Sunday, June 8, 2014

ကံကောင်းခြင်းရတနာ စက်ရုံလုပ်သားများအရေး တိုင်းဒေသကြီး အစိုးရက ဖြေရှင်းပေးနိုင်သည့် အခြေအနေတွင် မရှိတော့ဟုဆို

 ကံကောင်းခြင်း ရတနာ စက်ရုံမှ ဆန္ဒပြ လုပ်သားများသည် စက်ရုံမှ မန္တလေးဘက်သို့ ဦးတည် လမ်းလျောက်လာစဉ် ဇွန်လ ၆ရက် နံနက်က စဥ့်ကိုင်တိုးဂိတ်အရောက်တွင် လုံခြုံရေးအဖွဲ့ဝင်များက တားဆီးစဉ်။ (ဓာတ်ပုံ- မျိုးသန့်၊ မဇ္ဈိမ)
မန္တလေး၊ မဇ္ဈိမ။               ။ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဥ့်ကိုင်မြို့နယ် ရှမ်းကန်ကျေးရွာ အုပ်စုအတွင်းရှိ ကံကောင်းခြင်းရတနာ သစ်အချောထည်စက်ရုံမှ လုပ်သားများ လုပ်ခလစာကိစ္စနှင့် စာချုပ်ပါအချက် များကျေနပ်မှုရှိ၍ ဆန္ဒပြတောင်းဆိုမှုကို တိုင်းဒေသကြီးအစိုးရက ဖြေရှင်းပေးနိုင်သည့် အခြေအနေတွင် မရှိတော့ဟု တိုင်းဒေသကြီး သစ်တောနှင့် သတ္ထုဝန်ကြီးဌာန၀န်ကြီး ဦးသန်းစိုးမြင့်က မဇ္ဈိမကို ဇွန် ၇ရက်က ပြောသည်။
“ ပထမတခေါက် သွားရောက်ညှိနှိုင်းပြီး ပြေလည်မှုရသွားခဲ့ပြီး ဖြစ်ပါတယ်၊ အခုက နောက်တခေါက် ထပ်ပြဿာနာဖြစ်ပွားခဲ့ပြီး စက်ရုံအပေါ် အကြမ်းဖက်တောင်းဆိုသလို ဖြစ်နေတဲ့အတွက် စက်ရုံကလည်း အလုပ်သမားတွေကို အလုပ်ခန့်အပ်ခြင်း မရှိတော့ပါဘူး၊ ဒါကြောင့် အစိုးရအဖွဲ့အနေနဲ့ ညှိနှိုင်းပေးလို့ မရတော့ပါဘူး၊ လုံခြုံရေးကိုတော့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနက ဆက်လက်လုပ်ဆောင် သွားတော့မှာဖြစ်ပါတယ် ” ဟု ၀န်ကြီးကပြောသည်။

လက်ရှိစက်ရုံတွင် အလုပ်သမားဦးရေ ၁၈၀၀ကျော်ရှိသည့်အနက် လေးရာကျော်သာ ဆန္ဒပြခြင်း ဖြစ်သည်ဟု ဝန်ကြီးက ဆိုသည်။ အလုပ်သမားများကမူ သပိတ်စခန်းတွင် အလုပ်သမား ၇၀၀ခန့်နှင့် အကူအညီပေးသူ ၃၀၀ကျော် စုစုပေါင်း ၁၀၀၀ကျော်ရှိသည်ဟု ဆိုသည်။

ဇွန် ၆ရက် နံနက်ပိုင်းက ဆန္ဒပြသူများသည် အဆိုပါစက်ရုံမှ လမ်းလျှောက်ကာ မန္တလေးသို့ ဦးတည်လာစဉ် စဥ့်ကိုင်တိုးဂိတ်အရောက်တွင် လုံခြုံရေးအဖွဲ့ဝင်များက တားဆီးထားခြင်းခံခဲ့ရသည်။ အဆိုပါနေရာ၌ပင် တိုင်းဒေသကြီးအစိုးရအဖွဲ့ သစ်တောနှင့်သတ္ထုဝန်ကြီးက သွားရောက်ညှိနှိုင်းခဲ့ပြီး ပြေလည်မှုမရှိသဖြင့် ယခုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

ဆန္ဒပြအလုပ်သမားများသည် လက်ရှိတွင် ကျောက်ဆည်ခရိုင်၊ စဥ့်ကိုင်မြို့ရှိ ရတနာလင်္ကာရ ကျောင်းတိုက်တွင် သပိတ်စခန်း ဖွင့်လှစ်ထားပြီး ယင်းသပိတ်စခန်းမှ ခေါင်းဆောင် ၁၂ဦးကို ဇွန်လ ၇ရက် နေ့လည် ၁နာရီက အာဏာပိုင်များက လာရောက်ဖမ်းဆီးခဲ့ပြီး ပုမ်ဒ ၅၀၅(ခ)၊ ပုဒ်မ ၁၄၇၊ ပုဒ်မ ၁၄၃တို့ဖြင့် အရေးယူထားသည်။ ဖမ်းဆီးသူများကို ညနေပိုင်းတွင် ပြန်လည်လွှတ်ပေခဲ့သည်။

လွှတ်ပေးအပြီးတွင် ကုမ္ပဏီနှင့် အာဏာပိုင်များဘက်က ဇွန်လ ၆ရက်က အလုပ်သမားများ၏ သပိတ်စခန်းကို ဖြိုခွင်းခဲ့ခြင်းကို နစ်နာကြေး ပေးလျော်မည် ဖြစ်ပြီး အလုပ်သမားများ ဘက်က သပိတ်စခန်းကို ရုတ်သိမ်းပေးရန်နှင့် အလုပ်ထွက်ပေးရမည်ဟု ညှိနှိုင်းခဲ့သည်။ ယင်းညှိနှိုင်းချက်ကို လက်ခံမခံ နာရီဝက်အတွင်း အကြောင်းပြန်ရမည်ဖြစ်ပြီး လက်ခံပါက ယခု ပုဒ်မသုံးခုဖြင့် စွဲဆိုချက်များကို ရုတ်သိမ်းပေးမည်ဟု ဆိုသည်။

သို့သော် ညှိနှိုင်းမှု အဆင်မပြေသဖြင့် ညနေ ၅နာရီခန့်တွင် ရဲအင်အား ၄၀၀ကျော်က သပိတ်စခန်းကို ဝိုင်းရံခဲ့သည်။

အလုပ်သမားများက ကံကောင်းခြင်းရတနာ စက်ရုံကို အချက်လေးချက်ဖြင့် တောင်းဆို ဆန္ဒပြနေခြင်းဖြစ်သည်။ အချက်လေးချက်သည် ၁။ စက်ရုံက တရားစွဲဆိုခံထားရသူအားလုံး အမှုက ပယ်ဖျက်ပေးရန် ၂။ စက်ရုံဘက်က ဒေါ်သက်သက်ရီက အလုပ်ရှင်အလုပ်သမား စာချုပ် လက်မှတ်မထိုးရင် ထောင်ချမည်လို့ ချိန်းခြောက်ထားခြင်းကို အရေးယူပေးရန်၊ ၃။ မေ ၂ရက်က စက်ရုံထဲက အလုပ်သမားတွေကို ဆွဲထုတ်တာကို တရားဥပဒေအရ ရေးယူရန်၊ ၄။ အလုပ်ရှင် အလုပ်သမား စာချုပ်ပါ အချက် ၁၄ချက်ထဲမှ ၄ချက်ကို ဖြုတ်ပေး၍ ၁၀ချက်ကို ပြင်ဆင်ပေးရန် တို့ကို တောင်းဆိုကာ ဆန္ဒထုတ်ဖော်နေခြင်းဖြစ်သည်။

ကံကောင်းခြင်းရတနာ သစ်အချောထည်စက်ရုံ လုပ်သားများက ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီလအတွင်း လုပ်ခလစာတိုးပေးရန်အတွက် ဆန္ဒပြ တောင်းဆိုမှုများလည်းပြုလုပ်ခဲ့ပြီး ၂ဝ၁၄ခုနှစ် ဖေဖော်ဝါရီလနှင့် မတ်လအတွင်း အလုပ်သမား ၁ဝဝဝကျော်က စက်ရုံရှေ့တွင် သပိတ်စခန်းဖွင့်ကာ ဆန္ဒထုတ်ဖော် တိုက်ပွဲဝင်ခဲ့သေးသည်။

Written by  မျိုးသန့်
Mizzima - News in Burmese

No comments:

Post a Comment