Friday, May 2, 2014

MAI လေကြောင်းလိုင်း ၀န်ထမ်းနှစ်ဦးနှင့် ဖုန်းကုမ္ပဏီ ဒါရိုက်တာကို မှောင်ခိုမှုဖြင့် စသုံးလုံးက အမှုဖွင့်


ဇော်ဇော်ထွေး၊ ဖြိုးဝေလင်း


ဖုန်းကုမ္ပဏီမန်နေဂျင်းဒါရိုက်တာတစ်ဦးနှင့် MAI လေကြောင်းလိုင်းမှ ဌာနခွဲမန်နေဂျာအဆင့်ရှိ ၀န်ထမ်းနှစ် ဦးပါ စုစုပေါင်းလေးဦးကို တရားမ၀င်ကုန်ပစ္စည်းတင်သွင်းမှုဖြင့် အထူးစုံစမ်းစစ်ဆေးရေးဌာန (စသုံးလုံး) က အမှုဖွင့်တိုင်ကြားထားရာ မင်္ဂလာဒုံရဲစခန်းက ဧပြီ ၂၉ ရက်တွင် အမှုဖွင့်စစ်ဆေးနေသည်ဟု တိုင်းရဲ တပ်ဖွဲ့က သတင်းထုတ်ပြန်လိုက်သည်။

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် ဖွင့်လှစ်ထားသည့် Mobile Mother ကုမ္ပဏီ မန်နေဂျင်း ဒါရိုက် တာ ဦးသက်ပိုင်ဖြိုး၊ Custom Agent ကိုဇေယျာမိုးနှင့် MAI လေကြောင်းလိုင်းမှ Cargo ဌာနခွဲမန်နေဂျာ ကိုဇော်မျိုးအောင်၊ လုံခြုံရေးမန်နေဂျာ ကိုဇော်မင်းလတ်တို့အပြင် ကယ်ရီသမား ကိုမြတ်အောင်ခိုင် ဆိုသူ တို့ကို အရေးယူပေးရန် စွပ်စွဲတိုင်တန်းထားခြင်း ဖြစ်သည်။

အမှုတွင် ဦးသက်ပိုင်ဖြိုးသည် အထက်ပါ သုံးဦးနှင့် ပူးပေါင်းသဘောတူညီချက်ဖြင့် ၂၀၁၃ ဇွန်လခန့်မှစ၍ တစ်လလျှင် သုံးကြိမ်နှုန်းဖြင့် မိုဘိုင်းဖုန်းဟန်းဆက်များနှင့် ဆက်စပ်ပစ္စည်းများကို တရားမ၀င်တင် သွင်းခဲ့ သည်ဟု မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

စင်ကာပူနိုင်ငံမှ ရန်ကုန်လေဆိပ်သို့ ၂၀၁၄ခုနှစ်၊ ဇန်န၀ါရီ ၁၅ ရက်က ဆိုက်ရောက်လာသည့် အပြည်ပြည် ဆိုင်ရာ မြန်မာ့လေကြောင်း MAI ခရီးစဉ်အမှတ် 8M -232 လေယာဉ်တွင် ကျပ်သိန်းပေါင်း ၃,၀၀၀ တန်ဖိုး ရှိ မိုဘိုင်းဟန်းဆက် ၆၂၅ လုံး၊ 16GB မန်မိုရီကတ် ၂၇၃ ခု၊ 8GB မန်မိုရီကတ် ၁,၀၀၀ခု၊ Blue tooth နား ကြပ် ၅၀ ခုတို့ကို စစ်ဆေးတွေ့ရှိထားသည်။
အဆိုပါ ပစ္စည်းများကို ကယ်ရီသမားဖြစ်သူ မြတ်အောင်ခိုင်မှ ခရီးဆောင်အိတ်များ၊ စက္ကူပုံးများတွင် ထည့်၊၍တင်သွင်းခဲ့သည်ကို စစ်ဆေးတွေ့ရှိခဲ့သဖြင့် အထက်ပါ လူငါးဦးတို့ကို စသုံးလုံးမှ ဦးစီးအရာရှိဖြစ်သူ ဦးစိုး လွင်က တရားလိုပြုလုပ်တိုင်တန်းထားခြင်း ဖြစ်သည်။

ယင်းတိုင်တန်းမှုကို ရဲစခန်းက (ပ) ၁၈၈/၂၀၁၄ဖြင့် အမှုဖွင့်ပြီး ပို့ကုန်/သွင်းကုန် ဥပဒေပုဒ်မ ၈/၁၀ ဖြင့် အရေးယူရန် တရားလိုဖြစ်သူ ဦးစိုးလွင်ကပင် စစ်ဆေးဆောင်ရွက်နေသည်ဟု သတင်းထုတ်ပြန်ထားခြင်း ဖြစ်သည်။

အဆိုပါကိစ္စဖြင့်ပတ်သက်၍ MAI လေကြောင်းလိုင်းမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဒေါ်အေးမရသာက “ဒီကိစ္စဖြစ်ခဲ့တာတော့ ဟုတ်ပါတယ်။ အဓိကတော့ ဟိုဘက်က သွင်းလာတဲ့အချိန်မှာ တာဝန်ကျနေတဲ့ လေကြောင်းဝန်ထမ်းတွေကို ထိတာပါ။ ဒီ ကိစ္စဖြစ်ဖြစ်ချင်းမှာပဲ ကျွန်မတို့လေကြောင်းလိုင်း ၀န်ထမ်းတွေ ကို ခေါ်ယူစစ်ဆေးမှုတွေ လုပ်နေတာပါ”ဟု ဆိုခဲ့သည်။
ထို့ပြင် MAI လေကြောင်းလိုင်းအနေဖြင့် ယင်းတို့လေကြောင်းလိုင်းကို အသုံးပြု၍ တရားမ၀င်ပစ္စည်းများ တင်သွင်းနိုင်ခြင်း မရှိစေရန် လေကြောင်းလိုင်းဝန်ထမ်းများကို သင်တန်းပို့ချမှုများ ပြုလုပ်သွားမည်ဟု ဆိုခဲ့သည်။

Mizzima

No comments:

Post a Comment