Sunday, April 6, 2014

ကျေးရွာအုပ်ချုပ်ရေးမှူး၏ ဆုံးဖြတ်ချက်အား မကြေနပ်၍ တရားရုံးသို့ ဦးတိုက်လျှောက်ထား


ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ကျွန်းကုန်းကျေးရွာအုပ်စု၊ မြန်မာကျွန်းကုန်းကျေးရွာနေ ဒေါ်ခင်မာဦး(ဘ)ဦးဘသွင်သည် ၀က်တစ်ကောင်ပျောက်ဆုံးသဖြင့် မြန်မာကျွန်းကုန်းအုပ်ချုပ်ရေးမှူးဦးစိုးဝင်းထံတိုင်ကြားခဲ့ပါသည်။
ဝက်ခိုးသူများဖြစ်ကြသော ဦးဇော်လင်း(ဘ)ဦးကြည်၊ ဦးဥာဏ်ကြီး(ဘ)ဦးနော်တော့တို့အား ဆယ်အိမ်မှူးဦးကျော်(ဘ)ဦးငြိမ်းမှခေါ်ပြီး မင်းတို့ ၀က်ကိုပေါ်လိုက်တော့ဟု ကျေးရွာအုပ်ချုပ်ရေးမှူးမှ အမိန့်ပေးလိုက်ကြောင်းပြောကြားခဲ့သည်။

ထိုသို့အမိန့်ပေးလိုက်ရာတွင် ဒေါ်ခင်မာဦးရှေ့တွင် ပြောကြားလိုက်ခြင်းဖြစ်ပါသည်။ အုပ်ချုပ်ရေးမှူးမှ၎င်းဝက်ခိုးမှုအားဖြေရှင်းရန် ၀က်ပိုင်ရှင်ဒေါ်ခင်မာဦးနှင့် ၀က်ခိုးပေါ်သူ ဦးဇော်လင်းနှင့် ဦးဥာဏ်ကြီးတို့ကို (၂၃.၃.၂၀၁၄)ရက်နေ့ (၁၂း၀၀)နာရီတွင်ချိန်းဆိုလိုက်ပါသည်။
ချိန်းဆိုချက်အရ ဒေါ်ခင်မာဦးနှင့် မခိုင်တို့ ရောက်ရှိသွားချိန်တွင် ဆယ်အိမ်မှူးဦးကျော်တို့သားအဖနှစ်ဦးရောက်ရှိနေပါသည်။ အုပ်ချုပ်ရေးမှူးမှ အမှုကိစ္စအား ဖြေရှင်းပေးခြင်းမရှိဘဲ ဒီဝက်ကိုပုပ်သွားမှာစိုးလို့ငါကိုယ်
တိုင်ပေါ်ခိုင်းလိုက်တာဟု ၄င်းတို့လေးဦးရှေ့တွင် ထပ်မံ၍ပြောကြားလိုက်ပါသည်။ (၂၃.၃.၂၀၁၄) ညနေတွင် တစ်ရွာတည်းနေ မောင်ဝင်းမျိုးကျော်မှ ပြောကြားရာတွင် အုပ်ချုပ်ရေးမှူးနှင့်ကျေးရွာစာရေးကိုဌေးအောင်
တို့အား နှုတ်ပိတ်ခအနေဖြင့် ၀က်ခိုးပေါ်သူကိုဇော်လင်း၏ခယ်မဖြစ်သူ မစုကြည်ကိုဝက်သားတစ်ပိဿာစီပို့ခိုင်းလိုက်ကြောင်း၊ (၂၄.၃.၂၀၁၄)ရက်နေ့ နေ့လည်(၁၂း၀၀)နာရီတွင် အမှုကိစ္စထပ်မံ၍ဖြေရှင်းရန်အတွက်
ချိန်းဆိုထားသဖြင့် ဒေါ်ခင်မာဦး၊ ဒေါ်ခင်အေး၊ မနွယ်နွယ် တို့သွားရောက်ခဲ့ပါသည်။ ထိုသူများ၏ရှေ့မှောက်တွင် စာရေးဖြစ်သူကိုဌေးအောင်မှ ၀က်ခိုးပေါ်သူကိုဇော်လင်းအား ၀က်အချိန်ဘယ်လောက်ထွက်သလဲဟု
မေမြန်းခဲ့ရာတွင် ကိုဇော်လင်းမှ ၁၆ပိဿာ ၅၀သားထွက်သည်ဟုဖြေကြားခဲ့ပါသည်။ စာရေးကိုဌေးအောင်မှ ၀က်ပိုင်ရှင်ဖြစ်သူဒေါ်ခင်မာဦးအား ငွေ(၅၂၀၀၀ိ/)ငါးသောင်နှစ်ထောင်ကျပ်ဘဲ လျော်ပေးမည်ဟုဆုံးဖြတ်
ခဲ့ပါသည်။ ရပ်မိ/ရပ်ဖဖြစ်သူဦးထိန်ဝင်းမှ ဦးလှအောင်မိသားစုနှင့် ဦးမြင့်စိန်တို့ရှေ့မှောက်တွင် အုပ်ချုပ်ရေးမှူးနှင့်စာရေးဦးဌေးအောင်တို့ ၀က်သားတစ်ပိဿာစီစားရသည်ဟုပြောကြားခဲ့ပါသည်။ အထက်ပါကိစ္စနှင့်
ပတ်သက်၍ ဒေါ်ခင်မာဦးမှ မြန်မာကျွန်းကုန်းကျေးရွာအုပ်ချုပ်ရေးမှူး၏ ဆုံးဖြတ်ချက်အား မကြေနပ်သဖြင့် အမှုမှန်ပေါ်ပေါက်ရေးအတွက် ဒိုက်ဦးမြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက်ထား၍ တိုင်ကြားခဲ့ကြောင်း နိုင်ငံတော်
အကြီးအကဲများသိရှိအောင် မီဒီယာမှတဆင့်တင်ပြလိုက်ပါသည်။

ဒေါ်ခင်မာဦး(ဘ)ဦးဘသွင်
ကျွန်းကုန်းကျေးရွာအုပ်စု၊ မြန်မာကျွန်းကုန်းကျေးရွာ၊
ဒိုက်ဦးမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး

No comments:

Post a Comment