာပေစာနယ်ဇင်းနှင့် အနုပညာရပ်ဝန်းမှ ပုဂ္ဂိုလ်များ၊ ကဲချင်တိုင်းကဲနေသော တက်ကြွလှုပ်ရှားသူဆိုသည့် လူအချို့ကိုတွေ့ရသည်။ သင်္ကြန်နှင့်  မြန်မာ့ဒီမိုကရေစီခေတ်ဦး ပုံရိပ်တွေက  ထပ်တူနီးပါး။

 သို့ဆိုလျှင် သင်္ကြန်စာက ရော။  သင်္ကြန်စာဆိုသည်က ဗေ ဒင်ပညာရှင်များက ကျမ်းကိုး ကျမ်းကားပြု၍ နောက်တစ်နှစ်အ တွင်းဖြစ်နိုင်သည့် အခြေအနေကို ဟောကိန်းထုတ်ကြသည်မို့ မြန် မာ့ဒီမိုကရေစီကာလ ၂၀၁၅ မ တိုင်မီဟောကိန်းကို  ကျွန်တော် စိတ်ဝင်စားမိသည်။

သည်နှစ် သိကြားမင်း ဘယ် အရာကိုစီး၊ ဘယ်ပစ္စည်းကို ကိုင် သည်လည်း ကျွန်တော် လက် လှမ်းမမီ။ ထို့ကြောင့်လည်း သင်္ကြန်စာပါ ဟောကိန်းများကို ကျွန်တော်မသိ။ သို့သော်လည်း နိုင်ငံတော်သမ္မတကြီးရေးမည့် နှစ်ဦးသင်္ကြန်စာကိုတော့  ကျွန်တော်သိချင်မိသည်။ နိုင်ငံတော် သမ္မတက သင်္ကြန်စာကို ရေးရာတွင် ဒီမိုကရေစီစံနှုန်း၊ ပြည်သူ့ လိုလားချက်များကို ကိုးကား၍ ရေးမည်လား။ အာဏာတည်မြဲရေး ဆက်လက်ချုပ်ကိုင်နိုင်ရေးကိုစံပြု၍ ရေးမည်လား။  ထို့တူရူချက်နှစ်ခုက မြန်မာ့ဒီမိုကရေစီ ခေတ်ဦးသင်္ကြန်စာ၏ အဆိုးအကောင်းဖြစ်သည်။ တစ်နည်းအားဖြင့်  သမ္မတကြီးဦးသိန်းစိန်ကို  ကျွန်တော်တို့ငယ်ငယ်က သိကြားမင်းပုံရိပ်ဖြင့် တင်စားရလျှင် သမ္မ တကြီးစီးမည့် အရာနှင့်ကိုင်စွဲလာမည့် အရာဝတ္ထုတို့ကသာ ကျွန်တော်တို့ နိုင်ငံအတွက် သင်္ကြန်စာဖြစ်သည်။ ကျွန်တော်ကတော့ သမ္မတကြီး ကိုင်စွဲသည်မှာ အောင်သပြေပန်းများသာ ဖြစ်ပါစေ၊ သမ္မတကြီး ခွစီးထားသည်မှာ ပြည်သူများမဟုတ်ပါစေနှင့်ဟုသာ အခါခါ ဆုတောင်းနေမိသည်။

Author: နီဟိန်းမော်

7DAY DAILY


No comments:

Post a Comment